သမ္မတထရမ့်က အီရန်ရဲ့ သန့်စင်ထားတဲ့ ယူရေနီယံတွေကို အမေရိကန်လက်ထဲ ထည့်ရင်ထည့်၊ မဟုတ်ရင် အီရန်မှာပဲ နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ Atomic Energy Commission ရဲ့ ရှေ့မှောက်မှာ ဖျက်ဆီးပစ်ရမယ်လို့ သတ်မှတ်ပေးလိုက်ပါတယ်။ အီရန်က အမေရိကန်လက်မခံမှန်း သိပါလျက်နဲ့ ရုရှား (သို့) တရုပ်ကို ပေးချင်တယ်လို့ပဲ ပြောနေခဲ့တာပါ။ အခုလည်း ဘယ်လိုအကြောင်းပြဦးမလဲ ကြည့်ရဦးမှာပါ။
သမ္မတထရမ့်က အမေရိကန်နဲ့ သဘောတူညီချက်ရယူမယ့် အာရပ်နိုင်ငံတွေအနေနဲ့ အစ္စရေးနဲ့ Abraham Accords ကို လက်မှတ်ထိုးပြီး ဆက်ဆံရေး ပုံမှန်ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းသွားပါတယ်။ အဲဒီတိုက်တွန်းချက်ပေါ်မှာ ဆော်ဒီက အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ဆိုရင် ပါလက်စ်တိုင်းနိုင်ငံတည်ထောင်ဖို့ ရှင်းလင်းပြီး ပြန်မပြင်နိုင်တဲ့ လမ်းကြောင်းတခုပေါ်မှာ မူတည်တယ်လို့ တုန့်ပြန်သွားပါတယ်။ ယူအေအီး၊ ဘာရိန်း၊ မော်ရိုကိုနဲ့ ကာဇက်စ်တန်နိုင်ငံတွေက Abraham Accords ကို လက်မှတ်ထိုးပြီးပြီဖြစ်ကာ ဆူဒန်က ကနဦးကြေငြာချက်ကို လက်မှတ်ထိုးပြီး ပေမယ့် အပြီးသတ်သဘောတူညီချက် မလုပ်ရသေးပါဘူး။ ကာဇက်စ်တန်က ၂၀၂၅ နိုဝင်ဘာကမှ လက်မှတ်ထိုးထားပြီး ကျန်နိုင်ငံတွေက ၂၀၂၀ကတည်းက လက်မှတ်ထိုးထားကြတာ ဖြစ်ပါတယ်။
အမေရိကန်ရေတပ်က ဟော်မုဇ်မှာ ပိတ်မိနေတဲ့ သင်္ဘော ၁၅၀၀ကျော်ကို ထွက်ခွာနိုင်ဖို့ စောင့်ရှောက်ပေးတဲ့ Project Freedom ကို ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ မတ်လဆန်းထဲက ဟော်မုဇ်မှာ ပိတ်မိနေတဲ့ ရေနံစိမ်းစည် ၂သန်းသယ်ဆောင်လာတဲ့ ဂရိဆူပါတန်ကာတစီးက ဟော်မုဇ်ကိုကျော်ဖြတ်ပြီး အိုမန်ပင်လယ်ကွေ့ထဲကို ရောက်ရှိသွားပါပြီ။ ဒီရက်ထဲမှာ ဆူပါတန်ကာနဲ့ ကွန်တိန်နာသင်္ဘော တဒါဇင်ခန့်ကို ထွက်နိုင်အောင် ကူညီသွားဖို့ စီစဥ်ထားကြောင်း သိရပါတယ်။
CENTCOM ကြေငြာချက်ထဲမှာ မနေ့က အီရန်တောင်ပိုင်းက IRGC နဲ့ပတ်သက်နေတဲ့ ပစ်မှတ်တွေကို ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပါရှိပါတယ်။ အမေရိကန်တပ်တွေက မိုင်းချနေတဲ့ အီရန်သင်္ဘောတွေနဲ့ မြေပြင်က ဝေဟင်ဒုံးကျည်ပစ်လွှတ်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ Bandar Abbas, Sirik နဲ့ Jask မြို့တွေမှာ နေထိုင်သူတွေက ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကို ကြားခဲ့ရကြောင်း သတင်းပို့ကြပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် တိုက်လေယာဥ်တွေက Larak ကျွန်းတောင်ပိုင်းက အီရန်စပိဘုတ် ၂စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၃ဦး သေဆုံးသွားတယ်လို့ အီရန်အစိုးရမီဒီယာတွေက ဖော်ပြထားပါတယ်။
