သမ္မတထရမ့်က အီရန်ဘက်က ကိုယ်စားလှယ်ဆိုသူတွေရဲ့ တုန့်ပြန်ချက်အပေါ် နှစ်သက်မှုမရှိကြောင်းနဲ့ လုံးဝ လက်မခံနိုင်ကြောင်း ထရုသ်မှာ ရေးသားခဲ့ပါတယ်။ အမေရိကန်က စာတမျက်နှာရှိတဲ့ အဆိုပြုချက်ကို အီရန်ကို ပေးခဲ့တဲ့အပေါ် တုန့်ပြန်တာဖြစ်ပါတယ်။ ဒီနေ့ထုတ်လွှင့်တဲ့ Full Measure က Sheryl Attkisson နဲ့ အင်တာဗျူးမှာ သမ္မတထရမ့်က အီရန်မှာ ကျန်နေသေးတဲ့ ပစ်မှတ်တွေကို ဖြိုခွင်းဖို့ ၂ပတ်ခွဲလောက်တော့ အချိန်ယူရမယ်လို့ ပြောသွားပါတယ်။ ဒါပေမယ့် မတိုက်ရင်တောင်မှ အရင်လို အခြေအနေကို ပြန်ရောက်ဖို့ နှစ်အကြာကြီး ပြန်လုပ်ယူရဦးမှာပါလို့လည်း ဆိုပါတယ်။
IRGCက ရန်လိုတိုက်ခိုက်မှုတွေ ပြန်စလာရင် အဲဒါဟာ ကြီးမားတဲ့အမှားဖြစ်လိမ့်မယ်လို့ သမ္မတထရမ့်ကို သတိပေးသွားသလို သမ္မတ Pezeshkian ကလည်း ငါတို့က ဦးညွှတ်မယ့်သူတွေ မဟုတ်ဘူးလို့ ပြောပြီး နျူစက်ရုံ၊ ယူရေနီယံနဲ့ ဟော်မုဇ်ထိန်းချုပ်မှုတွေကို ဆက်လက် ဆုပ်ကိုင် ထားချင်နေပါတယ်။ ဒါကြောင့်လည်း အပေါ်က အင်တာဗျူးမှာ သမ္မတထရမ့်က စစ်ရေးအရ အမေရိကန်နိုင်ပါတယ်၊ ဒါပေမယ့် သူတို့ခေါင်းထဲမှာတော့ အဲဒီလို မြင်ချင်မှ မြင်မယ်လို့ ပြောသွားတာပါ။
ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က အီရန်ရဲ့ အကြမ်းဖက်ကွန်ယက်မှာ ပါဝင်ပတ်သက်နေတဲ့၊ ရှာဟက်ဒရုန်းနဲ့ ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်ဖို့ အဓိကအစိတ်အပိုင်းတွေကို ပံ့ပိုးပေးနေတဲ့ အရှေ့အလယ်ပိုင်း၊ အာရှနဲ့ အရှေ့ဥရောပက လူ၁၀ဦးနဲ့ ကုမ္ပဏီတွေကို ဆန်ရှင်ထပ်မံချထားလိုက်ပါတယ်။
ဒီနေ့မှာ အစ္စရေးဝန်ကြီးချုပ်ဟာ အနောက်ဘက်ကမ်းနဲ့ ဂျော်ဒန်ကြားမှာရှိတဲ့ Dead Sea ဒေသမှာ Druze နဲ့ Circassian ဆိုတဲ့ အစ္စရေးက လူမျိုးစုနှစ်ခုနဲ့ သွားရောက်ဆွေးနွေးနေစဥ်မှာ သမ္မတထရမ့်က ဖုံးခေါ်လာတဲ့အတွက် ဂျေရုစလင်ကို ချက်ခြင်း အမြန်ပြန်ခဲ့ရပါတယ်။ အီရန်နဲ့ သူ့ရဲ့ proxy တွေရဲ့ လက်တကမ်းအတွင်းမှာ ရှိနေတဲ့ အစ္စရေးက အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်တဲ့ အနေအထား လုံးဝမရှိတော့တဲ့အထိ စစ်ပွဲကို ဆက်တိုက်ဖို့ ဆန္ဒရှိသူ ဖြစ်ပြီး ရှိနေတဲ့ ယူရေနီယံတွေကို တနည်းနည်းနဲ့ ဖယ်ရှားပစ်ချင်သူ ဖြစ်ပါတယ်။ အမေရိကန်ကလည်း အလားတူဆန္ဒရှိပေမယ့် သမ္မတထရမ့်မှာ လက်ရှိအနေအထားကို အကြောင်းပြုပြီး အခြား ဆောင်ရွက်စရာကိစ္စတွေကိုပါ တပေါင်းတည်းပြီးမြောက်အောင် ဆောင်ရွက်ဖို့ ကြံရွယ်ချက်ရှိတဲ့အတွက် အားလုံး ခွင်ထဲဝင်လာတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်နေတာဖြစ်နိုင်ပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝက