ပင်လယ်ကွေ့နိုင်ငံတွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် အီရန်ကိုတိုက်ဖို့ ဆိုင်းငံ့ထားတာဟာ ၇၂နာရီပဲ ဖြစ်လို့ အဲဒီအချိန်အတွင်းမှာ အီရန်သဘောတူလာအောင်လုပ်ဖို့ သူတို့မှာ တာဝန်ရှိလာပြီဖြစ်ပါတယ်။ အခု အဲဒီ ၇၂နာရီပြည့်ခါနီးမှာ သမ္မတထရမ့်က အိမ်ဖြူမှာ အလုပ်ကိစ္စအရေးကြီးနေလို့ ဒီရက်ထဲမှာ ဘဟားမားစ်မှာလုပ်မယ့် သူ့သားကြီးမင်္ဂလာဆောင်ကို မတက်ရောက်နိုင်ကြောင်း ထရုသ်ဆိုရှယ်ကနေ ကြေငြာသွားပါတယ်။ နယူးယောက်မှာ ရောက်နေစဥ် နယူးဂျာစီကို ဆက်သွားမယ့်အစီအစဥ်ကို ဖျက်ပြီး ဝါရှင်တန်ကို ပြန်သွားခဲ့တာပါ။ ကာပီတိုနားမှာ သမ္မတထရမ့်ရဲ့ ယာဥ်တန်းကြီးက အရှိန်ပြင်းပြင်း ဖြတ်မောင်းသွားတယ်လို့ သတင်းရပြီး ထလရအရာရှိကြီးတွေကလည်း ခုလို ပိတ်ရက်ရှည်မှာ သွားစရာရှိတာတွေကို ဖျက်ပြီး ဒီစီမှာ အသင့်ရှိနေကြရတယ်လို့ ဆိုပါတယ်။
အစ္စရေးဝကခကရော အမေရိကန်အမတ်တချို့ကပါ အီရန်ကို ဆက်တိုက်ဖို့ မီးစီမ်းပြစေချင်နေကြတဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒေသတွင်း တင်းမာမှု မြင့်တက်နေတဲ့အတွက် အီရန်ဘက်က သတင်းမှာ နိုင်ငံအနောက်ပိုင်းလေပိုင်နက်ကို ပိတ်လိုက်ပြီး နေ့အခါမှာပဲ ပျံသန်းခွင့်ပြုမယ်လို့ ဆိုပါတယ်။
နောက်သတင်းတခုမှာလည်း အမေရိကန်နဲ့ အီရန်ကြား ဖြစ်လာနိုင်တဲ့ သဘောတူညီချက် နောက်ဆုံးမူကြမ်းကို ကြေငြာဖို့ နာရီပိုင်းပဲ လိုတော့တယ်လို့ Al Arabiya က ဆိုပါတယ်။ အဲဒီထဲမှာ ပါဝင်နိုင်တဲ့ အဓိကအချက်တွေက
- မြေပြင်၊ ရေပြင်နဲ့ ဝေဟင်စစ်မျက်နှာပေါင်းစုံမှာ ခြွင်းချက်မရှိ ချက်ခြင်းအပစ်ရပ်ဖို့။
- စစ်ဖက်၊ အရပ်ဖက်နဲ့ စီးပွားရေးအခြေခံအဆောက်အဦတွေကို ၂ဖက်လုံးက ပစ်မှတ်မထားဖို့။
- အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုကို လေးစားပြီး ပြည်တွင်းရေးမှာ ဝင်မစွက်ဖို့။
- အာရေဗျပင်လယ်ကွေ့၊ ဟော်မုဇ်ရေလက်ကြားနဲ့ အိုမန်ပင်လယ်ကွေ့တို့မှာ လွတ်လပ်စွာ သွားလာခွင့်ကို အာမခံဖို့။
- သဘောတူညီချက် အကောင်အထည်ဖော်တာကို စောင့်ကြည့်ဖို့နဲ့ ပဋိပက္ခတွေ ရှိလာခဲ့ရင် ဖြေရှင်းမယ့် ပူးတွဲစနစ်တရပ် ထူထောင်ဖို့။
- မဖြေရှင်းရသေးတဲ့ ပြဿနာတွေကို ၇ရက်အတွင်း စတင်ဆွေးနွေးဖို့။
- အီရန်ဘက်က သဘောတူညီချက်ကို အကောင်အထည်ဖော်တာနဲ့အညီ အမေရိကန်ဆန်ရှင်ကို ဖြည်းဖြည်းချင်း ရုတ်သိမ်းဖို့။
- သဘောတူညီချက်မူကြမ်းမှာ နိုင်ငံတကာဥပဒေနဲ့ ယူအန်ချာတာတို့နဲ့ ကိုက်ညီမှုရှိကြောင်း ထပ်လောင်းအတည်ပြုဖို့။