အီရန်အစိုးရမီဒီယာမှာ ဆူပရင်းမ်လီဒါ မော့တာဘာခါမေနီက အမေရိကန်နဲ့ အစ္စရေးတို့ကို ဒုံးကျည်နဲ့ရော၊ ဒရုန်းတွေနဲ့ပါ မြေပြင်၊ ရေပြင်၊ ဝေဟင် အကုန်လုံးမှာ ပစ်မှတ်ထားသွားမှာဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေမှာ အမေရိကန်တပ်တွေ ရှိနေတာဟာ အဲဒီနိုင်ငံတွေကို အကာအကွယ်မဖြစ်စေဘူး လို့ ပြောသွားကြောင်း ဖော်ပြထားပါတယ်။ ထုံးစံအတိုင်း အသံ/ ဗီဒီယိုနဲ့မဟုတ်ပါဘူး။ အဲဒီမက်ဆေ့ချ်မှာ ဒေသတွင်းနိုင်ငံတွေရဲ့ စွမ်းဆောင်ရည်နဲ့ အကျိုးစီးပွားတွေက ကမ္ဘာနဲ့ ဒေသတွင်း အစီအစဥ်သစ်တခုကို ပုံဖော်ပေးလိမ့်မယ်လို့ ဆိုပါတယ်။ ဒက်သ်တူအမေရိကနဲ့ ဒက်သ်တူအစ္စရေး တို့က အစ္စလာမ္မစ်ကမ္ဘာမှာ ဆက်ရှိနေဦးမှာဖြစ်ပြီး အထူးသဖြင့် လူငယ်တွေကြားမှာဖြစ်ကြောင်း၊ ဒီဒေသဟာ အရင်ပုံစံကို ပြန်သွားမှာ မဟုတ်တော့ပဲ ဝါရှင်တန်က ဒီဒေသမှာ စစ်စခန်းတွေရှိလည်း ဘယ်တော့မှ လုံခြုံမှုရှိမှာ မဟုတ်ကြောင်းလည်း ရေးထားပါတယ်။
အီရန်ရဲ့ Supreme National Security Council က အတွင်းရေးမှူး Mohammad Bagher Zolghadr ကလည်း သူတို့ဘက်က တပ်ဆုပ်မှာမဟုတ်ကြောင်း၊ စစ်ဘက်မှာရော၊ သံတမန်ဘက်မှာရော၊ လမ်းပေါ်က အစ္စလာမ္မစ်နိုင်ငံထောက်ခံသူများကပါ အာခံကြမှာဖြစ်ကြောင်း၊ အီရန်က အခုအခါ သွေးစည်းညီညွတ်ကြမှသာ အမေရိကန်နဲ့ ဇီယွန်နစ်တွေ စိတ်ပျက်သွားမှာဖြစ်ကြောင်း ပြောသွားပါတယ်။ သူတို့ရဲ့ မိုက်မဲမှုကြောင့် ပြည်သူတွေခံစားနေရတဲ့ ဆင်းရဲ ကြပ်တည်းမှု ဒုက္ခတွေကို အဲဒီလူရော မော့တာဘာရောက လုံးဝ ထည့်မပြောကြတာကို တွေ့ရမှာပါ။
အီရန်ဘက်က အခုလို သဘောထားတင်းမာတဲ့သတင်းတွေ ထွက်လာတော့ အခုအမေရိကန်နဲ့ ညှိနေတာ ဘယ်သူဆိုတာ သိချင်ကြမှာပါ။ နောက်သတင်းတခုမှာ အမေရိကန်နဲ့ သဘောတူညီချက် ရဖို့နီးလာတာနဲ့အမျှ လွှတ်တော်စပီကာ ဂါလီဘတ်ဖ်ကို ထိုးနှက်တိုက်ခိုက်မှုတွေ များလာတယ်လို့ တွေ့ရတဲ့အတွက် ဂါလီဘတ်ဖ်နဲ့ အာရာ့ချီတို့နဲ့ ဆွေးနွေးနေတာ ဖြစ်နိုင်ပါတယ်။ ဂါလီဘတ်ဖ်က အမာလိုင်းသမားတွေဟာ သံတမန်ရေးနဲနဲလောက် တိုးတက်မှု ရှိလိုက်တာနဲ့ အာဏာချိန်ခွင်တွေ ကမောက်ကမဖြစ်ကုန်ပြီဆိုပြီး ကြောက်ကုန်ကြတော့တာပဲလို့ ပြောကြောင်း ကိုးကားကြပါတယ်။
