Operation Epic Fury (66)

ဒီနေ့မှာ IRGC က UAE က Fujairah ရေနံချက်စက်ရုံကို ပဲ့ထိန်းဒုံး၊ ခရုဇ်ဒုံးနဲ့ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့လို့ လေ/ကာစနစ်က ဖျက်ချခဲ့ရတယ်လို့ ဆိုပါတယ်။ အစ္စရေးလာကူပေးနေတဲ့ iron dome လေ/ကာ စနစ်က ဒုံးကျည် ၁၅ခုနဲ့ ဒရုန်း ၄ခုကို ပစ်ချခဲ့ရတာပါ။ ပစ်ချလိုက်တဲ့ အပိုင်းအစတွေက စက်ရုံမှာ မီးပွားတွေ ဖြစ်စေခဲ့လို့ အလျင်အမြန် ငြိမ်းသတ်ခဲ့ရပြီး အိန္ဒိယသား ၃ဦး ဒဏ်ရာအသင့်အတင့် ရရှိသွားခဲ့ပါတယ်။ တိုင်းပြည်ကို ပစ်မှတ်ထားတာ ထင်ရှားနေတဲ့အတွက် ကျောင်းတွေကို အွန်လိုင်းကို ပြောင်းထားလိုက်ရပါတယ်။ နောက်သတင်းတခုမှာတော့ ယူအေအီးက လူနေအဆောက်အဦတခု ဒရုန်းထိသွားတယ်လို့ ဆိုပါတယ်။

အီရန်သမ္မတက IRGC က တိတ်တိတ်လေး UAE ကို သွားတိုက်တဲ့အပေါ် ဒေါသထွက်နေတယ်လို့ သတင်းထွက်နေပါတယ်။ ပြည်သူရွေးထားတာပေမယ့် လက်နက်မရှိတော့ သူ့အသံက အရာမရောက်သလိုပါပဲ။အီရန်စစ်ဘက်အရာရှိကြီးတဦးကလည်း “အီရန်မှာ UAE ကိုတိုက်ဖို့ အစီအစဥ် မရှိပါဘူး”တဲ့။ Tasnim သတင်းဌာနကတော့ နောက်စစ်ဘက်အရာရှိတဦးရဲ့ “UAE က အီရန်ကို ဆန့်ကျင်ပြီးလုပ်တာ ဉာဏ်နည်းရာကျကြောင်းနဲ့ UAE အကျိုးစီးပွားတွေဟာ ပစ်မှတ်တွေ ဖြစ်လာနိုင်တယ်”ဆိုတဲ့အပြောကို ကိုးကားတင်ပြသွားပါတယ်။ ရိုက်တာကကိုးကားသူ Ali Abdollahi, the Head of the Forces’ Unified Command ဆိုသူက နိုင်ငံခြားတပ်တွေ, အထူးသဖြင့် အတင့်ရဲတဲ့ အမေရိကန်တပ်ကို သတိပေးလိုက်မယ်၊ သူတို့ ဟော်မုဇ်ရေလက်ကြားကို ချဥ်းကပ်/ ဝင်လာဖို့ ရည်ရွယ်ရင် ပစ်ခတ်ခံရမယ်လို့ ဆိုပါတယ်။

အီရန်က ဟော်မုဇ်ကို ဖြတ်သန်းလာတဲ့ ယူအေအီးရေနံတင်သင်္ဘောအလွတ်တစီးကို ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့သလို ပနားမားအလံတင် တောင်ကိုရီးယားသင်္ဘောမှာ အင်ဂျင်ခန်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတွက် တ/ကိုရီးယားက စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ သမ္မတထရမ့်ကတော့ အီရန် လုပ်တာပါလို့ ဆိုထားပြီး တ/ကိုရီးယားကို သင်္ဘောတွေလုံခြုံရေးပေးရာမှာ လာပူးပေါင်းဖို့ တိုက်တွန်းသွားပါတယ်။ အခုလို အီရန်ရဲ့ တိုက်ခိုက်မှုအပေါ် ဆော်ဒီ၊ ကာတာ၊ ကူဝိတ်၊ ဘာရိန်းနဲ့ ဂျော်ဒန်တို့က ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဂျာမဏီ၊ ယူကေနဲ့ ကနေဒါတို့က အီရန်ကို ဆွေးနွေးတဲ့ဘက် ပြန်လှည့်ဖို့ တိုက်တွန်းနေကြပါတယ်။

သတင်းတခုမှာ အီရန်က အမေရိကန်ရေတပ်သင်္ဘောဟာ အကြိမ်ကြိမ်သတိပေးနေတာကို မနာခံတဲ့အတွက် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရတယ်လို့ ထုံးစံအတိုင်း ပြောနေပြန်ပါတယ်။ သူတို့က မပစ်ခင် သတိပေးတာမျိုး ဘယ်တုန်းက ရှိခဲ့လို့ပါလိမ့်။ CENTCOM ကတော့ ဘယ်အမေရိကန် သင်္ဘော/ စစ်သင်္ဘောမှ အပစ်မခံရပါဘူးလို့ ရှင်းသွားပါတယ်။ သမ္မတထရမ့်က စစ်ရေးဝန်ကြီးနဲ့ တပ်ပေါင်းချုပ်ဥက္ကဋ္ဌတို့ မနက်ဖြန်မနက်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးမှာဖြစ်ကြောင်းနဲ့ အမေရိကန်သင်္ဘော တွေကို တိုက်ခိုက်ခဲ့ရင် ဒီကမ္ဘာမြေပေါ်ကနေ ပျောက်ထွက်သွားအောင် လုပ်ပစ်လိုက်မယ်လို့ ပြောထားပါတယ်။ Project Freedom အတွက် လေယာဥ်/ရဟတ်ယာဥ် ၁ရာကျော်နဲ့ တပ်အင်အား ၁သောင်းခွဲခန့် အဆင်သင့်ရှိနေပါတယ်။