- သဘောတူညီချက်ကို နှစ်ဖက်တရားဝင်ကြေငြာပြီးပြီးချင်း သက်ရောက်မှုစတင်စေဖို့။
အီရန်ကို တိုက်ရတဲ့အကြောင်းရင်းထဲမှာ နျူကိစ္စက အဓိကဖြစ်လို့ အပေါ်က အချက်တွေထဲမှာ နျူကိစ္စမတွေ့တာက သိပ်အဓိပ္ပါယ်မရှိနေပါဘူး။ အီရန်ပြည်တွင်းမှာလည်း အမေရိကန်ဘက်က ဆွေးနွေးဖို့ လိုလားနေချိန်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ထပ်လုပ်မယ့်အစား အခြေအနေမှန်ကို ထည့်စဥ်းစားပြီး လက်တွေ့ကျကျ စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အသံတွေ ပိုကျယ်လောင်လာတာ တွေ့ရပါတယ်။
ပြင်သစ်ကာဝန်မက အမေရိကန်က ဟော်မုဇ်မှာ မိုင်း အနည်းဆုံး ၁၀လုံးတွေ့ထားပြီးတာတောင် ခုနေချိန်ခါမှာ ဟော်မုဇ်မှာမိုင်းရှိတယ်လို့ အတပ်မပြောနိုင်ပါဘူး၊ ရှိခဲ့ရင် ရှင်းလင်းဖို့လိုအပ်လာနိုင်တဲ့ အတွက် ပြင်ဆင်ထားပါတယ်လို့ ဆိုပါတယ်။ အမေရိကန်က တွေ့တယ်ဆိုတာ တရားဝင်ပြောတာတော့ မဟုတ်ပါဘူး။ အမည်မဖော်လိုသူ ထလရတဦးက ပြောခဲ့တာပါ။ ပြင်သစ်က အာရေဗျပင်လယ်နားက အရှေ့အာဖရိကနိုင်ငံဖြစ်တဲ့ ဂျီဘူတီက အခြေစိုက်စခန်းမှာ မိုင်းရှင်းသင်္ဘော တစီးရှိနေပြီး ထပ်လွှတ်ထားတယ်လို့လည်း ဆိုပါတယ်။ ထပ်လွှတ်ထားတယ်ဆိုတဲ့သတင်းကတောင် ကြာနေပြီဖြစ်လို့ တကယ်ဆို ရောက်သင့်နေပါပြီ။ ဗျူရိုကရက်ကြီးစိုးတဲ့ နေရာတွေထုံးစံအတိုင်း လာမယ် ကြာမယ်ဆိုသလိုများ ဖြစ်နေသလားပါပဲ။
နေတိုးက ဇူလိုင်လဆန်းရောက်လို့ ဟော်မုဇ်က မပွင့်သေးဘူးဆိုရင် တပ်တွေလွှတ်ရကောင်းမလား စဥ်းစားနေပါတယ်တဲ့။ ထရမ့်နဲ့ နိုင်ငံရေးသမားလုပ်စားတွေ အဲဒါတွေကွာတာပါ။ ဘာဖြစ်လို့ ဇူလိုင်အထိ စောင့်ကြမှာလဲ။ အဲဒီလိုစောင့်ရင်းစောင့်ရင်းနဲ့ပဲ နျူပိုင်ဖို့ အဲဒီလောက်ကပ်လာတာလေ။
အီရန်အစိုးရကို ဆန်ရှင်တွေ ကျော်ခွနိုင်အောင် ကူညီပေးနေတယ်လို့ အနောက်နိုင်ငံတွေက စွပ်ပွဲနေတဲ့ အီရန် ခရိုနီသူဌေး Babak Zanjani ဟာ Binance နဲ့ ပတ်သက်နေတဲ့ cryptocurrency ကွန်ယက်တွေကို အသုံးပြုပြီး အီရန်အစိုးရနဲ့ IRGC အတွက် ဘီလီယံနဲ့ချီတဲ့ ငွေတွေ ဝင်လာနိုင်အောင် ကူညီပေးနေတယ်လို့ သိရပါတယ်။ Binance က တရုပ်ကစတင်တာဖြစ်ပေမယ့် ငွေဖြူဖွတ်တဲ့ Anti-Money Laundering အစီအစဥ်တွေကို လုံလုံလောက်လောက် စည်းကြပ်ဖို့ပျက်ကွက်မှုနဲ့ အမေရိကန် (ပင်မပလက်ဖောင်ပိတ်)နဲ့ တရုပ်အပါအဝင် နိုင်ငံတချို့မှာ ပိတ်ပင်ထားတာဖြစ်ပါတယ်။
