ဒီနေ့မှာ ပဲ့ထိန်းဒုံးကျည်တပ် Burke-class အမေရိကန်ဖျက်သင်္ဘော ၃စီးဟာ ဟော်မုဇ်ကို ဖြတ်ပြီး အိုမန်ပင်လယ်ကွေ့ ဘက်ကို ထွက်ခွာလာခဲ့ရာ အီရန်ဘက်က ဒုံးကျည်တွေ ဒရုန်းတွေနဲ့ လှမ်းပစ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ဘက်က တခုမကျန် ဖျက်ချနိုင်ခဲ့လို့ ဘာထိခိုက်မှုမှ မရခဲ့တဲ့အပြင် အီရန်ရဲ့ စပိဘုတ်တွေကိုပါ သူတို့ရဲ့ ပင်လယ်ကြမ်းပြင်က ရေတပ်ကြီးနဲ့အတူ အနားယူဖို့ လှလှပပလေး ပို့ပေးလိုက်နိုင်ခဲ့ပါတယ်။
ပုံမှန်နိုင်ငံဆိုရင် ဒီဖျက်သင်္ဘောတွေ ဖြတ်သန်းလာတာကို ဘာမှ ခွင့်မပြုစရာ မရှိပေမယ့် အီရန်ကတော့ ပုံမှန်မဟုတ်ပဲ အရူးအနှမ်းတွေက ဦးဆောင်နေတာဖြစ်လို့ အခုလို ပစ်ခတ်တာဖြစ်ကြောင်း၊ တကယ်လို့ သူတို့မှာ နျူလက်နက်ရှိခဲ့ရင် သုံးမှာသေချာကြောင်း၊ မေးနေစရာကို မလိုကြောင်း၊ ဒါပေမယ့် သူတို့နျူဘယ်တော့မှ ပိုင်ဆိုင်ခွင့်ရတော့မှာ မဟုတ်ကြောင်း၊ ငါတို့ ဒီနေ့သူတို့ကို အပြတ်ဆော်ထဲ့လိုက်သလိုပဲ သူတို့သဘောတူညီချက်စာချုပ်ကို မြန်မြန် လက်မှတ်မထိုးရင် ဒီထက် ပြင်းပြင်းထန်ထန် ဆော်ဦးမှာဖြစ်ကြောင်း၊ သမ္မတထရမ့်က ထရုသ်ဆိုရှယ်မှာ ရေးသွားပါတယ်။ အဆိုပါဖျက်သင်္ဘော ၃စီးကတော့ အိုမန်ပင်လယ်ကွေ့မှာ အီရန်ကို ပိတ်ဆို့ထားတဲ့ သင်္ဘောတွေနဲ့ ပြန်သွားပေါင်းတော့မှာ ဖြစ်ပါတယ်။
အမေရိကန်ဘက်ကလည်း အီရန်ရဲ့ Qeshm ဆိပ်ကမ်းနဲ့ ဟော်မုဇ်မှာရှိတဲ့ Bandar Abbas ဆိပ်ကမ်း တို့ကို ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုမှာ ဘန်ဒါအာဘက်စ်ရဲ့ အရှေ့ဖက် မိုင် ၂၀ခန့်ဝေးတဲ့ Minab မှာရှိတဲ့ Bandar Kargan မှာရှိတဲ့ ရေတပ်စစ်ဆေးရေးဂိတ်ပါ တိုက်ခိုက်ခံခဲ့ရပါတယ်။ အီရန်က ဟော်မုဇ်ကိုဖြတ်တဲ့ သင်္ဘောတွေကို အီရန်ဘက်ကမ်းနဲ့ နီးတဲ့ Qeshm ဆိပ်ကမ်းရှိတဲ့ Qeshm ကျွန်းနဲ့ Larak ကျွန်းတို့ကြားကနေ ဖြတ်သွားစေပြီး ဖြတ်သန်းခ ကောက်တာဖြစ်တဲ့အတွက် အဲဒီနေရာတွေကို ပစ်မှတ်ထားတာဟာ ရေကြောင်းသွားလာမှုကို ဒုက္ခပေးနေတဲ့ အပိုင်းတွေကို ကနဦးရှင်းပစ်လိုက်တာ ဖြစ်နိုင်ပါတယ်။ အမေရိကန်စစ်ဖက်က အကြီးတန်းအရာရှိကြီးတဦးကတော့ ဒါဟာ စစ်ပြန်စတာ မဟုတ်ကြောင်းနဲ့ အပစ်အခတ် ရပ်စဲတာကို အဆုံးသတ်လိုက်တာမဟုတ်ကြောင်း ဖောက်စ်နယူးစ်ကို ပြောကြားသွားပါတယ်။
