ဒီနေ့မှာ သမ္မတထရမ့်က Project Freedom ကို စတင်လိုက်ကြောင်း ကြေငြာသွားပါတယ်။ အဆိုပါ ပရောဂျက်က ဟော်မုဇ်မှာ ပိတ်မိနေတဲ့ သင်္ဘောတွေ ဘေးကင်းရန်ကင်းထွက်ခွာနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေက အမေရိကန်ဆီကို အကူအညီ တောင်းလာကြတာကြောင့် အမေရိကန်တပ်တွေက သူတို့ ဖြတ်သန်းနိုင်အောင် ကူညီပေးမယ့်လုပ်ငန်းစဥ် ဖြစ်ပါတယ်။ ဒေသစံချိန် မနက်ဖြန် မနက် စမှာပါ။ အဆိုပါနိုင်ငံတွေဟာ အရှေ့အလယ်ပိုင်းပဋိပက္ခနဲ့ လုံးဝမသက်ဆိုင်တဲ့အတွက် အီရန်၊ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ကောင်းဖို့အတွက် လူသားချင်း စာနာထောက်ထားမှုကို ရှေ့ရှုပြီး ယခုလို ကူညီဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
သမ္မတထရမ့်က အခုလို လူသားချင်းစာနာလို့ ကူညီပေးတဲ့ လုပ်ငန်းစဥ်ကို နှောက်ယှက်ခဲ့ရင် အင်နဲ့အားနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။ အဆိုပါနိုင်ငံတွေက ဟော်မုဇ်က သင်္ဘောတွေ ထွက်ခွာပြီးရင် ဒီဒေသ လုံခြုံစိတ်ချရတဲ့အထိ ပြန်မလာကြဘူးလို့လည်း သိရပါတယ်။ သင်္ဘောအများစုက ဟော်မုဇ်မှာ ပိတ်မိနေတာ ၂လကျော်ပြီဖြစ်လို့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ရေချို ရှားပါးလာကြပြီ ဖြစ်ပါတယ်။
တကယ်တော့ အဲဒီလို ပိတ်မိနေတဲ့ထဲမှာ တရုတ်သင်္ဘောတွေလည်း ပါပါတယ်။ သူတို့လည်း ရေချိုရှားလို့ ရေမချိုးနိုင်ကြသလို အစားအစာကအစ ချိုးခြံနေရတယ်လို့ သိရပါတယ်။ တရုတ်ကို အီရန်က ပေးဖြတ်မယ်ဆိုပေမယ့် အမေရိကန်မျက်စေ့စပါးမွှေးစူးမှာစိုးတာနဲ့ ကျန်နေရပုံပါပဲ။ အခုပရောဂျက်မှာ တရုတ်က ပဋိပက္ခနဲ့ လုံးဝမသက်ဆိုင်တာလည်းမဟုတ်၊ အကူအညီတောင်းပုံလည်း မရလို့ တရုတ်သင်္ဘောတွေ ပါမယ့်ပုံ မပေါ်ပါဘူး။
ပရောဂျက်ဖရီးဒမ်းမကြေငြာမီမှာ အီရန်က သူတို့ရဲ့ စပိဘုတ် ၄၀လောက် ဟော်မုဇ်မှာ လွန်းထိုးသွားလာပြီး ပိတ်မိနေတဲ့ ကုန်သင်္ဘောတွေကို အနှောက်အယှက်ပေးနေတယ်လို့ သတင်းထွက်နေပါတယ်။ UK Maritime Trade Operations Center ရဲ့ ထုတ်ပြန်ချက်အရ အီရန် Sirik ဆိပ်ကမ်းနားက ကမ်းလွန် ၁၁မိုင်မှာ မြောက်ဖက်ကို ဦးတည်သွားနေတဲ့ ကုန်သင်္ဘောကြီးဟာ နေခင်းကြောင်တောင်မှာ စပိဘုတ်လေးတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါက အမေရိကန်တပ်တွေက ပိတ်ဆို့ထားတဲ့အပေါ် ဒေါသထွက်နေတဲ့ IRGC က ဆိုမာလီပင်လယ်ဓါးပြ တွေလို လုပ်နေတာဖြစ်ပါတယ်။ ပိုဆိုးတာက ပင်လယ်ဓါးပြတွေက လူဆိုးအဖွဲ့တွေက လုပ်ကြတာ ဖြစ်ပြီး IRGC က အစိုးရကိုယ်တိုင်က လုပ်ခိုင်းတာဖြစ်လို့ ဆုံးရှုံးမှု ပိုကြီးနိုင်ပါတယ်။ အခုလို နှောက်ယှက်နေတာဟာ စွမ်းအင်ဈေးနှုန်းတွေကို တက်စေသလို ကမ္ဘာ့ကုန်စည်စီးဆင်းမှုကိုလည်း အနှောက်အယှက် ဖြစ်စေပါတယ်။
ပေါက်ကြားလာတဲ့ အီရန်က နောက်ဆုံးပေးပို့ထားတဲ့ အဆိုပြုချက်တွေကို Al Jazeera က အခုလို တင်ထားပါတယ်။
ပထမဆင့်
- ဒေသတခုလုံးအတွက် စစ်ကို ရက် ၃၀အတွင်း လုံးဝ အဆုံးသတ်ရန်။
- စစ်ပြန်မစတာ သေချာဖို့အတွက် နိုင်ငံတကာမူဘောင်တရပ် ချမှတ်ရန်။
- အီရန်-အမေရိကန် နှစ်ဦးနှစ်ဖက် အပြန်အလှန် ကျူးကျော်ရန်လိုမှု မပြုရေးစာချုပ် ချုပ်ဆိုရန်။
- အဆိုပါစာချုပ်မှာ အီရန်ရဲ့ ဒေသတွင်းမဟာမိတ်တွေနဲ့ အစ္စရေးတို့ပါ ပါဝင်စေရန်။
- ဟော်မုဇ်ကို တဖြည်းဖြည်းချင်း ပြန်ဖွင့်ရန်နဲ့ အီရန်က အမေရိကန်အကူအညီနဲ့ဖြစ်ဖြစ် မိုင်းရှင်းရန်။
- ဟော်မုဇ်ပြန်ဖွင့်တာနဲ့အညီ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာကို ဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးရန်။
- အီရန်တဝိုက်မှ အမေရိကန်တပ်တွေ ရုပ်သိမ်းပေးပြီး စစ်အင်အားတည်ဆောက်နေခြင်းကို ရပ်တံ့ရန်။
ဒုတိယအဆင့်
- အီရန်ရဲ့ ယူရေနီယံသန့်စင်မှုကို ၁၅နှစ်အထိ ဖြစ်ဖြစ် ရပ်တံ့ထားရန်။
- ၁၅နှစ်နောက်ပိုင်းမှာ အီရန်က ယူရေနီယံသန့်စင်မှုကို ၃.၆% ထိ ပြန်ပြုလုပ်ရန်၊ သိုလှောင်မှု လုံးဝ မပြုရန်။
- နျူအခြေခံအဆောက်အဦကို လုံးဝဖျက်ဆီးမပစ်ရန်။
- အီရန်ရဲ့ ယူရေနီယံတွေကို နိုင်ငံခြားပို့ (သို့) ဖျောပစ် စတဲ့ ရွေးချယ်စရာများ ရှာဖွေရန်။
- နျူကိစ္စ ဆောင်ရွက်မှုများအပေါ် ဆန်ရှင်ဖယ်ပေးမယ့် ရှင်းလင်းတဲ့ စနစ်တရပ် ချမှတ်ရန်။
- ဆန်ရှင်တွေ ဖယ်ရှားရာမှာ လက်ရှိထိန်းချုပ် (frozen funds)ထားတဲ့ ငွေကြေးတွေပါ ပါဝင်ရန်။
အီရန်အင်တာနေရှင်နယ်မှာတော့ တတိယဆင့်ကိုပါ ဖော်ပြထားပါတယ်။ အဲဒီအဆင့်မှာ အီရန်က အိမ်နီးချင်း အာရပ်နိုင်ငံတွေနဲ့ ဗျူဟာမြောက်ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အရှေ့အလယ်ပိုင်းတခုလုံး ပါဝင်တဲ့ ဒေသတွင်း လုံခြုံရေးစနစ်တခု ထူထောင်ဖို့ အဆိုပြုထားပါတယ်။
