Operation Epic Fury (67)

ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ရေးဝန်ကြီး ဟက်ဆက်သ်က အမေရိကန်တပ်တွေက ဟော်မုဇ်မှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို လမ်းပြကယ်ထုတ်တဲ့ လုပ်ငန်းစဥ်ဟာ ပြဿနာကို  ယာယီ ဖြေရှင်းတာဖြစ်ကြောင်း၊ အီရန်က ဘာမှမဆိုင်တဲ့ နိုင်ငံတွေကို နိုင်ငံတကာရေပိုင်နက်ထဲမှာ ပိတ်ဆို့တာမျိုး ပြုလုပ်နေတာ ခွင့်မပြုနိုင်ကြောင်း၊​ ပရောဂျက်ဖရီးဒမ်းစခဲ့တဲ့ မနေ့တုန်းက အီရန်ဘက်က ယူအေအီးကို ပစ်ခတ်တာနဲ့ ယူအေအီးနဲ့ တောင်ကိုးရီးယား သင်္ဘောတို့ကို ပစ်ခတ်ခဲ့တာတွေဟာ အပစ်ရပ်သဘောတူညီချက်မှာ မပါတဲ့အတွက် အပစ်ရပ်ကာလ ပြီးသွားပြီလို့ မဆိုနိုင်သလို အမေရိကန်အနေနဲ့ လက်တုန့်ပြန် စစ်ပြန်စဖို့ လုံလောက်တဲ့အကြောင်း မဟုတ်သေးဘူးလို့ စစ်ရေးဝန်ကြီးက ဆိုပါတယ်။

မာကိုက အီရန်နဲ့ ပတ်သက်ပြီး လောလောဆယ်မှာ အမေရိကန်က ကိုယ့်ကို ပစ်ခတ်လာရင် ပြန်ပစ်မယ် ဆိုတဲ့ ခုခံစစ်အနေအထားမျိုးပဲဖြစ်ပြီး မူလစတင်ခဲ့တဲ့ OEF က သူ့ရဲ့ မူလရည်မှန်းချက်တွေ ပြည့်မြောက်ပြီး ဖြစ်တဲ့အတွက် ပြီးသွားခဲ့ပြီလို့ ဆိုပါတယ်။ OEF ဆက်နေတယ်ဆိုရင် ဥပဒေအရ ကွန်ဂရက်စ်ရဲ့ အတည်ပြုချက်လိုလာနိုင်တာကြောင့် အခုလို တဖြတ်ဖြတ်ထားတာ ဖြစ်နိုင်ပါတယ်။ လက်ရှိကျင့်သုံးနေတာက Economic Fury နဲ့ စီးပွားရေးဖိအားပေးနေတာဖြစ်ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲတွေပြီးပြီး နာရီအနည်းငယ်အကြာမှာ သမ္မတထရမ့်က ပါကစ္စတန်နဲ့ အခြားနိုင်ငံတွေရဲ့ တောင်းဆိုမှုကြောင့်ရော၊ စစ်ရေးအရ ကြီးမားသော အောင်မြင်မှု ရခဲ့ပြီး ဖြစ်တာကြောင့်ရော၊ ပြီးပြည့်စုံတဲ့ နောက်ဆုံးသဘောတူညီချက်ရဖို့ တိုးတက်မှုရှိတာရောကြောင့် အီရန်ဆိပ်ကမ်းတွေကို ဆက်လက်ပိတ်ဆို့ထားဦးမှာဖြစ်ပေမယ့် ပရောဂျက်ဖရီးဒမ်းနဲ့ ပိတ်မိနေတဲ့ သင်္ဘောတွေ ကယ်ထုတ်ရေးအစီအစဥ်ကို သဘောတူညီချက်ကို အဆုံးသတ်လက်မှတ်ထိုးနိုင်မလား စောင့်ကြည့်ဖို့ ခေတ္တရပ်တံ့ထားဦးမှာဖြစ်ကြောင်း ကြေငြာသွားပါတယ်။