ယခုလိုအခြေအနေမှာ အမေရိကန်နဲ့ အီရန်ကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးတာမျိုး ရှိဦးမှာ မဟုတ်ပါဘူး။ အီရန်က Qeshm ကျွန်းက Bahman Pier တိုက်ခိုက်မှုဟာ UAE ကလုပ်တာပါလို့ စွပ်စွဲထားပြီး အစ္စရေးရဲ့ လက်ကိုင်ဒုတ်အနေနဲ့ ပြုမူနေတဲ့အတွက် UAE တိုက်တာ သေချာတယ်လို့ တွေ့ရှိရင် ပြန်ပေးဆပ်ရလိမ့်မယ်လို့ ကြိမ်းသွားပါတယ်။
ကုန်သင်္ဘောတွေအပေါ် အီရန်ရဲ့ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုတွေကို ရပ်တံ့စေဖို့နဲ့ ဟော်မုဇ် ရေလက်ကြားမှာ မိုင်းတွေချနေတာကို ရပ်တံ့စေဖို့ အမေရိကန်က ကုလလုံခြုံရေးကောင်စီကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် ၂၈၁၇မူကြမ်းအပေါ် သံတမန်တွေက တရုတ်နဲ့ ရုရှားက ဗီတိုလုပ်လိမ့်မယ်လို့ပဲ မှန်းဆနေကြပါတယ်။ အခုလို သုံးမရတဲ့အဖွဲ့ကြီးကို လာတိုက်တွန်းတာဟာ အားကိုးလို့မဟုတ်တာ စဥ်းစားတတ်တဲ့သူတိုင်း သိကြပါလိမ့်မယ်။
အမေရိကန်က အီရန်ကို ပိတ်ဆို့ထားတာရော အီရန်က ဟော်မုဇ်ကို ပိတ်ထားတာရောကြောင့် တရုပ် ၂ခါနာပါတယ်။ ဈေးချိုတဲ့ပို့ကုန်အပေါ် အားထားနေရတဲ့ စီးပွားရေးဖြစ်တဲ့အပြင် အမေရိကန်ရဲ့ ကုန်သွယ်ခွန်ကြောင့် ဈေးကွက်ကျဥ်းလာတဲ့ တရုပ်ဟာ အရှေ့အလယ်ပိုင်းဈေးကွက်ကိုပါ ကုန်ပို့လို့ မရတော့သလို ဆီဈေးတက်တာ ရှားတာကြောင့်လည်း ထုတ်လုပ်မှုစားရိတ် တက်နေတာ ဖြစ်ပါတယ်။ ဒီလို သူ့အတွက် ဘယ်လိုမှ အကျိုးမရှိတဲ့အနေအထားမှာ ဒီကုလဆုံးဖြတ်ချက်ကို ဗီတိုမယ်ဆိုရင် အမေရိကန်က သတိပေးထားတဲ့ အီရန်ကို ဝင်မကူနဲ့ဆိုတာရယ်၊ သူတို့ကလည်း မကူပါဘူးလို့ တုန့်ပြန်ထားတာရယ်နဲ့ ကွဲလွဲနေတာ ထင်ရှားလာပါလိမ့်မယ်။ ယူအန် သုံးမရတာကိုလည်း ထပ်မံပြီး ထင်ရှားစေပါလိမ့်မယ်။ ဒီလိုတင်တာဟာ လာမယ့်အပတ် သမ္မတထရမ့် တရုပ်ပြည်သွားမှာနဲ့ ကပ်နေတော့ တရုပ်က ဘယ်လိုတုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။
ရုရှားကလည်း ယူကရိန်းနဲ့စစ်ပြီးအောင် ကူညီပေးရင် ဒေါ်လာအသုံးပြုတဲ့စနစ်ထဲ ပြန်ဝင်လာမယ်လို့ ကမ်းလှမ်းထားတာရှိတော့ လွယ်လွယ်ကူကူ ဗီတိုမယ်လို့ တထစ်ချ ပြောမရပါဘူး။
