Operation Epic Fury (74)

သမ္မတထရမ့်နဲ့ သမ္မတရှီတို့ သဘောတူခဲ့ကြတဲ့ထဲမှာ အီရန်နဲ့ပတ်သက်လို့

  • ဟော်မုဇ်ရေလက်ကြားက အမြဲ ပွင့်နေရမယ်ဆိုတာကို နှစ်ဖက်စလုံးက စာရေးသဘောတူညီထားကြပါတယ်။
  • တရုပ်ဘက်က ဟော်မုဇ်မှာ စစ်အင်အားတည်ဆောက်တာကို အတိအလင်း ကန့်ကွက်ပါတယ်။
  • တရုပ်ဘက်က ဟော်မုဇ်မှာ ဖြတ်သန်းခကောက်တဲ့ ဘယ်သူ့ကိုမဆို ကန့်ကွက်ပါတယ်။
  • တရုပ်က ဟော်မုဇ်အပေါ် မှီခိုမှု လျော့ချဖို့ အမေရိကန်ရေနံကို ပိုဝယ်ပါမယ်။
  • နှစ်နိုင်ငံလုံးက အီရန် နျူလက်နက်ပိုင်ဆိုင်မှု မရှိစေဖို့ သဘောတူကြပါတယ်။

အခြားသဘောတူညီချက်တွေက

  • အမေရိကန်ကုမ္ပဏီတွေ တရုပ်ဈေးကွက်မှာ ဝင်ခွင့်ပေးဖို့၊
  • တရုပ်က အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့၊
  • တရုပ်က အမေရိကန်ထဲကို ဝင်နေတဲ့ ဖန်တနိုင်းလ်တွေကို ပိုကြိုးစားနှိမ်နှင်းပေးဖို့၊
  • တရုပ်က ပဲပိစပ်အပါအဝင် အမေရိကန်လယ်ယာထွက်ကုန်တွေ တိုးမြှင့်ဝယ်ယူဖို့၊ စတာတွေ ဖြစ်ပါတယ်။

တရုပ်ဘက်က သဘောတူတာတွေ ကတိကဝတ်တွေဆိုတာ လက်တွေ့မှာ အစဥ် စောင့်ကြည့် ဖိအားပေးနေမှ ဖြစ်လာတာမျိုးပါ။ ခရီးစဥ်အဆုံးမသတ်ခင် ဒီခရီးစဥ်က ဘယ်လောက်အကျိုးရှိတယ် ဆိုတာ ပြောနိုင်ဖို့မလွယ်ပေမယ့် သောက်ြာနံနက်တွေ့ဆုံစဥ်မှာတော့ အိမ်ရှင်ရှီရဲ့ အနေအထားကို ကြည့်ရတာ သက်တောင့်သက်သာ မရှိလှပါဘူး။ တိုင်ဝမ်ကိစ္စကိုတော့ တရုပ်ဖက်က အမေရိကန်ကို အကိုင်အတွယ်မတော်ရင် ပဋိပက္ခကနေ တိုက်တဲ့အထိ ဖြစ်နိုင်တယ်လို့ သတိပေးလက်ရှောင်ဖို့ သတိပေးသွားပြီး အမေရိကန်ကတော့ တိုင်ဝမ်ကိစ္စကို တရုပ်က ဘာပဲပြောပြော တုန့်ပြန်မနေပဲ လစ်လျူရှုထားမယ့်သဘော တွေ့ရပါတယ်။

သောက်ြာမနက် သွားလည်တဲ့ ကျုန်းနံဟိုင်ဟာ ၂၀၁၇တုန်းက ထရမ့်က ရှီကို မာရာလေဂိုစံအိမ်မှာ ဧည့်ခံခဲ့တာကို ကျေးဇူးတင်တုန့်ပြန်တဲ့အနေနဲ့ သူကိုယ်တိုင် ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ ရှီက ဆိုပါတယ်။ တရုပ်တီဗီတွေက အရပ် ၅’ ၁၀-၁၁” လောက်ပဲရှိတဲ့ ရှီကို ၆’ ၃” ရှိတဲ့ ထရမ့်နဲ့ အရပ်တူဖြစ်အောင် ပြကြတာကလည်း အမှန်/ အရှိကို လက်မခံနိုင်တာကို ပေါ်လွင်စေပါတယ်။