အီရန်မှာ အင်တာနက်ဖြတ်ထားတာ စစ်စဖြစ်ကတည်းကဖြစ်ပြီး အခုအခါမှာတော့ အင်တာနက် ပြန်ပေးဖို့ ဆက်သွယ်ရေးဝကဌာနကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အရင်လို လူတိုင်းသုံးလို့ရမှာ မဟုတ်ပဲ ကိုယ့်ရဲ့ အလုပ်အကိုင်၊ မည်သူမည်ဝါ၊ စတဲ့ပေါ်မှာ မူတည်မှာဖြစ်ပြီး တရားဝင်ခွင့်ပြုချက်ကလည်း လိုဦးမှာလို့ ပြောနေကြပါတယ်။ ဥပမာ ဆရာဝန်တဦးဟာ ယူကျူကြည့်လို့ ရပေမယ့် အင်စတာဂရမ်တော့ သုံးလို့မရပဲ စီးပွားရေးသမားက အင်စတာဂရမ်ရပြီး တခြားဟာတွေမရတာမျိုးတွေ ဖြစ်ပါတယ်။ အဲဒီလို စူးရောက်လှတဲ့ အကြံဉာဏ်တွေက သူ့ဆရာ တြုပ်ဆီက ရတာဖြစ်ပါတယ်။
ပြည်သူတွေအင်တာနက်ရဖို့ ပင်တဂွန်က စတားလင့်ခ်ကို ပေးစေချင်ပေမယ့် ဆဲလ်ကနေ စတားလင့်ခ်ကို 5G လို တိုက်ရိုက်ဆက်သွယ်တာမျိုးက သန်း ၅၀၀ ကျမှာဖြစ်ပြီး တလကို သန်း ၁၀၀ လည်ပတ်စားရိတ်ရှိမယ်ဆိုတဲ့အပေါ် ပန်တဂွန်က သိပ်သဘောမကျကြောင်း ရိုက်တာက တင်ထားပါတယ်။ လူဦးရေ သန်း၉၀ရှိတဲ့ နိုင်ငံအတွက် အဲဒီလောက်ကုန်ကျတာ များတယ်လို့ မဆိုနိုင်ပေမယ့် တိုင်းပြည်အခြေအနေအရ အဲဒီလောက် အကုန်ခံနိုင်ဖို့လည်း မလွယ်နေတာပါ။ အီလွန်က ကမ္ဘာတလွှားက အရေးပေါ်ကိစ္စတွေမှာ စတားလင့်ခ်ကို ယာယီအခမဲ့အသုံးပြုခွင့် ပေးထားပေမယ့် Cell to direct starlink ကတော့ နိုင်ငံအချို့မှာပဲ ရသေးတဲ့အတွက် စားရိတ်များတာ ဖြစ်နိုင်ပါတယ်။
ဟဇ်ဘိုလာတွေ အပစ်ရပ်ကို ချိုးဖောက်တယ်လို့ IDF က စွပ်စွဲခဲ့ပြီးနောက် အစ္စရေးက လက်ဘနွန် တောင်ပိုင်းက မြို့ ၁၆မြို့ကနေ Zahrani မြစ်မြောက်ပိုင်းကို လူတွေ ဖယ်ရှောင်နေကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဟဇ်ဘိုလာကတော့ သူတို့မလုပ်ပါဘူးတဲ့။ အစ္စရေးက မြို့/ရွာနာမည်တွေ တပ်ပြောပြီဆိုရင် ဗုံးက နောက်ကလိုက်လာစမြဲပါ။
ရုရှားနိုင်ငံခြားရေးဝကကလည်း ယူကရိန်းမြို့တော် ကိဗ်ကနေ အမေရိကန်သံတမန်တွေ အမြန်ဆုံး ထွက်ခွာဖို့ မာကိုရူဘီယိုထံ ဖုံးဆက် အကြောင်းကြားထားပါတယ်။ တခြားနိုင်ငံတွေကိုလည်း သံတမန်တွေ ထွက်ခွာဖို့ အကြောင်းကြားခဲ့ပေမယ့် အီးယူ ၂၇နိုင်ငံက အဆိုပါသတိပေးချက်ကို သက်သက် ခြောက်လှန့်မှုအဖြစ် ပယ်ချခဲ့ပြီး ကိဗ်မြို့ထဲမှာ ဆက်နေမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အီးယူနိုင်ငံတွေက ရုရှားကိုယ်စားလှယ်တွေကို ဆင့်ခေါ်ပြီး တရားဝင်ကန့်ကွက်ခဲ့တာပါ။
အမေရိကန်နဲ့ အိန္ဒိယတို့က မြေရှားနဲ့ အရေးကြီးတဲ့ ဓါတ်သတ္တုတွေရဖို့ တရုပ်အပေါ် မှီခိုနေရမှု လျော့ကျအောင် supply chain တွေကို မျှဝေသုံးစွဲကြဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။