အီရန်အစိုးရက ကမ္ဘာတလွှားမှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ထဲမှာ သူတို့လူတွေ တိုက်ရိုက်ထည့်မသုံးပဲ ဒေသခံ ဆယ်ကျော်သက်လူဆိုးလေးတွေ ရာဇဝတ်ဂိုဏ်းဝင်တွေကို ပိုက်ဆံပေး စည်းရုံးပြီး တိုက်ခိုက်ရေးကွန်ယက် ဖြန့်ကျက်ထားတာလည်း ပါဝင်နေတယ်လို့ ထလရအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ the Free Pres က ဂျာနယ်လစ် ဂျေးဆိုလိုမွန်က ဖော်ထုတ်ထားပါတယ်။ မကြာသေးမီက လန်ဒန်၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံတွေမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေက အဲဒီပုံစံနဲ့ပါ။ ပိုက်ဆံကို တယ်လီဂရမ်ချန်နယ်တွေကနေပေးပြီး ဘယ်ကပေးတာမှန်း ခြေရာခံလို့မရအောင် cryptocurrency တွေကို အသုံးပြုကောင်း ပြုနိုင်တယ်လို့ဆိုပါတယ်။
အီရန်ပြည်တွင်းမှာ အစိုးရက ပြည်သူတွေ စုစည်းမိမှာ သတင်းမှန်တွေရမှာ သူတို့သတင်းတွေ အစ္စရေးနဲ့ စီအိုင်အေကို ပေးမှာကြောက်တော့ အင်တာနက်ကို ဖြတ်ထားတာ ကြာပါပြီ။ ရတဲ့သူလည်း အဝိုင်းလည်နေတာနဲ့ပဲ ဘာမှ သုံးမရ ဖြစ်နေကြတဲ့အတွက် ပညာရေး၊ စီးပွားရေး ဘက်စုံ အခက်အခဲတွေ တွေ့နေကြပါတယ်။ လူတဦးကိုတောင် စတားလင့်ခ်သုံးလို့ဆိုပြီး သေတဲ့အထိ ရိုက်သတ်ခဲ့ကြတာပါ။
Instagram လို App တွေကိုလည်း ဆင်ဆာတွေနင်းလုပ်လို့ အွန်လိုင်းဈေးရောင်းသူတွေဟာ ပြည်တွင်းလုပ် app တွေကို သုံးရပြန်တော့ ကြော်ငြာခ ဈေးကြီးတာရယ်၊ approval ရဖို့ စည်းမျဥ်းတွေအများကြီး လိုက်နာရတာရယ်၊ ပိုက်ဆံပေးပြီးပေမယ့် စဥ်းမျဥ်းတခုခုနဲ့ငြိရင် မကြော်ငြာလိုက်ရပဲ ပိုက်ဆံဆုံးတာနဲ့ဆိုတော့ အဆင်မပြေနေကြပါဘူး။ စောရတွေက ဘာစည်းမျဥ်းမှ လိုက်နာစရာမလိုပဲ ကောင်းရောင်းကောင်ဝယ်လုပ်စားသူတွေကျမှ ဒုက္ခများနေရတဲ့ စနစ်ကြီးပါ။
အီရန်သမ္မတကလည်း သူနဲ့ ဆူပရင်းမ်လီဒါအသစ် မော့တာဘာတို့ ၂နာရီခွဲခန့် တွေ့ဆုံခဲ့ကြောင်း ပြောသွားပေမယ့် မော့တာဘာရဲ့ အမြင်တွေက ရိုးသားတယ်၊ နှိမ့်ချတယ်ဆိုတဲ့ မရေမရာတွေနဲ့ လုံးချတာတွေ ဖြစ်နေပါတယ်။
မေ ၄ရက်နေ့က တရုပ်ပိုင် ရေနံတင်သင်္ဘော JV Innovation ဟော်မုဇ်နားမှာ အပစ်ခံခဲ့ရလို့ ကုန်းပတ်ပေါ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့အချိန်မှာ တရုပ်သင်္ဘောက ယူအေအီးဆိပ်ကမ်းဘက်နားမှာ ဖြစ်ပါတယ်။
ဒီနေ့မှာ တီဟီရန်မြို့တော်အနောက်ဖက်က Chitgar မြို့ဘက်မှာ ပေါက်ကွဲသံအကျယ်ကြီး ၂ကြိမ် ကြားခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်နေသလို မျက်မြင်သက်သေတချို့က ပေါက်ကွဲမှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်လို့ လန်ဒန်အခြေစိုက် အီရန်အင်တာနေရှင်နယ်က ဖော်ပြထားပါတယ်။