ဒီနေ့မှာ လက်ဘနွန်က ဟဇ်ဘိုလာတွေက အစ္စရေးမြောက်ဘက်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ဦး ဒဏ်ရာရရှိသွားတာမှာ ၂ဦးက ဒဏ်ရာပြင်းထန်တယ်လို့ The Times of Israel က ဆိုပါတယ်။ ဒရုန်းလာတာကို စစ်တပ်က မသိလိုက်တဲ့အတွက် သတိပေးဥဩသံတွေ မရှိခဲ့ပါဘူး။ အခုလို ပစ်ခတ်တာဟာ အမေရိကန် ကမကထလုပ်ပေးတဲ့ အစ္စရေးနဲ့ လက်ဘနွန်တို့ရဲ့ ဆွေးနွေးပွဲတွေ ဝါရှင်တန်မှာ ပြန်မစမီ နာရီပိုင်းအလိုမှာ ဖြစ်ပါတယ်။ အစ္စရေးက ဒါဟာ ဟဇ်ဘိုလာတွေ အပစ်ရပ်ကို ချိုးဖောက်တဲ့လုပ်ရပ်လို့ ဆိုပါတယ်။

မနေ့က အိန္ဒိယအလံတင် ဘက်စုံသုံးရေယာဥ် MSV Haji Ali ဟာ ဆိုမာလီကနေ ယူအေအီးကိုအသွား အိုမန်ပင်လယ်ကွေ့မှာ ဒရုန်း(သို့) ဒုံးနဲ့ ပစ်ခတ်ခံခဲ့ရတဲ့အတွက် အီရန်တဖက်ကမ်း  အိုမန်နိုင်ငံ Limah  ကမ်းလွန်မှာ နစ်မြုပ်သွားခဲ့ပါတယ်။ အီရန်ပစ်တာလို့ တိုက်ရိုက်မစွပ်စွဲပေမယ့် အရင် အိန္ဒိယသင်္ဘော ၂စီးကို ပစ်ခဲ့ဖူးတာလည်းရှိတော့ ဘယ်သူပစ်တယ်ဆိုတာ ပြောနေစရာမလိုတော့ပါဘူး။ ဒါဟာ ပင်လယ်ကွေ့မှာ အီရန်ပစ်ခတ်တာခံရတဲ့ တတိယမြောက် အိန္ဒိယသင်္ဘောပါ။ သင်္ဘောသား ၁၄ဦး စလုံးကို အိုမန်ကမ်းခြေစောင့်တပ်တွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သင်္ဘောက မနစ်မြုပ်ခင် မီးလောင်ခဲ့တာပါ။ အိန္ဒိယန်းတွေက သူတို့စစ်လည်း မဟုတ်ပါပဲနဲ့ ဘာကြောင့်အပစ်ခံနေရတာလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေကြပါတယ်။

ဒီနေ့မှာ ယူအေအီးကမ်းရိုးတန်းနားမှာ ကျောက်ချထားတဲ့ သင်္ဘောတစီးကို အီရန်က သိမ်းပိုက်ပြီး အီရန်ဘက်ကို ယူဆောင်သွားတဲ့အတွက် နိုင်ငံတကာရဲ့ သည်းခံနိုင်မှုက အကန့်အသတ် ရှိသေးသလား သိချင်ပါတယ်။ စစ်ပြန်စခဲ့ရင် OEF အနေနဲ့ မဟုတ်တော့ပဲ Operation Sledgehammer ဆိုတဲ့ နာမည်နဲ့ ဖြစ်နိုင်ကြောင်းလည်း သတင်းထွက်နေပါတယ်။

