Operation Epic Fury (71)

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ထားမှုကြောင့် အကြပ်တွေ့နေတဲ့ အီရန်မှာ ဟော်မုဇ်ကို ဖြတ်သွားတဲ့ အင်တာနက်ကေဘယ်တွေကနေ ဝင်ငွေရှာဖို့  IRGC နောက်ခံမီဒီယာက တိုက်တွန်းနေပါတယ်။ ဘယ်လိုငွေရှာမလဲဆိုရင် ခိုးဖို့ ဓါးပြတိုက်ဖို့လောက်ကိုပဲ ဗျူဟာလို့ ထင်ကြသူတွေဆိုတော့ မိုင်းထောင်ပြီး ဖြတ်သန်းခ ဓါးပြတိုက်တာလိုပဲ ပေးရင်ပေး မပေးရင်ဖြတ်ပစ်မယ်ဆိုတာမျိုးပဲ ဖြစ်လာမယ်ထင်ပါတယ်။

မနေ့က ဟော်မုဇ်ထဲမှာ အီရန်ဘက်က ပစ်ခတ်မှုတွေ မရှိခဲ့ပေမယ့် ဒီနေ့မှာတော့ စပိဘုတ် ၁၃၀ကျော် ဟာ အဖွဲ့ကြီး ၂ဖွဲ့ခွဲပြီး ဟော်မုဇ်မှာ လှုပ်ရှားနေကြတယ်လို့ ဂြိုလ်တုကပုံတွေမှာ ဖော်ပြထားပါတယ်။ မိုင်းထောင်ဖို့ လှုပ်ရှားနေကြတာဖြစ်နိုင်သလို အထက်မှာပြောခဲ့သလို ကေဘယ်တွေကို ဓါးစာခံလုပ်ဖို့ လှုပ်ရှားနေကြတာလည်း ဖြစ်နိုင်ပါတယ်။

အပေါ်ကသတင်းတွေထွက်ပြီး မကြာခင်မှာပဲ အီရန်က ဟော်မုဇ်ကို ဖြတ်သွားတဲ့ ပင်လယ်အောက် အင်တာနက်ကေဘယ် ၇ခုစလုံးကို အီရန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားဖို့ လှုပ်ရှားနေပြီလို့ သတင်း ထပ်ထွက်လာပါတယ်။ အဲဒီကေဘယ်တွေကို အသုံးပြုချင်သူ နိုင်ငံခြားအဖွဲ့အစည်းတွေဟာ အီရန်ဆီက ပါမစ်/ လိုင်စင်ရယူရမှာဖြစ်ပြီး အီရန်ဥပဒေနဲ့အညီ နှစ်စဥ်ကြေး ပေးသွင်းရမယ်လို့ IRGC ရဲ့ Fars သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီကေဘယ်တွေဟာ ရေနံလိုပဲ ဥရောပ၊ ပင်လယ်ကွေ့နဲ့ အာရှအပါအဝင် ကမ္ဘာ့ဒေတာစီးဆင်းမှုရဲ့ ကြီးမားတဲ့အပိုင်းကို ထိန်းချုပ်ထားတာပါ။

ယခုအစီအစဥ်မှာ အီရန်က တက်ခ်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Meta, Amazon နဲ့ Microsoft တွေကို အီရန်ဥပဒေအောက်မှာ လည်ပတ်စေမှာဖြစ်ပြီး ကေဘယ်လ်တွေ ထိန်းသိမ်းပြုပြင်စတာတွေအတွက် အီရန်ကို အလုံးစုံ ထိန်းချုပ်ခွင့် ပေးထားရမယ်လို့ ဆိုပါတယ်။ အခုလိုလုပ်ခြင်းအားဖြင့် ဟော်မုဇ်ဟာ တရားဝင်ဓနဖော်ဆောင်/ဖန်တီးရေးအတွက် ဗျူဟာမြောက် ဗဟိုချက် ဖြစ်လာလိမ့်မယ်လို့ IRGC ရဲ့ Tasnim သတင်းဌာနက ဖော်ပြသွားပါတယ်။ ကိုယ့်အိမ်ဘေးက ဖြတ်သွားတဲ့ သူများပိုက်လိုင်းကို ကိုယ့်အပိုင်လုပ်ပြီး သူများကို ပိုက်ဆံပြန်ကောက်ချင်တဲ့ စိတ်ဓါတ်တွေပါ။