ဟော်လန်အင်စတီကျုက အစီရင်ခံစာထဲမှာ အီရန်က ဂျော်ဂျီယာနိုင်ငံအပေါ် ဩဇာလွှမ်းဖို့ အလျင်အမြန် လုပ်ဆောင်လာတယ်လို့ ဖော်ပြထားတာက အမေရိကန်တာဝန်ရှိသူတွေနဲ့ သုံးသပ်သူတွေကိုအတွက် သတိပေးလိုက်သလိုပါပဲ။ အီရန်နဲ့ ပတ်သက်မှုရှိနေတဲ့ ကွန်ယက်တွေက ဂျော်ဂျီယာနိုင်ငံမှာ တက်တက်ကြွကြွ လှုပ်ရှားနေကြပြီး ဂျော်ဂျီယာကလည်း အီရန်ကို အထောက်အပံ့ ပစ္စည်းတွေ ပို့ပေးနေတဲ့ ရုရှားစစ်လေယာဥ်တွေကို သူ့လေပိုင်နက်ကို ဖြတ်သန်းခွင့် ပြုထားတာပါ။ ဂျော်ဂျီယာက ရုရှားနဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး အီရန်နဲ့ကြားမှာ အာမေးနီးယား၊ အဇာဘိုင်ကျန်၊ တူရ်ကီတို့ပဲ ခြားတာဖြစ်ပါတယ်။
ရုရှားက အမေရိကန်၊ တရုပ်တို့နဲ့ ပူးပေါင်းပြီး အာတိတ်ဒေသ ရင်းမြစ်ထုတ်ဖော်ရေး၊ စွမ်းအင်၊ အာကာသစတဲ့ နှစ်ဖက်အကျိုးရှိစေမယ့် ကိစ္စတွေအပေါ် ပူးပေါင်းဆောင်ရွက်ကြဖို့ စဥ်းစားနေတယ်လို့ Russia Direct Investment Fund ရဲ့ CEO Kirill Dmitriev က ဆိုပါတယ်။ ဒါပေမယ့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နဲ့ ယူကရိန်းကိစ္စကို သပ်သပ်စီ စဥ်းစားမှ ရှေ့ဆက်နိုင်မယ်လို့ ပြောထားတာပါ။ ပူတင် အလောသုံးဆယ် ပေကျင်းကိုသွားတာ အဲဒီကိစ္စတွေလည်း ပါနိုင်ပါတယ်။ သမ္မတထရမ့်က အရင် ဒီမိုကရက်တွေနဲ့ အလွမ်းသင့်ခဲ့တဲ့ စီးပွားရေးသမားအကြီးစားတွေကိုတောင် လက်တွေ့ကျကျ စီးပွားဖြစ်စေတဲ့ မူတွေနဲ့ သူ့ဖက်ပါအောင် ဆွဲဆောင်နိုင်သူဖြစ်တော့ ရန်သူကနေ စီးပွားဖက်ဖြစ်လာနိုင်မယ်ဆိုရင် ကမ္ဘာမှာ ပြဿနာတချို့ စစ်ပွဲတချို့ လျော့သွားနိုင်မယ်လို့ မျှော်လင့်ထားပုံရပါတယ်။
ရုရှားက ရွှေတွေ စံချိန်တင်ထုတ်ရောင်းနေချိန်မှာ တရုပ်က စံချိန်တင် ဝယ်ယူနေတာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၂၀၂၂တုန်းက ရွှေပိုင်ဆိုင်မှု အောင်စ ၇၃.၉သန်းကနေ ဒီနှစ် ပထမ ၄လမှာ အောင်စ ၉သိန်းအောက်ကို ရောက်သွားပြီဖြစ်ပါတယ်။ ကဗမတိုင်ခင်က ဘဏ်အော့ဖ်ရုရှားက ကမ္ဘာ့အကြီးဆုံး ရွှေဝယ်သူတဦးဖြစ်ပါတယ်။ ယူကရိန်းစစ်နဲ့ အခြေမလှနေတဲ့ရုရှားက ဆိုက်ဘေးရီးယားကနေ တရုပ်ကို ရေနံတင်ပို့မယ့် ပိုက်လိုင်းနံပါတ် ၂ တည်ဆောက်ဖို့ အဆိုပြုချက်ကို ရှီက ပယ်ချထားပါတယ်။ တရုပ်က ဓါတ်ငွေ့ဈေးကို ရုရှားပြည်တွင်းမှာ ရောင်းတဲ့ဈေးနဲ့ လိုချင်တာပါ။ ပြည်တွင်းမှာက အစိုးရက ထောက်ပံ့ထားတာတွေရှိလို့ ဈေးချိုနေတာပါ။ မိတ်ဆွေသဘောမရှိပဲ ပိုက်ဆံမျက်နှာပဲ ကြည့်တဲ့ တရုပ်ပါ။ ပူတင်ကိုတောင် ဒီလိုလုပ်တယ်ဆိုရင် မမပြည်ကဟာတွေကို ဘယ်လောက်တောင် ဈေးနှိမ်ထားမလဲ တွေးကြည့်နိုင်ပါတယ်။