မာကိုပြောသွားတဲ့ထဲမှာ အီရန်ဟာ လုံးဝအကာအကွယ်မဲ့နေပြီး ခြင်းထဲကကြက် sitting duck လိုဖြစ်နေကြောင်း၊ အထီးကျန်၊ အကာအကွယ်မဲ့ပြီး လှေသမား အနည်းဆုံး ၁၀ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း၊​ သောင်းချီတဲ့ ဆန္ဒပြပြည်သူတွေကို သတ်ခဲ့သလိုပဲ သူတို့ကို (စပိဘုတ်တွေနဲ့) လွှတ်လိုက်တာက ဓါးစာခံလို အသေခံခိုင်းတာပဲ ဖြစ်ကြောင်း၊ သူတို့က ကုန်သင်္ဘောတွေက သင်္ဘောဝန်ထမ်းတွေကို ပင်လယ်ထဲမှာ သောင်တင်နေစေတာဟာ ရာဇဝတ်ပြစ်မှုတင်မကပဲ သွေးရူးသွေးတန်းနဲ့ ဖျက်လိုဖျက်ဆီးလုပ်မိတဲ့သဘောဖြစ်ကြောင်း၊ အီရန်မှာ ရွေးစရာ ၂ခုရှိကြောင်း၊​ တခုက နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့၊ ကမ္ဘာကြီးကို အန္တရာယ် မဖြစ်အောင် တည်တည်ငြိမ်ငြိမ် နေသွားဖို့ဖြစ်ကြောင်း၊ နောက်တခုက အခုလိုပဲ အထီးကျန်မှုကြီးထွားလာပြီး စီးပွားရေး ပြိုလဲကာ ဘယ်လိုမှ နာလံပြန်မထနိုင်တဲ့ အရှုံးကိုသွားဖို့ဖြစ်ကြောင်းတို့ ပါဝင်ပါတယ်။

နောက်တချက် မာကိုပြောသွားတာက အီရန်က နိုင်ငံတကာ ရေပိုင်နက်ပေါ် ခွထိုင်၊ မိုင်းတွေချပြီး အခုလို အကြပ်ကိုင် ငွေညှစ်နေတာဟာ လုံးဝ မဖြစ်သင့်သလို လုံးဝလည်း လက်မခံသင့်ကြောင်း၊ တားဆီးနိုင်တဲ့ နိုင်ငံတွေ အနေနဲ့ လက်ပိုက်ကြည့်နေကြရင် ဒါက နယူးနော်မယ်လ် ဖြစ်လာပြီး သူများတွေကပါ လိုက်လုပ်ကြမယ်ဆိုရင် ကမ္ဘာကြီးအတွက် ကောင်းမှာမဟုတ်ကြောင်း၊ အဲဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ပိုက်ကြည့်မနေသင့်ကြောင်း၊

ဒီကိစ္စကို UN ကိုတင်ပြမှာ ဖြစ်ကြောင်း၊ UN ကို ဖွဲ့စည်းထားတာကိုက အခုလိုနိုင်ငံတကာ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ဖြစ်ကြောင်း၊ အီရန်က နိုင်ငံတကာရေပိုင်နက်မှာ ဖြတ်သွားတဲ့သင်္ဘောတွေကို ပစ်ခတ်ပြီး မိုင်းချနေကြောင်း၊ မိုင်းချတယ်ဆိုတာက act of war ဆိုတော့ စစ်ပြုတာပဲဖြစ်ကြောင်း၊

UN မှာ တင်ပြမှာက နိုင်ငံတကာတပ်တွေ လွှတ်စေချင်လို့မဟုတ်ပဲ အနည်းဆုံးအနေနဲ့ နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုနဲ့ အီရန်ကို ဖြတ်သွားတဲ့ သင်္ဘောတွေကို မပစ်ဖို့၊ မိုင်းတွေ ရှင်းပေးဖို့နဲ့ လူသားချင်း စာနာတဲ့ ကုန်စည်တွေကို စီးဆင်းခွင့်ပေးဖို့တို့ ဖြစ်ကြောင်း၊ ကုလအဖွဲ့ဝင် ရာကျော်ရှိတဲ့အထဲက ဒီ resolution ကို ဘယ်သူတွေထောက်ခံ/ ကန့်ကွက်မလဲဆိုတာ ကြည့်ရမှာဖြစ်ကြောင်း၊ တရုတ်နဲ့ ရုရှားကလည်း နိုင်ငံတကာ ရေပိုင်နက်ကို အခုလိုလုပ်နေတာ ကန့်ကွက်စရာ အကြောင်းမရှိကြောင်း၊ ဒီကိစ္စကို အမေရိကန် တနိုင်ငံတည်းက ကန့်ကွက်နေရမှာမဟုတ်ကြောင်း၊ အမေရိကန်က ဘာမှဆက်မလုပ်ခင် တခြားနိုင်ငံတွေ ပါဝင်လာဖို့ အခွင့်အရေးပေးတဲ့အနေနဲ့ UN ကို တင်မှာဖြစ်ကြောင်း ပြောသွားပါတယ်။