အရင်က IRGC က ပင်လယ်ကွေ့နိုင်ငံတွေရဲ့ အင်တာနက်၊ ဘဏ်ကိစ္စနဲ့ ကလောက်ဆားဗစ်စ်တွေ အတွက် အကြီးအကျယ် မှီခိုနေရတဲ့ submarine cable infrastructure ကို ပစ်မှတ်ထားနိုင်တယ်လို့ သတိပေးထားခဲ့တာ ရှိပါတယ်။ ဖိုင်ဘာအော့ပ်တစ်ကေဘယ်တွေ ရက်အနည်းငယ် ပြတ်သွားရုံနဲ့ သန်းဆယ်ဂဏန်းကနေ ရာချီပြီး ကမ္ဘာ့စီးပွားရေးကို ထိခိုက်မှာ ဖြစ်ပါတယ်။ ကမ္ဘာကလည်း အဲဒီလို ဖြစ်တဲ့အထိ စောင့်မနေကြပဲ တကမ္ဘာလုံးကို အဓမ္မခြိမ်းခြောက်နေတဲ့ အဆိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုနေပါပြီ။

အီရန်က ဟော်မုဇ်ကို ဖြတ်ဖို့ကြိုးစားတဲ့ သင်္ဘောတွေကို ပစ်ခတ်နေတယ်ဆိုတဲ့ သတင်းတွေကြားမှာပဲ ကာတာနိုင်ငံက ဓါတ်ငွေ့ရည်တင်သင်္ဘောကြီးဟာ ဟော်မုဇ်ကိုဖြတ်ပြီး ပါကစ္စတန်ကို ဦးတည်ထွက်ခွာ သွားပြီဖြစ်ပါတယ်။ ဧပြီမှာတုန်းက ထွက်ဖို့ ၂ကြိမ်ကြိုးစားတာ မအောင်မြင်ခဲ့အပြီးမှာ အီရန်သတ်မှတ်ပေးထားတဲ့ Qeshm နဲ့ Larak ကျွန်းတွေကြားက လမ်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဖြတ်သန်းခပေးရမှုရှိ/မရှိကိုတော့ ဖော်ပြမထားပါဘူး။

ခါ့ဂ်ကျွန်းက ပို့ကုန်ဆိပ်ကမ်းတဝိုက်မှာ ရေနံတွေလျှံကျနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ဘူရှာခရိုင်မှ အီရန်အမတ် တဦးက ငြင်းဆိုသွားပါတယ်။ သူက အဲဒီဆီတွေဟာ ဥရောပက ရေနံတင်သင်္ဘောတွေက ကျခဲ့တဲ့ ဆီတွေနဲ့ သင်္ဘောဝမ်းအောက်ခြေမှာထည့်ထားတဲ့ ကျောက်တွေက ရေဆိုးတွေ စွန့်ပစ်တာကနေ ဖြစ်လာတာပါလို့ ဆိုပါတယ်။ ဆီတွေက ၄၀ စကွဲကီလိုတောင်ရှိတာ ဆိုတော့ တော်ရုံဖိတ်တာ/ စွန့်ပစ်တာကနေဖြစ်တာထက် အများကြီးပိုပါတယ်။

