ကာလီဖိုးနီးယားမှာ အစစ ဘာလို့ဈေးကြီးနေတာလဲ။

ကာလီဖိုးနီးယားမှာ တခြားပြည်နယ်တွေထက် ဘာကြောင့် ဈေးပိုကြီးနေတာလဲ၊ လုပ်ငန်းတွေကရော တခြားပြည်နယ်တွေကို ဘာလို့ ပြောင်းပြေးကြတာလဲ၊ ဘာလို့အခွန်အခ ပိုဈေးကြီးနေတာလဲ စတဲ့ မေးခွန်းတွေအတွက် အဖြေမှန်ကို သိချင်သူများအတွက် ဂါဗာနာလောင်းဝင်ပြိုင်မယ့် စတိဗ် ဟေလ်တန်ရဲ့ မေးမြန်းချက်တွေကို အေ့စ်ကုန်မာဆိုင်က လူငယ်လေးက အခုလို ဖြေကြားသွားပါတယ်။

တလထက်တလ ပိုမိုရှည်လျားတဲ့စာရင်းနဲ့ ကာလီဖိုးနီးယားကဆိုင်တွေမှာ တင်မရောင်းရတော့မယ့် ပစ္စည်းစာရင်း ထွက်ထွက်လာပါတယ်။ အဲဒါတွေကို စင်တွေကနေ ဖယ်ရှား၊ တခြားပြည်နယ်ကိုပို့ပြီး ကာလီဖိုးနီးယားဥပဒေတွေနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေကို ပြောင်းမှာရ၊ တင်ရောင်းရပါတယ်။ ဥပမာ ကာလီဖိုးနီးယားက သုတ်ဆေး paint တွေမှာ ပုံမှန်သုတ်ဆေးတွေမှာပါတဲ့ တာပင်တိုင်တို့ denatured alcohol တို့ကို တားမြစ်စာရင်းထဲ ထည့်လိုက်လို့ ပြန်ဖယ်ရတာရှိသလို တချို့ကျတော့လည်း ကာလီဖိုးနီးယားဥပဒေအရ ဝမ်နင်လေဘယ်မကပ်လိုက်မိလို့ ဖယ်ထားလိုက်ရတာတွေလည်း ရှိနေပါတယ်။ ကမ်းခြေတို့ အိမ်ခြံဝင်းတို့ ပန်းခြံတို့မှာ သုံးတဲ့ ထီးကြီးတွေဆိုရင် PFAS ဆိုတဲ့ waterproof ဖြစ်စေတဲ့ ဓါတုပစ္စည်းပါနေတာကို ကာလီဖိုးနီးယားက ခွင့်မပြုတဲ့အတွက် အကုန်ဖယ်ပစ်ရပြီး ကာလီဖိုးနီးယားဥပဒေနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့ ထီးတွေကို မှာယူပြီး တင်ရောင်းရပါတယ်။

တခြားပြည်နယ်မှာ ရောင်းလို့ရပေမယ့် ကာလီဖိုးနီးယားမှာ ရောင်းမရလို့ အသစ်ထုတ်ပေးရတဲ့အခါမှာ စားရိတ်စက အများကြီးပိုတက်သွားတဲ့အတွက် ကာလီဖိုးနီးယားမှာ အစစအရာရာ ဈေးကြီးနေတာ ဖြစ်ပါတယ်။ အခုဆို ဓါတ်ဆီ/ဒီဇယ်နဲ့သုံးလို့ရတဲ့ မြက်ရိတ်စက်၊ သစ်ရွက်/အမှိုက်ရှင်းတဲ့ လေမှုတ်စက်တွေကို ပိတ်ပင်လိုက်ပြန်တော့ ဘက္ထရီနဲ့သုံးရတဲ့ စက်တွေကိုပဲ ပြောင်းရောင်းရပါတယ်။ အဲဒီဘက္ထရီနဲ့စက်တွေက အိမ်/ခြံသေးသေးမှာပဲ သုံးလို့ရပြီး ခြံကျယ်/ လုပ်ငန်းသုံးတွေအတွက် ခဏခဏ ပြန်အားသွင်းနေရတာက အတော့်ကို အဆင်မပြေတာပါ။ သုံးစွဲသူရော လုပ်ငန်းရှင်တွေ အတွက်ပါ အဆင်မပြေတဲ့အပြင် ဓါတ်ဆီသုံးအင်ဂျင်/ စက်တွေကို ပြင်တဲ့လုပ်ငန်းတွေပါ အလုပ်လက်မဲ့ ဖြစ်ကုန်ပါတယ်။ မကြာခင် အင်ဂျင်ကားသစ်တွေကို ပိတ်ပင်ပါတော့မယ်။ အဟောင်းပဲ ဝယ်မယ်လို့ စိတ်ကူးရင် အဟောင်းတွေကိုလည်း ဝယ်မရအောင် ဥပဒေမျိုးစုံနဲ့ ကြပ်ဦးမှာပါ။