အီရန်ဘက်ကတော့ သူတို့ဘက်က အကြီးအကျယ် ပြောင်းလဲပေးထားတာပါတဲ့။ ဝေဖန်သူတွေကတော့ ဘယ်တုန်းကမှ မယုံရတဲ့ သူတို့ရဲ့ ကတိကဝတ်တွေအပေါ် သံသယ ဖြစ်ဆဲပါပဲ။ ထရမ့်အစိုးရရဲ့ maximum pressure campaign ကြောင့် မိနစ်တိုင်း စက္ကန့်တိုင်းမှာ ဖိအားတွေ တိုးလာနေတဲ့ အီရန်အစိုးရမှာ ရွေးစရာလမ်းမရှိတော့ပါဘူး။ သူတို့ proxy တွေလည်း အတော် အထိနာ နေပါပြီ၊ သူတို့စီးပွားရေးလည်း အသက်ငင်နေပါတယ်။ နျူအိပ်မက်ကလည်း သေနတ်ပြောင်းဝ အောက်မှာ မလှုပ်နိုင်တော့ပါဘူး။ ဒါတောင် နျူကို ၃.၆% အထိ လုပ်ချင်နေပါသေးတယ်။ ဒါက အရပ်သားတွေ သုံးတဲ့အဆင့်ဖြစ်ပေမယ့် အဲဒီမှာရပ်မယ်လို့ ဘယ်သူက အာမခံပါမလဲ။ အစ္စရေးက မင်းတို့ အရပ်သားသုံးဖို့ဆိုရင် ငါတို့အလကားပေးမယ်၊ မင်းတို့ဆီမှာတော့ မထုတ်နဲ့လို့ ပြောနေခဲ့တုန်းက ခါးခါးသီးသီး သဘောမတူခဲ့ဘူးလေ။ နျူစက်ရုံတွေကိုလည်း မဖျက်ပါနဲ့ဆိုတော့ တကယ်တမ်း ဘာလုပ်ချင်တာလဲဆိုတာ ရှင်းမနေဘူးလား။
အစ္စရေးက ဂါဇာမှာ အသက်တွေရင်းပြီး ရလာတဲ့ အတွေ့အကြုံတွေနဲ့ လက်ဘနွန်က ဟဇ်ဘိုလာခြေကုပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်တွေရဲ့ အခြေခံအဆောက်အဦကို ဘာမှ မကျန်အောင် ဖျက်ဆီးခဲ့ပါတယ်။ အစ္စရေးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အရာတွေကို ဖယ်ရှားပစ်ပြီး စစ်မှန်တဲ့ လုံခြုံရေးရဖို့ ကြားခံဇုန်တခု တည်ဆောက်ဖို့ ပြင်ဆင်ထားပါပြီ။ လက်ဘနွန်တောင်ပိုင်းက ရွာ ၆၈ရွာကို သိမ်းပိုက်ထိန်းချုပ်ထားတာ အဲဒီကြားခံဇုန်လုပ်ဖို့ ဖြစ်နိုင်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် အစ္စရေးပြည်သူတွေကို အဆုံးမရှိပစ်ခတ်နေတဲ့ ဒုံးကျည်တွေရန်က ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒါက သံတမန်နည်းလမ်းနဲ့ နှစ်ပေါင်းများစွာကြိုးစားလို့ မဖြစ်နိုင်ခဲ့တာကို အင်အားနဲ့လုပ်တော့ ၂လအတွင်း ဖြစ်လာတာတွေပါ။
အီရန်ကို ပိတ်ဆို့ထားတဲ့ အမေရိကန်ရေတပ်က ခုထိ သင်္ဘော ၄၉စီးကို ပြန်လှည့်ခိုင်းထားပြီး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရေနံထုတ်လုပ်မှုက တနေ့ကို စည် ၁၃.၆သန်း ထုတ်လုပ်နေပြီဖြစ်ပါတယ်။ နယူးမက္ကဆီကိုပြည်နယ်နဲ့ တက္ကဆက်စ်နယ်စပ်က Permian Basin တခုထည်းကတင် တနေ့ကို စည် ၆.၆သန်း ထုတ်လုပ်နိုင်နေပြီဖြစ်တဲ့အတွက် ဆော်ဒီကလွဲလို့ ကျန်အိုပက်နိုင်ငံတွေထက် ပိုပြီး ထုတ်လုပ်မှုသာလွန်နေတာ ဖြစ်ပါတယ်။