ဟော်မုဇ်မှာ နှောက်ယှက်နေတဲ့ IRGC ရဲ့ စပိဘုတ် ၇စီးကို Apache နဲ့ Sea Hawk ရဟတ်ယာဥ်တွေက ရှင်းလင်း/ဟန့်တားခဲ့ရပါတယ်။ အရင်က စပိဘုတ်အစီး ၂၀-၄၀လောက်အထိ အုပ်စုလိုက် ထွက်ထွက်လာတာကနေ ဒီနေ့တော့ ၇စီးပဲ ထွက်လာခဲ့တာပါ။ စပိဘုတ်တစီးကို စစ်သား ၅ယောက်လောက်နဲ့ စက်သေနတ်လောက်ပဲ ရှိသူတွေက ခါချဥ်ကောင်မာန်ကြီးပြီး ကမ္ဘာ့အကြီးဆုံး လေယာဥ်တင်သင်္ဘောအုပ်စုကြီးတွေကို ယှဥ်ဖို့ ထွက်လာရင် အဲဒါ ဆူဆိုက်မစ်ရှင်ပဲ ဖြစ်ပါလိမ့်မယ်။

ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောပေါင်း ထောင်ချီပိတ်မိနေပြီး ပရောဂျက်ဖရီးဒမ်းစတင်တဲ့ ဒီကနေ့မှာ အမေရိကန်အလံတင် ကုန်သင်္ဘောနှစ်စီးကို ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အီရန်မှာက လေတပ် ရေတပ် လေကာစနစ်တွေ မရှိတော့ပေမယ့် တရုတ်လုပ် ကမ်းရိုးတန်းသုံး သင်္ဘောပစ်ဒုံးတွေ ရှိနေနိုင်သေးတဲ့အတွက် မိုက်မိုက်မဲမဲနဲ့ ပစ်လာခဲ့ရင် အမေရိကန်နဲ့ အစ္စရေးက စစ်ပြန်စရုံပဲ ရှိတော့တာပါ။ စီးပွားရေးအရ အသက်ငင်နေချိန်မှာ စစ်လည်းတိုက်ရဆိုရင် ကောင်းနိုင်ပါ့မလား။ တချို့ကတော့ အီရန်ဟာ ဘက်ပေါင်းစုံက အကြပ်ရိုက်နေလို့ မျှော်လင့်ချက်မဲ့ပြီး ကြောက်ကန်ကန်တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

အရင်က ယူအေအီးက သူတို့ကို အီရန်က ထပ်မံတိုက်ခိုက်လာရင် လက်တုန့်ပြန်မယ်လို့ ပြောထားဖူးပါတယ်။ ယူအေအီးက နိုင်ငံသေးပေမယ့် အမေရိကန်တိုက်လေယာဥ်တွေနဲ့ အားဖြည့်ထားတဲ့အတွက် အီရန်ကို တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ သူတို့တိုက်လေယာဥ်တွေ ဘေးကင်းချင်ရင်တော့ အမေရိကန်ဖျက်သင်္ဘောတွေက ကူညီပေးမှ ရမှာပါ။ ဆော်ဒီကတော့ စစ်ပြန်စမှာကို လိုလားပုံမရပါဘူး၊ တင်းမာမှုတွေ လျော့ချဖို့၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ သံတမန်ရေးနဲ့ အဖြေရှာကြဖို့ တိုက်တွန်းနေပါတယ်။

အီရန်ပြည်တွင်းမှာတော့ အခြေခံဆေးဈေးတွေက ညတွင်းချင်း ၃ဆတက်သွားခဲ့ပါပြီ။ ရောဂါရှိလို့ ဆေးနဲ့ အသက်ဆက်နေရသူတွေအတွက် စိတ်မကောင်းစရာပါပဲ။ အီရန်က ရေနံရောင်းရတဲ့ ပိုက်ဆံတွေ၊ အိုဘမတို့ ဘိုင်ဒန်တို့ ပေးသွားတဲ့ ပိုက်ဆံတွေကို နျူအတွက်နဲ့ proxy တွေအတွက်ပဲ သုံးခဲ့တာဖြစ်ပြီး စီးပွားရေးနားမလည်သူတွေ တက်အုပ်ချုပ်နေတော့ ငွေလိုတိုင်း ရိုက်ထုတ်နေတာနဲ့ ငွေဖောင်းပွမှုက ကြောက်ခမန်းလိလိ ဖြစ်နေတာပါ။ IRGC က နျူ၊ ဒုံးကျည်နဲ့ proxy တွေအတွက် ဘီလီယံနဲ့ချီသုံးဖို့ မနှမြောပေမယ့် ဆေးဆိုင်တွေမှာ ဆေးမရှိတာ၊ ပြည်သူ့ဆီက ခံစားခွင့်တွေကို ဖြတ်နေတာဖြစ်လို့ နိုင်ငံပိုင်တီဗီကတောင် အစိုးရကို မေးခွန်းထုတ် နေပါပြီ။ ပြည်သူတွေ့ တနေ့တနပ်ပဲ စားရင်တောင် ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

Leave a comment