Gideon Saar ကလည်း အီရန်နဲ့ နျူအစီအစဥ်အပေါ် သမ္မတထရမ့်ရဲ့ ကိုင်တွယ်ပုံကို ချီးကျူးသွားပါတယ်။ သူက ၁၉၉၀အလယ်ပိုင်းနှစ်တွေတုန်းက သမ္မတကလင်တန်က မြောက်ကိုရီးယားကို နျူလက်နက်မထုတ်ဖို့ ခြိမ်းခြောက်ခဲ့ပေမယ့် အဆုံးမတော့ ဘာမှ အက်ရှင်မယူတာကြောင့် မ/ကိုရီးယားက နျူလက်နက်ပိုင်နေတာနဲ့ ယှဥ်ပြသွားခဲ့တာပါ။
အီရန်က အစ္စရေးနဲ့ ကပ်နေတဲ့ လက်ဘနွန်ထဲမှာ ဟဇ်ဘိုလာတွေမွေးပြီး ခြိမ်းခြောက်နေသလိုပဲ အစ္စရေးက အီရန်ကို လေကြောင်းစစ်ဆင်ရာမှာ ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အီရတ် အနောက်ဘက်က သဲကန္တာရတွေထဲမှာ လျှို့ဝှက်စစ်စခန်းတခုကို တည်ဆောက်ထားလိုက်ပြီ ဖြစ်ပါတယ်။ သတင်းက WSJ က အမေရိကန်အရာရှိတွေအပါအဝင် ဒီကိစ္စနဲ့ ရင်းနှီးတဲ့လူတွေကို ကိုးကားထားတာပါ။ အဆိုပါစခန်းက စစ်စပြီး မကြာမီမှာ တည်ဆောက်ထားတာဖြစ်ပြီး အစ္စရေးအထူးအဖွဲ့တွေ အခြေချထားသလို ထောက်ပို့ဗဟိုချက်အဖြစ်လည်း အသုံးပြုပါတယ်။ စစ်အစောပိုင်းမှာ အီရတ်နယ်မြေထဲက အီရန်ထောက်ပံ့ထားတဲ့ proxy တွေ ဒီစခန်းကို ရှာတွေ့ဖို့ နီးလာတာကြောင့် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ပြုခဲ့ရတယ်လို့ ဆိုပါတယ်။
အီရတ်မှာရှိတဲ့ ကာဒစ္စတန်ဒေသန္တရအစိုးရရဲ့ ဒုဝန်ကြီးချုပ် Qubad Talabani ကတော့ သမ္မတထရမ့်ဟာ အီရန်နဲ့ ကြီးကြီးမားမား သဘောတူညီချက်တခု ရယူနိုင်ပြီး တကမ္ဘာလုံးကို စီးပွားရေးဖွံ့ဖြိုးအောင် ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ကြောင်း၊ အဲဒါဟာ စစ်လွန်ခေတ်မှာ အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံစလုံးအတွက် ကောင်းမွန်မှာဖြစ်ကြောင်း ဧပြီလနှောင်းပိုင်းမှာ ပြောသွားတာကို Breibert က ဒီနေ့ တင်ထားပါတယ်။ အဲဒါကို သမ္မတထရမ့်က ထရုသ်မှာ ပြန်ပို့စ်လုပ်ထားပါတယ်။ အဲဒီလူက ဟော်မုဇ်ကို စစ်အင်အားနဲ့ ဖွင့်ဖို့ထက် အီရန်နဲ့ ညှိနှိုင်းပြီးတော့မှ ဖွင့်ဖို့က ပိုဖြစ်နိုင်မယ်လို့ ထင်တဲ့သူပါ။
မေ ၁၄-၁၅မှာ သမ္မတထရမ့်က တရုပ်ပြည်ကို သွားရောက်မှာဖြစ်ပြီး မေ ၁၅ရက်နေ့မှာ အစ္စရေး၊ အမေရိကန်၊ ယူအေအီးနဲ့ အိန္ဒိယတို့ပါဝင်တဲ့ I2U2 အဖွဲ့ဟာ strategic alignment ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ I2U2 အပြင် အိန္ဒိယ၊ အစ္စရေး၊ ဂရိစ်၊ ဆိုက်ပရပ်စ်နဲ့ အာရပ်မိတ်ဆွေတွေ ပါဝင်တဲ့ Hexagon of Alliances ဆဋ္ဌဂံမဟာမိတ်အဖွဲ့လည်း ဖွဲ့စည်းဖို့ စီစဥ်နေပါပြီ။
