နိုင်ငံခြားဝကမာကိုရူဘီယိုရဲ့ ကျူးဘန်းပြည်သူတွေအတွက် အမှာစကား

၁၉၀၂ တုန်းက ကျူးဘားလွတ်လပ်ရေးရခဲ့တယ်၊ ဒီနေ့မှာတော့ ကျူးဘားပြည်သူတွေဟာ ဆင်းရဲကြပ်တည်းမှုမျိုးစုံကို ခါးစည်းခံစားနေကြရတယ်။ ဘာကြောင့်လဲ။ အမှန်တရားကို ပြောပြမယ်။ အမေရိကန်က ကျူးဘားပြည်သူတွေကို ကူညီချင်တယ်ဆိုတာ လတ်တလောအခက်အခဲတွေတင်မက ကောင်းမွန်တဲ့အနာဂတ် တည်ဆောက်ဖို့လည်း ဖြစ်ပါတယ်။

တနေ့ကို လျှပ်စစ်မီး ၂၂နာရီ မရတာဟာ အမေရိကန်က ရေနံတွေမဝင်ရအောင် ပိတ်ဆို့ထားလို့ မဟုတ်ဘူးဆိုတာ မီးပြတ်တဲ့ပြဿနာကို နှစ်ပေါင်းများစွာခံစားနေရတဲ့ ပြည်သူတွေက ပိုသိမှာပါ။ လျှပ်စစ်တို့၊ လောင်စာ/ဓါတ်ဆီ/ဓါတ်ငွေ့၊ အစားအစာ စတာတွေ မလုံလောက်တဲ့ အဓိကအကြောင်းက ကျူးဘားကို အုပ်ချုပ်နေတဲ့သူတွေက ဘီလီယံချီတဲ့ဒေါ်လာတွေကို ပြည်သူတွေအတွက်မသုံးပဲ ဘုံးထားကြလို့ပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀က Raul Castro က GAESA လို့ခေါ်တဲ့ ကုမ္ပဏီတခုကို ထူထောင်လိုက်ပါတယ်။ အဲဒီကုမ္ပဏီကို စစ်တပ်က ပိုင်ပြီး ဝင်ငွေက အစိုးရဘတ်ဂျက်ထက် ၃ ဆပိုပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ အဲဒီကုမ္ပဏီကလူတွေက ပိုင်ဆိုင်မှု ၁၈ဘီလီယံဒေါ်လာရှိပြီး ကျူးဘား စီးပွားရေးရဲ့ ၇၀% ကို ထိန်းချုပ်ထားပါတယ်။ သူတို့ဟာ ဟိုတယ်တွေ၊ ဆောက်လုပ်ရေး ကုမ္ပဏီတွေ၊ ဘဏ်တွေ၊ ဆိုင်တွေနဲ့ မင်းတို့ရဲ့ ဆွေမျိုးမိသားစုတွေ နိုင်ငံခြားကနေ ပြန်ပို့တဲ့ ဒေါ်လာတွေကနေ  အမြတ်အစွန်းများစွာ ရနေကြတာပါ။ သူတို့လက်ထဲကို ဖြတ်သွားတဲ့ ပိုက်ဆံမှန်သမျှ သူတို့က ရာခိုင်နှုန်းတခု ဖြတ်ယူထားတယ်လေ။ ဒါပေမယ့် GAESA ရဲ့ အမြတ်အစွန်းတွေကျတော့ ပြည်သူဆီကို တပြားမှ ရောက်မလာပါဘူး။

တခြားနိုင်ငံတွေက သူတို့ရတဲ့ပိုက်ဆံတွေနဲ့ တိုင်းပြည်အတွက် ရေနံဝယ်ကြပေမယ့် သူတို့ကတော့ ဟြူဂိုချာဗက်စ် တို့ မဒူရိုတို့ ဆီက အလကားရတဲ့ဆီကိုပဲ ယူကြပါတယ်။ အခု အဲလိုအလကားရတဲ့ ရေနံမရတော့တဲ့အခါကျတော့ သူတို့က သူတို့ရဲ့ ဂျန်နရေတာနဲ့ သူတို့ကားတွေအတွက်ပဲ ဆီဝယ်ကြပါတယ်။ ပြည်သူတွေကတော့ ခံကြပေါ့။ သူတို့ရတဲ့ပိုက်ဆံတွေနဲ့ အိုဟောင်းပျက်ယွင်းနေတဲ့ ဓါတ်အားပေးစက်တွေကို ပြုပြင်မွန်းမံရမယ့်အစား နိုင်ငံခြားသားတွေအတွက် ဟိုတယ်တွေ တိုးဆောက်တယ်၊ သူတို့အမျိုးတွေကို မဒရစ်တို့ အမေရိကန်တို့မှာ ဇိမ်နဲ့နေရအောင် ပို့လွှတ်တယ်။

ဒီနေ့ကျူးဘားကို ဘယ်တော်လှန်ရေးကမှ ထိန်းချုပ်ထားတာမဟုတ်ဘူး၊ GAESA က ထိန်းချုပ်ထားတာ။ အဲဒါဟာ (နိုင်ငံ)အိမ်ကြီးထဲမှာ ဘယ်သူ့ကိုမှ တာဝန်ခံစရာမလိုပဲ ထိပ်ပိုင်းလူတစု အတွက် နိုင်ငံ့အမြတ်အစွန်းတွေကို ခွအုပ်နေတဲ့ (နိုင်ငံ)အိမ်ကလေးထပ်ဆောက်ထားတာပါ။ အစိုးရလုပ်နေတာ တခုတည်းပါ၊ ပြည်သူတွေကို ဆက်ပြီး အနစ်နာခံဖို့ ပြောနေတာဖြစ်ပြီး မကျေနပ်မှုကို ထုတ်ဖော်လာသူတွေကို ဖိနှိပ်တာပဲ ဖြစ်ပါတယ်။