ဥရောပက ဆိုရှယ်လစ်ယိမ်းနိုင်ငံတွေဟာ မဟာမိတ်အမေရိကန်ဘက်က ရပ်ရမယ့်အစား အကြမ်းဖက် အီရန်ဘက်က နာပြခဲ့ကြပြီးတဲ့နောက် အမေရိကန်တွေဟာ အဲဒီနိုင်ငံတွေက စစ်စခန်းတွေကို စွန့်ခွာဖို့ ပြင်ဆင်နေပါပြီ။ ဂျာမဏီမှာ အမေရိကန်တပ်သား ၃၅-၃၆၀၀၀ ရှိတာကနေ တပ်အင်အား ၅၀၀၀ကို ပဏာမအနေနဲ့ ရုတ်သိမ်းမှာဖြစ်ပြီး ဒီထက် တဖြည်းဖြည်း တိုးပြီး ရုတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ အီတလီဝန်ကြီးချုပ်ကတော့ သူတို့နိုင်ငံက အမေရိကန်တပ်တွေ စွန့်ခွာမှာကို အားမပေးပါဘူးလို့ ဆိုပါတယ်။ ပိုလန်ကတော့ အမေရိကန်တပ်တွေ လာထားမယ်ဆိုရင် အဆင်သင့်ပါပဲ၊ ကြိုဆိုပါတယ်တဲ့။

ယူကေနဲ့ ပြင်သစ်ရေတပ်တွေက အရှေ့အလယ်ပိုင်းရေလမ်းကြောင်း ထိန်းသိမ်းဖို့ သွားနေကြတယ် ဆိုပေမယ့် ပြင်သစ်က သူတို့ရဲ့ မစ်ရှင်ဟာ ခံစစ်ပဲဖြစ်ပြီး သင်္ဘောလမ်းကြောင်းတွေ လုံခြုံဖို့၊ သူတို့သင်္ဘောတွေကို ပစ်ခတ်လာခဲ့သည်ရှိသော် ကာကွယ်ပေးဖို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်သစ်က သူ့ရဲ့ တခုတည်းသော လေယာဥ်တင်သင်္ဘော Charles de Gaulle နဲ့အတူ အဲဒီပေါ်က တိုက်လေယာဥ် Dassault Rafale M ၂၀-၃၀စီးနဲ့ အခြံအရံ ဖရီးဂိတ်တွေ ပါဝင်မှာဖြစ်ပြီး ဗြိတိန်တော်ဝင်ရေတပ်က HMS Dragon ဆိုတဲ့ လေ/ကာစနစ်ပါဝင်တဲ့ ဖရီးဂိတ်တစီးနဲ့ ဒရုန်းတိုက်ဖျက်ရေး ရဟတ်ယာဥ်တွေ ပါဝင်ပြီး မိုင်းရှာဒရုန်းတွေ၊ ရေငုပ်မိုင်းရှာ/မိုင်းရှင်းအဖွဲ့တွေကိုလည်း ပို့လွှတ်နိုင်တယ်လို့ ကမ်းလှမ်းထားပါတယ်။

ပူတင်က ယူကရိန်းနဲ့ ၃ရက်အပစ်ရပ်ကနေ စစ်ပြီးသွားတာလည်း ဖြစ်နိုင်ပါတယ်လို့ စကားစနေပါပြီ။ ဒီနေ့လုပ်တဲ့ ဒုကမ္ဘာစစ်အောင်နိုင်တဲ့ နှစ်ပတ်လည်နေ့မှာ ပွဲကို ၄၅မိနစ်နဲ့ ကမန်းကတန်း အစသတ်ပြီး အစောင့်အကြပ်တွေ တပြုံတမနဲ့ အလျင်စလို ပြန်လည်ထွက်ခွာသွားတဲ့ ပူတင်ကို သို့လောသို့လောတွေ ခန့်မှန်းနေကြပါတယ်။ ပုံမှန်ဆိုရင် နာရီနဲ့ချီပြီး အချိန်ယူကာ ခမ်းခမ်းနားနား လုပ်လေ့ရှိပြီး ရှိတာတွေ ထုတ်ကြွားတဲ့ ပွဲမျိုးဖြစ်ပေမယ့် ဒီနှစ်မှာတော့ ယူကရိန်းရဲ့ ဒရုန်းရန်နဲ့ အကြမ်းဖက်ရန်တို့ကြောင့် ခပ်ကျဥ်းကျဥ်းပဲ ကျင်းပခဲ့ရတာက ရုရှားရဲ့ အခြေအနေကို ဖော်ပြနေပါတယ်။  

Leave a comment