ကာတာက နိုင်ငံငယ်ငယ်လေးဖြစ်ပေမယ့် ဝါရှင်တန်နဲ့ ရင်းရင်းနှီးနှီးဆက်ဆံပြီး အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး အမေရိကန်စစ်အခြေစိုက်စခန်း ဖွင့်ခွင့်ပေးထားသလို တဖက်မှာလည်း မွတ်ဆလင် ဘရားသာဟွဒ်ရဲ့ နိုင်ငံတကာကွန်ယက်တွေကို ထောက်ပံ့နေတာ ဖြစ်ပါတယ်။ အီရန်က ဟာမာ့စ်တွေကို ပိုက်ဆံထောက်ပံ့နေတာတွေကို ကြားကနေ အဆင်ပြေအောင် ဆောင်ရွက်ပေးနေခဲ့တာ နှစ် ၂၀လောက် ရှိနေပါပြီ။ သူတို့ထောက်ပံ့ထားတဲ့ အကြမ်းဖက်တွေနဲ့ အစ္စရေး တိုက်ပွဲတွေဖြစ်ရင်လည်း သူတို့ကပဲ ကြားဝင်စေ့စပ်ပေးပါတယ်။ သံတမန်လိုဆိုရင် multi-alignment လို့ ခေါ်ပြီး အရပ်လိုဆိုရင် ဘက်တိုင်းမှာ ပါသူပါ။
ကာတာရဲ့ နိုင်ငံခြားရေးပေါ်လစီက အစ္စလာမ်ဝါဒအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ အခု အီရန်စစ်ဖြစ်လိုက်တာမှာ အီရန်က ကာတာကိုပါ ပစ်ခတ်ခဲ့ပြီး မွတ်ဆလင်အချင်းချင်း တူတူရပ်မယ်ဆိုတာမျိုး မရှိတော့တဲ့အတွက် ကာတာရဲ့ ကဏ္ဍက ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။ မနှစ် မေလတုန်းက ကာတာ တော်ဝင်မိသားစုက သမ္မတထရမ့်အစိုးရကို ဇိမ်ခံလေယာဥ်ကြီး လက်ဆောင်ပေးခဲ့တာ နောင်တများ ရနေဦးမလားပါ။ လေယာဥ်က တက္ကဆက်စ်မှာ မွန်းမံမှုတွေ ပြုလုပ်နေပြီး ဒီနှစ် ဇူလိုင် ၄ မတိုင်ခင်မှာ ပြီးစီးဖို့ မျှော်လင့်ထားပါတယ်။ သူ့မူကလည်း ဒေါ်စုလိုပါပဲ၊ ပေးရင်ယူ၊ ကျွေးရင်စား၊ ဒါပေမယ့် ကိုယ်ယုံကြည်တာကိုယ်ဆက်လုပ်ဖို့ပါ။
ယူအေအီးက ပါကစ္စတန်နဲ့ ပိုမိုတင်းမာလာတဲ့အတွက် သူ့နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ပါကစ္စတန် နိုင်ငံသား အထူးသဖြင့် ရှီယာတွေကို တွေကို လုံခြုံရေးနဲ့ သံတမန်ရေးစိုးရိမ်မှုတွေကြောင့် ဖမ်းဆီးတာ၊ ထောင်ကျော် ပြန်ပို့တာ၊ ဗီဇာတင်းကြပ်တာတွေ ပြုလုပ်နေတယ်လို့ သတင်းထွက်နေပါတယ်။ ပါကစ္စတန်ကတော့ ဒါက သူတို့နိုင်ငံကိုမှ လုပ်တာမဟုတ်ပဲ ပုံမှန် လဝကဥပဒေချိုးဖောက်သူတွေကို နှိမ်နှင်းတာပါလို့ ဆိုပါတယ်။
သမ္မတထရမ့်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပိုလန်နိုင်ငံသား ၃ဦး၊ မော်လ်ဒိုဗာနိုင်ငံသား ၂ဦးအပါအဝင် အကျဥ်းသားတွေဟာ ဘယ်လာရုစ်နဲ့ ရုရှားတို့ရဲ့ ချုပ်နှောင်ထားခြင်းမှ ပြန်လွတ်ခဲ့ပြီလို့ သိရပါတယ်။ သမ္မတရဲ့ အထူးသံတမန် John Coale က သမ္မတကိုယ်စား သွားရောက် ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ ပိုလန်သမ္မတက ပြီးခဲ့တဲ့စက်တင်ဘာမှာ ထရမ့်နဲ့ တွေ့ဆုံစဥ် Andrzej Poczobut ကို ဘယ်လာရုစ် ထောင်ကနေ လွတ်မြောက်လာစေဖို့ အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။ Poczobut က လူကာရှန်ကိုအစိုးရလက်အောက်မှာ မှန်တာကိုပြောမှုနဲ့ ထောင် ၅နှစ်ကျော် ကျခံခဲ့ရတာဖြစ်ပါတယ်။