ကာလီဖိုးနီးယားက ကုန်စုံဆိုင်တွေမှာ တင်ရောင်းတဲ့ နိုင်ငံခြားကလာတဲ့ အစားအစာအထုတ်တွေမှာ Proposition 65 Warning ဆိုတဲ့စာလေး ကပ်ထားတာ တွေ့မိကြမှာပါ။ အဲဒီစာကပ်ထားခံရတဲ့ အစားအသောက်တွေမှာ အန္တရာယ်ရှိတဲ့ ပစ္စည်းပါဝင်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လာတဲ့နိုင်ငံရဲ့ ရေ မြေ အနေအထားအရ ရှိတတ်တဲ့ ဓါတ်သတ္တုတွေ ပါဝင်နေနိုင်တာဖြစ်လို့ ဖြစ်နိုင်ခြေအနေနဲ့ ကပ်ထားကြတာပါ။ မကပ်ထားမိလို့ တရားစွဲခံရရင် စာကပ်ထားတယ်လေလို့ အကြောင်းပြနိုင်ဖို့ လုပ်ကြတာပါပဲ။ Proposition 65 နဲ့ ကိုက်ညီအောင် ဓါတ်သတ္တုပါဝင်မှုက သတ်မှတ်စံနှုန်းထက် နိမ့်ကြောင်း ပြချင်ရင် စစ်ရဆေးရတဲ့စားရိတ်နဲ့ ကရိကထက ကြီးမားလွန်းလို့ စာပဲ လွယ်လွယ် ကပ်လိုက်ကြတာပါ။ အဲဒါကိုကြည့်ရင် အဲဒီဥပဒေတွေက စားသုံးသူတွေအတွက် ဘာမှ အကျိုးမရှိတာ မြင်နိုင်ပါလိမ့်မယ်။  

ကာလီဖိုးနီးယားမှာ အိမ်ဈေးတွေကြီးတာလည်း မလိုအပ်တဲ့ ဥပဒေတွေကြောင့်ပါပဲ။ မကြာသေးမီကမှ ထွက်လာတဲ့ဥပမာတခုမှာ အပြာရင့် ဘာ့ကလေမြို့က ဒီမိုကရက်တွေက အိမ်တလုံးမရောင်းခင် ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ မလုပ်မနေရအချက်တွေကို မလုပ်ထားရင် ရောင်းလို့မရတော့တဲ့အထိပါပဲ။ ဥပဒေသစ်တွေအရ အိမ်ရောင်းမယ့်သူဟာ အစိုးရအသိအမှတ်ပြုလက်မှတ်ရထားတဲ့ အကဲဖြတ် assessor တဦးကို ငှားရမ်းပြီး ၁ မှတ်ကနေ ၁၀ မှတ်အထိပေးတဲ့ Home Energy Score ကို ရယူရပါတယ်။ အနည်းဆုံး ၆မှတ်ရမှ ရောင်းလို့ရပါတယ်။ အမှတ်ရဖို့ လိုအပ်တာတွေက heat pump water heater, heat pump HVAC systems, solar panels with battery storage, insulation, efficient windows, EV chargers, induction ranges, နဲ့ electrical panel upgrade အစရှိတာတွေ ပါဝင်ပါတယ်။ တချို့ဟာတွေက သိပ်ဈေးမကြီးပေမယ့် ကျန်တာတွေက ၅သောင်းအထက် ကုန်နိုင်တာမျိုးတွေပါ။