နယူးဒေလီမှာ BRICS အစည်းအဝေးတက်နေကြတဲ့ အီရန်နိုင်ငံခြားဝန်အာရာ့ချီက ယူအေအီးဟာ အီရန်အပေါ် စစ်ဆင်ရေးတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲသွားပါတယ်။ တကယ်တော့ ယူအေအီးကို စတင်ပစ်ခတ်ခဲ့တာ အီရန်ဖြစ်ပေမယ့် အာရာ့ချီရဲ့ စွဲချက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ စတိုက်တုန်းက ယူအေအီးက မရှုတ်ချခဲ့လို့ဆိုတာနဲ့စပြီး စစ်အခြေစိုက်စခန်း ဖွင့်ခွင့်ပေးတာ၊ နယ်မြေ/ လေပိုင်နက် သုံးခွင့်ပြုတာ၊ ထလရနဲ့ အခြားကိစ္စတွေ ကူညီပေးတာတွေပါ ပါဝင်ပါတယ်။ အာရာ့ချီက သူတို့ဟာ ယူအေအီးကို တိုက်တာမဟုတ်ပဲ ယူအေအီးမြေပေါ်က အမေရိကန် တပ်စခန်းတွေကိုပဲ တိုက်တာပါလို့ ဆင်ခြေပေးပြီး အီရန်အပေါ် ပေါ်လစီတွေကို ပြန်စဥ်းစားဖို့ တိုက်တွန်းသွားပါတယ်။ အဘူဒါဘီကို ဘီဘီလာလည်တာရော ယူအေအီးကို အစ္စရေးက iron dome ပေးထားတာအပါအဝင် အမေရိကန်တပ်တွေ ရှိနေတာက ယူအေအီးကို အကာအကွယ် ပေးမှာမဟုတ်ဘူးလို့လည်း ခြိမ်းခြောက်သွားပါတယ်။

CENTCOM က ဒီနေ့မှာ ဟာမာ့စ်၊ ဟဇ်ဘိုလာနဲ့ ဟူသီတွေအားလုံးဟာ အီရန်ရဲ့ လက်နက်ထောက်ပံ့မှု ပံ့ပိုးမှုတွေကနေ ဖြတ်တောက်ခံလိုက်ရပြီလို့ ကြေငြာချက် ထုတ်ပြန်သွားပါတယ်။ ဒါဟာ ကြိုတင်သတ်မှတ်ထားတာ မဟုတ်သလို သူ့အလိုအလျောက် ဖြစ်လာတာလည်း မဟုတ်ပါဘူး။ ဆယ်စုနှစ်နဲချီတဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး လပေါင်းများစွာ သေချာပလန်ချ လုပ်ကိုင်လာခဲ့တဲ့ ရလာဒ်ဖြစ်ပါတယ်။ ဒီလိုရလာဒ်ကို ရလာဖို့ အရင်းအနှီးကလည်း မသေးလှပါဘူး။ OEF မှာ အသက်ပေးသွားတဲ့ စစ်သည် ၁၄ဦးနဲ့တကွ ဆီးရီးယားမှာ အသတ်ခံလိုက်ရတဲ့ စစ်သည် ၂ဦးနဲ့ အရပ်သား တဦးတို့ကို အမြဲအောက်မေ့သတိရ ဂုဏ်ပြုနေမှာပါလို့ ဖော်ပြထားပါတယ်။

လွှတ်တော်ကြားနာပွဲမှာ CENTCOM Commander Adm. Brad Cooper က အရင်က ဟူသီတွေ ယီမင်နီတွေသုံးတဲ့ တခုကို ၃သောင်းခွဲတန်ဒရုန်းတွေကို သန်းချီတန်တဲ့ ပေးထရီရော့ဒုံးတွေနဲ့ ဖျက်ချရတဲ့ခေတ်က ကုန်သွားပါပြီ။ ဒီနေ့ ခြိမ်းခြောက်နေတဲ့ ဒရုန်းတွေဟာ ဂျက်ပါဝါ၊ ဈေးကြီးတဲ့ sensor, electronic warfare, ထလရ signal တွေပါလို့ ခေတ်မီဆန်းပြားပြီး ဈေးကြီးနေပါပြီ။ အခုအမေရိကန်က အီရန်ကိုပစ်တဲ့ ဒရုန်းတွေက တလမ်းသွား ဈေးချိုတဲ့ ဒရုန်းတွေဖြစ်ပြီး အဲဒါတွေကို ကာကွယ်ဖို့ အီရန်က ပိုဈေးကြီးတဲ့လက်နက်တွေ သုံးနေရတဲ့အတွက် အရင်ကနဲ့ ပြောင်းပြန်ဖြစ်နေပါပြီ လို့ တင်ပြသွားပါတယ်။