သမ္မတထရမ့်က ကျူးဘားနဲ့ အမေရိကန်ကြား ဆက်ဆံရေးသစ်တခု ထူထောင်ချင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျူးဘန်းပြည်သူတွေနဲ့ တိုက်ရိုက်ပဲ ဖြစ်ရပါမယ်၊ GAESA နဲ့ မဟုတ်ပါဘူး။ ပထမဆုံးအနေနဲ့ အမေရိကန်က ကျူးဘန်းပြည်သူတွေအတွက် အစားအစာနဲ့ ဆေးဝါး သန်း၁၀၀ဖိုး ပို့ကူပါမယ်၊ GAESA က မခိုးအောင်နဲ့ သူတို့ဆိုင်တွေမှာ တင်မရောင်းအောင် ကက်သလစ်ချာ့ချ်ကဖြစ်ဖြစ် တခြားယုံကြည်ရတဲ့ ကွန်ယက်တွေကဖြစ်ဖြစ် သွားပါမယ်။ ဒါပေမယ့် ကျူးဘန်းပြည်သူတွေဟာ သူများလှူတာကို အမြဲတမ်းအားကိုးနေမယ့်သူတွေမဟုတ်တော့ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာ နေနေတဲ့ မင်းတို့ဆွေမျိုးတွေလို ကိုယ့်နိုင်ငံမှာကိုယ်နေပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရတဲ့ အခွင့်အရေးမျိုး လိုချင်ကြမှာပါ။

ဒီနေ့ခေတ်မှာ မီဒီယာကစလို့ ဖျော်ဖြေရေးကဏ္ဍအထိ၊ ပုဂ္ဂလိကကဏ္ဍကနေ နိုင်ငံရေးနယ်ပယ်အထိ၊ ဂီတကနေ အားကစားအထိ နိုင်ငံအသီးသီးက ကျူးဘန်းတွေဟာ ကဏ္ဍတိုင်းမှာ ထိပ်က ရောက်နေပါတယ်။ ကျူးဘားတနိုင်ငံကလွဲလို့ပေါ့။ ကျူးဘားမှာကျတော့ GAESA နဲ့ပတ်သက်တဲ့ သူတွေလောက်ပဲ အမြတ်အစွန်းရှိတဲ့စီးပွားရေးကို ပိုင်ဆိုင်ခွင့်ရကြတာပါ။ ဒါကြောင့် သမ္မတထရမ့်က အမေရိကန်နဲ့ ကျူးဘားနိုင်ငံသစ်အကြား ဆက်ဆံရေးလမ်းကြောင်းသစ် ဖော်ဆောင်ဖို့ ကမ်းလှမ်းထားပါတယ်။

အဲဒီကျူးဘားနိုင်ငံသစ်မှာ GAESA မဟုတ်တဲ့ ကျူးဘန်းတွေဟာလည်း ဆီဆိုင်ပိုင်နိုင်မယ်၊ အထည်ဆိုင်၊ စားသောက်ဆိုင် စသည်ဖွင့်နိုင်မယ်၊ ဘဏ်ဖွင့်နိုင်မယ်၊ ဆောက်လုပ်ရေး လုပ်နိုင်မယ်၊ ကျူးဘားကွန်မြူနစ်ပါတီကမှမဟုတ်ပဲ ဘယ်ကျူးဘန်းမဆို တီဗီစတေရှင် ထောင်နိုင်မယ်၊ သတင်းစာထုတ်ဝေနိုင်မယ်၊ စနစ်ကြီး ယိုယွင်းနေတယ်ဆိုရင်လည်း ထောင်ချခံရမှာ၊ ပြည်နှင်ဒဏ်ပေးခံရမှာကို မစိုးရိမ်ရပဲ အရှိကိုအရှိအတိုင်း ဝေဖန်နိုင်မယ်၊ ကိုယ်ကြိုက်တဲ့ အစိုးရကို ကိုယ့်ဖာသာရွေးချယ်ပိုင်ခွင့်ရှိမယ်၊ အစိုရလုပ်တာ မဟုတ်နေရင်လည်း မဲပေးဖြုတ်ချနိုင်ရမယ်၊ ဒါတွေက မဖြစ်နိုင်တာ မဟုတ်ပါဘူး၊ ဘဟားမားတို့ ဒိုမီဒီကန်ရီပါ့ဘလစ်တို့ ဂျမေကာတို့ ဖလော်ရီဒါတို့မှာ ရှိနေပြီးသားပါ။ စီးပွားရေးလုပ်ပိုင်ခွင့်နဲ့ မဲပေးခွင့်က ကျူးဘားပတ်ဝန်းကျင်မှာ ဖြစ်နိုင်လာပြီဆိုရင် ကျူးဘားမှာရော ဘာလို့မဖြစ်နိုင်ရမှာလဲ။

အမေရိကန်တွေကတော့ ကျူးဘားပြည်သူတွေနဲ့ရော နှစ်နိုင်ငံအချင်းချင်းကြားမှာပါ ဆက်ဆံရေးကဏ္ဍသစ် ထူထောင်ဖို့ အဆင့်သင့်ဖြစ်နေကြပါပြီ။ လက်ရှိကျူးဘားနဲ့ ပိုကောင်းတဲ့ အနာဂတ်ရှိတဲ့ကျူးဘားကြားမှာ ခံနေတာက လက်ရှိအုပ်ချုပ်သူတွေပါပဲ။

Leave a comment