တောင်ကိုရီးယားက စစ်အင်အားမှာ ကမ္ဘာ့အဆင့် ၅၊ အီရန်က အရင်က ရေတပ်ရော လေတပ်ရော အပြည့်အစုံရှိနေတုန်းက ၁၆၊ အခု အီရန်မိုက်ကြေးခွဲတာ ခံနေကြရတဲ့ ဥရောပနိုင်ငံတွေက စစ်အင်အား အီရန်ထက် တောင့်သူတွေချည့်ပါ။ အဲဒါကြောင့် သမ္မတထရမ့်က ဒီဟော်မုဇ်ဖွင့်တာ မဖွင့်တာက အမေရိကန်အတွက် အရေးမကြီးဘူး၊ အရေးကြီးတဲ့နိုင်ငံတွေက အခုလိုအကြပ်ကိုင်တာ လက်မခံသင့်ဘူး၊ ရေတပ်ရော လေတပ်ရောလည်း ရှင်းထားပေးပြီးပြီ၊ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်ဖို့လာကူသင့်တယ်လို့ အကြိမ်ကြိမ် ပြောနေတာပါ။

မာကိုပြောသွားတာကို သေချာနားထောင်ရင် သမ္မတထရမ့်ရဲ့ ပရောဂျက်ဖရီးဒမ်း ခေတ္တရပ်ထားတာဟာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ ကြွက်သေတခုအရင်းပြုသလိုမျိုး အီရန်ကိစ္စ အကြောင်းပြုပြီး ယူအန်နဲ့ ကမ္ဘာ့နိုင်ငံတွေကို ဖားလား ငါးလား ထင်ရှားစေဖို့ လုပ်မယ်ဆိုတာ ပေါ်လွင်နေပါတယ်။

စိတ်မရှည်တော့လို့ မချသေးဘူးလား ဖြစ်တဲ့သူတွေလည်း အများကြီးပါ။ ပညာရှင်ဆိုသူတွေအပါပေါ့။ ဒါပေမယ့် ပိုကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေ ပြည့်ဖို့ဆိုရင် စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ OEF တောင် မစခင်က စမှစပါ့ဦးတော့မလားလို့ မချင့်မရဲတွေ ဖြစ်ခဲ့ကြတာ အကြာကြီးလိုပဲမဟုတ်လား။ သမ္မတထရမ့်ကလည်း အများမျှော်လင့်နေချိန်မှာ လုပ်လေ့မရှိတာ သတိထားမိကြမှာပါ။

နောက်တချက်ကလည်း အီရန်မှာ အခြေခံကျကျ ပြောင်းလဲမှုတွေ ဖြစ်ဖို့ဆိုရင် အတွင်းကစပြီး ပြောင်းမှပဲဖြစ်မှာပါ။ အမေရိကန်နဲ့ အစ္စရေးက အစိုးရကို ချိနဲ့အောင် လုပ်ပေးထားပြီးပြီဆိုတော့ ကျန်တာကို ပြည်သူတွေကိုယ်တိုင် ရုန်းရမှာပါ။ ဒီလိုဖြစ်ဖို့အတွက်လည်း အချိန်လိုပါတယ်။ အခြေအနေပေးပါလျက်နဲ့ ရအောင်မယူနိုင်ရင်တော့ ပျော်စရာအဆုံးသတ်လေးဖြစ်ဖို့ ခက်ဦးမှာပါ။

ဒီကြားထဲမှာ အီရန်က ဟော်မုဇ်ကို ဖြတ်သန်းမယ်လို့ ရည်ရွယ်ရင် the Persian Gulf Strait Authority က ဖြတ်သန်းသူတွေ လိုက်နာရမယ့် စည်းမျဥ်းတွေကို email ပို့မှာဖြစ်ကြောင်း၊ သူတို့စည်းမျဥ်းနဲ့အညီ သင်္ဘောတွေက လိုက်နာပြီး မဖြတ်ခင် ပါမစ်ရယူရမှာဖြစ်ကြောင်း ကြေငြာသွားပါတယ်။

Leave a comment