အဲဒီ mandate အတိုင်း upgrade လုပ်ဖို့ အကုန်အကျ များသလို ပိုက်ဆံရှိတိုင်းလည်း လုပ်ဖို့ မလွယ်ပါဘူး။ လေထဲက အပူဓါတ်ကို ဖမ်းယူပြီး သုံးရတဲ့စနစ်ဖြစ်တော့ နေရာကျယ်ကျယ် လိုသလို လိုသလောက် အပူဓါတ် မရနိုင်တာရယ်၊ လိုသလောက်မရရင် မီတာခ ပိုကျမှာရယ်၊ အပူဓါတ် ယူလိုက်တဲ့နေရာက ပိုအေးသွားတဲ့အတွက် ဆောင်းတွင်းတွေမှာ အဆင်မပြေနိုင်တာရယ်၊ ပျက်လွယ်တာရယ်၊ ပျက်ရင်ပြင်ဖို့ခက်တာရယ်၊ ကြာကြာမခံတာရယ်နဲ့ဆိုတော့ မူရင်းအိုင်ဒီယာ ကောင်းပေမယ့် လက်တွေ့မကျဘူး၊ လူတိုင်းသုံးဖို့ အတင်းမလုပ်သင့်ဘူးလို့ ပြောရမှာပါ။

ကာလီဖိုးနီးယားအိမ်ဈေးတွေ ကြီးတာ၊ မီးလောင်ပြီးအိမ်တွေ ပြန်ဆောက်ဖို့ခက်နေတာလည်း အဲဒီလို မလိုအပ်ပဲ တင်းကြပ်ထားတဲ့ ဥပဒေတွေကြောင့်ပါပဲ။ ဟိုကော်မရှင်၊ ဒီကော်မရှင်တွေဖွဲ့ပြီး အလားတူ ဥပဒေတွေကို မရမက လိုက်နာစေကြတာပါ။ ပတ်ဝန်းကျင်အကြောင်းပြပြီး ပြည်နယ်တွင်းက ရေနံတွင်းတွေ ရေနံချက်စက်ရုံတွေ ပိတ်ပစ်ရတဲ့အထိ ဥပဒေမျိုးစုံနဲ့ တင်းကြပ်တာကလည်း အခွန်အကောက် များတာလိုပဲ ကာလီဖိုးနီးယားမှာ ဆီဈေးကြီးရခြင်း၊ အလုပ်လက်မဲ့တိုးရခြင်းတို့ရဲ့ အကြောင်းရင်းတခုပဲ ဖြစ်ပါတယ်။

ကာလီဖိုးနီးယားက အဲဒီလို ပြည်သူအခက်တွေ့စေ၊ အကုန်အကျ များစေမယ့် ဥပဒေတွေကို ဖောဖောသောသော ထုတ်နေကြပေမယ့် ပြည်သူ့ဘဏ္ဍာတွေ အဘုန်းမခံရအောင် ကာကွယ်ပေးမယ့် ဥပဒေတွေကျတော့ အုပ်ချုပ်သူတွေ အာရုံကျမနေကြပါဘူး။ မင်နီဆိုးတားမှာ ကလေးတွေနဲ့ ပတ်သက်တဲ့ လိမ်လည်မှုတွေ များသလိုပဲ လူအိုများတဲ့ ကာလီဖိုးနီးယားမှာ hospice fraud က အကြီးကျယ်ဆုံး ဖြစ်ပါတယ်။ LA county တခုထဲမှာကို တနိုင်ငံလုံးက hospice billing ရဲ့ ၁၈% ၃.၅ဘီလီယံဘိုး လိမ်ထားတာပါ။ လိမ်တဲ့လူတွေက ပြည်နယ်တာဝန်ရှိသူအဆင့်ဆင့်ရဲ့ ကြီးကြပ်မှုအားနည်းချက်တွေကို သိထားကြတော့ စာရွက်ပေါ်မှာကုမ္ပဏီထောင်ပြီး လူနာမရှိတဲ့ hospice တွေနဲ့ လိမ်စားနေကြတာပါ။ သူတို့က အဲဒီလိုလိမ်စားနေတော့ တကယ်လိုအပ်တဲ့ လူတွေအတွက် ခက်ခဲသွားသလို ကိုယ့်နာမယ်ယူပြီး hospice bill လိမ်ထုတ်ခံရသူတွေအတွက် ဆေးကုခွင့်တောင် မရတော့တဲ့အထိပါပဲ။