သမ္မတထရမ့်ရဲ့ တရုပ်နိုင်ငံခရီးစဥ်မှာ တရုပ်ဖက်က ဘိုးရင်းလေယာဥ် အစီး ၂၀၀ ဝယ်ယူဖို့ သဘောတူလိုက်ပါတယ်။ သုံးသပ်သူတွေက အစီး၅၀၀ လောက်အထိ ဝယ်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် တရုပ်ပြည်တွင်းမှာ စီးပွားရေးပြဿနာတွေရှိနေချိန်ဖြစ်လို့ နဲသွားတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ၂၀၁၇ သမ္မတထရမ့် တရုပ်ပြည်သွားတုန်းက အစီး ၃၀၀ ရောင်းခဲ့ပြီးနောက်ပိုင်း ပထမဆုံး ဝယ်ယူတာ ဖြစ်ပါတယ်။ စီးပွားရေးကောင်းနေရင်တော့ ရှီ အိမ်ဖြူတော်ကို စက်တင်ဘာမှာ လာတဲ့အခါ ထပ်ဝယ်ကောင်းဝယ်ပါလိမ့်မယ်။

သမ္မတထရမ့်ကို ကြိုဆိုကြတဲ့ထဲမှာ ထရမ့်တခုတ်တရ ပြောသွားတာက ခုန်ပေါက်ကြိုဆိုနေကြတဲ့ ကလေးငယ်တွေပါပဲ။ ပျော်နေတဲ့ကလေးတွေလို့ ယဥ်ကျေးသမှုနဲ့ ပြောသွားပေမယ့် တကယ်တမ်းမှာ ပျော်လို့ခုန်တာမဟုတ်ပဲ အမိန့်နဲ့ ခုန်နေကြတာပါ။ အဝတ်အစားက လည်စည်းအနီနဲ့ ယူနီဖောင်းနဲ့ဆိုတဲ့ ကွန်မြူနစ်ရုပ်ကိုဖျောက်ပြီး အမေရိကန်ကလေးတွေလို ဝတ်ချင်တာဝတ်ထားတဲ့ ပုံပေါက်အောင် လုပ်ထားပါတယ်။ သမ္မတထရမ့် ယဥ်တန်းလာတဲ့နေရာတွေ၊ တည်းတဲ့ဟိုတယ်နားတဝိုက် စတာတွေမှာ ခါတိုင်းလို မတားမြစ်ထားတဲ့အတွက် ပြည်သူအများအပြား လာရောက် ပြီး စောင့်ကြည့်ကြ၊ ဓါတ်ပုံ/ ဗီဒီယို ရိုက်ကြ၊ ၄ရာသီဟိုတယ်က ထရမ့်တည်းတဲ့ အပေါ်ဆုံးထပ်မှာ  လိုက်ကာတွေ မဆွဲထားတာပါ ပြောမဆုံးဖြစ်နေကြပါတယ်။ တရုပ်သတင်းစာတွေမှာလည်း အရင်လို အမေရိကန်ဆန့်ကျင်ရေးတွေ သိပ်မပါတော့ပဲ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတာပါ။ နိုင်ငံပိုင်သတင်းစာတွေက တချိန်လုံး မှိုင်းတိုက်နေပေမယ့် တရုပ်လူထုကြားမှာတော့ ထရမ့်ဟာ လူကြိုက်များပါတယ်။

Leave a comment