အမေရိကန်နဲ့ အီရန်ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တဲ့အပေါ် သတင်းထောက်တွေက အပစ်ရပ် အသက်ဝင်နေတုန်းပဲလားလို့ သမ္မတထရမ့်ကို မေးခဲ့ပါတယ်။ ထရမ့်က အပစ်ရပ်မရှိတော့ဘူးဆိုရင် မီးခိုးလုံးကြီးတွေ တက်လာတာ မြင်ရမှာပေါ့၊ အဲဒီလိုမဖြစ်ဖို့ သူတို့ဘက်က လက်မှတ်အမြန်ထိုးဖို့ လိုကြောင်း၊ ငါကထိုးစေချင်တာထက် မထိုးရင် သူတို့ဘက်က အထိနာမှာဖြစ်လို့ သူတို့က ငါ့ထက်ပိုပြီး လက်မှတ်ထိုးချင်နေမှာဖြစ်ကြောင်း ပြန်ဖြေသွားပါတယ်။
ဒီနေ့ထိ အီရန်မှ/သို့ သွားမယ့် ရေနံတင်သင်္ဘောအစီး ၇၀ကျော်ကို ဟန့်တားခဲ့ပြီလို့ CENTCOM က ကြေငြာပါတယ်။ အဲဒီပမာဏဟာ ရေနံစည် ၁၆၆သန်း၊ တန်ဖိုးအားဖြင့် ၁၃ဘီလီယံ အီရန်က မရောင်းလိုက်ရပဲ ဝင်ငွေဆုံးရှုံးသွားတာ ဖြစ်ပါတယ်။
ဒီနေ့မှာ အီရန်အလံတင် ရေနံတင်သင်္ဘောအလွတ် ၂စီးဖြစ်တဲ့ M/T Sea Star III နဲ့ M/T Sevda တို့ဟာ အိုမန်ပင်လယ်ကွေ့ကနေ အီရန်ဆိပ်ကမ်းဘက်ကို ဦးတည်ခုတ်မောင်းနေစဥ်မှာ အမေရိကန်တပ်တွေက သတိပေးဟန့်တားတာကို ဂရုမပြုခဲ့လို့ USS G.W.Bush ပေါ်က ဆူပါဟောနက် ရဟတ်ယာဥ်က သင်္ဘော ၂စီးလုံးက ခေါင်းတိုင်တွေကို ချိန်ရွယ်ပစ်ခတ် ဟန့်တားခဲ့ရပါတယ်။ မေ ၆ တုန်းက M/T Hasna ကိုလည်း တက်မကို ပစ်ခတ်ဖျက်ဆီးခဲ့သေးတာဆိုတာ့ အီရန်က ရေနံလှောင်ကန်တွေ ပြည့်တော့မှာဖြစ်လို့ အရပ်ရပ်က ရေနံတင်သင်္ဘောအလွတ်တွေကို ပြန်လာကဲ့ကြဖို့ အမိန့်ပေးထားဟန်တူပါတယ်။
အီရန်ကို ပြန်ပစ်တာက အပစ်ရပ်ပြီးဆုံးတဲ့သဘောလားလို့ မာကိုကို သတင်းထောက်တွေက မေးရာမှာတော့ မာကိုက ကိုယ့်လာပစ်လို့ ပြန်မပစ်ရင် စတူးပစ်ပဲဖြစ်မှာပေါ့၊ ငါတို့က စတူးပစ်မဟုတ်ဘူး၊ အဲဒါကြောင့် ပြန်ပစ်တာလို့ တဲ့တဲ့ပဲ ပြန်ပြောခဲ့ပါတယ်။
IRGC က ကုန်သင်္ဘောတွေကို အမေရိကန်စစ်သင်္ဘောတွေကနေ အနည်းဆုံး ၁၀မိုင်အကွာမှာ နေပေးကြဖို့ တိုက်တွန်းထားပါတယ်။ ရေတပ်သင်္ဘောတွေ အထူးသဖြင့် ရန်သူရဲ့ ပစ်ခတ်မှုနဲ့ နီးကပ်နေတဲ့ ဟော်မုဇ်လိုနေရာက သင်္ဘောတွေက AIS ပိတ်ထားတတ်ကြတာဖြစ်လို့ ကိုယ်နဲ့ စစ်သင်္ဘော ဘယ်လောက်ဝေးနေမယ်ဆိုတာ သိနိုင်ဖို့ မလွယ်ပါဘူး။
ကာတာက တော်ဝင်မိသားစုဝင် ဝန်ကြီးချုပ်ကတော့ ဟော်မုဇ်မှာ လွတ်လပ်စွာသွားလာခွင့်ဟာ ညှိနှိုင်းနေစရာကို မလိုတဲ့ကိစ္စလို့ အာရာ့ချီနဲ့ ဖုံးပြောစဥ်မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေမှာ နောက်ဆုံးရက်လို့ သတ်မှတ်ထားတာ မရှိပဲ သူရှေ့အပတ် တရုပ်ပြည်မသွားခင်မှာတောင် သဘောတူညီချက် ရရင် ရနေနိုင်သလို ထပ်ဆော်ဖို့လည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ပြည်သူတချို့ကတော့ ဒေသတွင်းမှာ အများမော်ကြည့်ခဲ့ရတဲ့ ထိပ်တန်းနိုင်ငံအဖြစ်ကနေ စစ်အင်အားကလွဲလို့ ကျန်တာအားလုံး ဆုတ်ယုတ်မွဲတေတဲ့ အဖြစ်ကို ပို့ခဲ့တဲ့ အစိုးရနဲ့ သဘောတူညီမှု ရယူမှာကို စိုးထိတ်နေကြပြီး တချို့ကတော့ စိတ်မရှည်တော့တာကို တွေ့ရပါတယ်။
သမ္မတထရမ့်က ဒုကမ္ဘာစစ်က အောင်နိုင်တဲ့နေ့အထိမ်းအမှတ်အဖြစ် ရုရှားနဲ့ ယူကရိန်းကြား ၃ရက်ကြာ အပစ်ရပ်ဖို့ ပြောတဲ့အပေါ် လက်ခံလိုက်ကြပြီလို့ ကြေငြာသွားပါတယ်။ ဒီအပစ်ရပ်ကာလမှာ နှစ်ဖက် အကျဥ်းသား ၁၀၀၀စီ လဲလှယ်ကြမှာဖြစ်ပါတယ်။