ဒီပြဿနာတွေကို မကြာသေးမီကမှ youtuber နစ်ခ်ရှာလီက hospice နဲ့ daycare မှာ သန်း ၁၇၀ လိမ်ထားတာ/ လေလွင့်နေတာတွေကို ပြည်သူကိုတင်ပြခဲ့ပေမယ့် ပြည်နယ်အစိုးရက သိနေတာ ကြာပါပြီ။ သိနေရင် ပြင်ရမယ်ဆိုပေမယ့် ပြင်ဖို့လိုအပ်တဲ့ ဥပဒေတွေက ထွက်မလာပဲ ဘလိမ်းဘော်လီဘောပုတ်နေကြတာနဲ့ပဲ ပြီးနေကြတာပါ။ ပုလင်းတူဗူးဆို့ မီဒီညာတွေကလည်း ဒါမျိုးတွေကို ပြည်သူသိအောင် မတင်ပြကြပါဘူး။

Prescription နဲ့ထုတ်ရတဲ့ ဆေးဝါးတွေ အပေါ်မှာလည်း လိမ်လည်မှုက သန်းရာချီတာပါပဲ။ Medi-Cal နဲ့ Medicare ကို မလိုပေမယ့် ဈေးကြီးတဲ့ ဆေးဝါးတွေအတွက် bill လုပ်တာမျိုး၊ လူနာမရှိ (သို့) လူနာလက်ထဲမရောက်တဲ့ ဆေးဝါးတွေ အထုတ်ပြတာမျိုးတွေ လုပ်နေကြတာပါ။ အခုနောက်ပိုင်း ပြည်နယ်တရားရေးဌာနက Medi-Cal Fraud and Elder Abuse task force နဲ့ ကြီးကြပ်တယ်ဆိုပေမယ့် ပြည်နယ်တရားရေးကလည်း အပြာလွှမ်းနေပြန်တော့ ပြည်သူဘက်က ရပ်မယ့်သူ မရှိသလောက် ဖြစ်နေပြန်ပါတယ်။

ကာလီဖိုးနီးယားက အလိမ်တွေ လေလွင့်ပြုန်းတီးတာတွေ ပြောရမယ်ဆိုရင်တော့ ကုန်မှာမဟုတ်ပါဘူး။ နျူဆမ်မတက်ခင်က ကာလီဖိုးနီးယားက ၁၃.၈ဘီလီယံ ပိုငွေပြတာကနေ နျူဆမ်သက်တမ်းလည်းကုန်ရော ၄၆.၈ဘီလီယံ လိုငွေပြတဲ့အထိပါပဲ။ ၂၀၁၇ကစတင် ပလန်ချခဲ့တဲ့ NASA က Artemis II အတွက် ၄ဘီလီယံကုန်ကျခဲ့ပြီး မိုင် ၇သိန်းနီးပါး သွားနိုင်ခဲ့ပေမယ့် ၁၉၉၆က စတင်ပလန်ချခဲ့တဲ့ ကာလီဖိုးနီးယားက အမြန်ရထားလမ်းက ၁၂၉ဘီလီယံကုန်ပြီးတာတောင် ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်သေးတာကို ယှဥ်ပြောကြပါတယ်။ အီလွန်ရဲ့ Space X ဆိုရင် နာဆာထက် အများကြီးပိုပြီး အကုန်အကျသက်သာသလို မြန်ဆန်ထိရောက်မှုလည်းရှိတာ တွေ့ရမှာပါ။ BART ရထားတွေဆိုလည်း အရှုံးပြနေတာကြာလို့ တချို့လမ်းတွေ ပိတ်သိမ်းပစ်ရတော့မှာပါ။

အဲဒါတွေက ပြဿနာကို ဖြေရှင်းတတ်တဲ့ အမြင်မရှိတာအပြင် စီစီစစ်စစ် ထိထိရောက်ရောက် မလုပ်တတ်ပဲ လူကြားကောင်းတာလေးပြောပြီး အာဏာနဲ့ လုပ်စားနေကြတဲ့ နိုင်ငံရေးသမားတွေကြောင့်ပါ။ အဲဒါကြောင့် သိပ်လှတဲ့ ကာလီဖိုးနီးယားမှာ အဆင်ပြေပြေ ဆက်နေချင်ကြရင် Steve Hilton နဲ့ ရီပါဘလစ်ကန်များကို တလှည့်ပြောင်းမဲပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Leave a comment