Operation Epic Fury (81)                                                  

သမ္မတထရမ့်က အီရန်နျူမပိုင်ရဘူးဆိုတာနဲ့ ဟော်မုဇ်မှာ ဖြတ်သန်းသွားလာမှုကို ကန့်သတ်ချုပ်ချယ်မှု မရှိစေရဆိုတဲ့ ၂ချက်ကို သဘောတူညီမှုမှာ မပါမဖြစ်အချက်တွေအဖြစ် ထပ်လောင်းပြောကြား လိုက်ပါတယ်။ ရေမိုင်းတွေကို တွေ့သလောက် မပေါက်ကွဲအောင် ပြုလုပ်ခဲ့ပြီဖြစ်ကြောင်းနဲ့ ကျန်ရှိနေတဲ့ မိုင်းတွေကို အီရန်က ချက်ချင်း ဖယ်ရှားပေးရမှာဖြစ်ကြောင်း၊​ ဟော်မုဇ်မှာ ပိတ်မိနေတဲ့ သင်္ဘောတွေဟာ မကြာခင် အိမ်ပြန်ရတော့မှာဖြစ်လို့ သူကနေ မိသားစုကို နှုတ်ဆက်လိုက်ပါကြောင်း၊ လွန်ခဲ့တဲ့ ၁၁လက B2 ဗုံးကြဲလေယာဥ်ကြီးတွေကောင်းမှုနဲ့ တောင်ပြိုတွေအောက် မြေနက်နက်မှာ ပိတ်မိနေတဲ့ နျူမှုန့်တွေကို အမေရိကန်က အီရန်အစိုးရ၊ International Atomic Energy Agency တို့နဲ့ ပူးပေါင်းကာ ရှာဖွေထုတ်ယူပြီး ဖျက်ဆီးသွားမှာဖြစ်ကြောင်း၊​ ငွေပေးငွေယူတွေ ပါပြီလို့ မကြေငြာ သေးသ၍ ပါဦးမှာမဟုတ်ကြောင်း၊ တခြား အဲဒီလောက်အရေးမကြီးတဲ့အချက်တွေကိုတော့ သဘောတူပြီးဖြစ်ကြောင်း၊ မကြာခင် အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှာဖြစ်ကြောင်း ရေးသွားပါတယ်။

အီရန်ဘက်ကတော့ စစ်ကြောင့် ပျက်စီးတာတွေ ပြန်လည်တည်ဆောက်ရေးအတွက် ဘီလီယံ ၃၀၀ လိုကြောင်း ပြောထားပါတယ်။ တောင်းတာရယ်လို့ တိတိပပ မပြောသလို သူတို့ခေါင်းမာလို့ ဖြစ်ရတဲ့စစ်အတွက် အမေရိကန်က မပေးမှာလည်း သေချာနေတာပါပဲ။ လွှတ်တော်စပီကာ ဂါလီဘတ်ဖ်က ဆွေးနွေးဘက်တွေနဲ့ သူတို့သုံးနှုန်းတဲ့ စကားလုံးတွေကို အီရန်ဆွေးနွေးသူတွေက မယုံကြည်တဲ့အတွက် အီရန်ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်တာ သေချာမှ အီရန်ဘက်က အမေရိကန်နဲ့ သဘောတူညီချက်ကို အတည်ပြုနိုင်မယ်လို့ ပြောသွားပါတယ်။ အီရန်ပြည်သူတွေရဲ့ အခွင့်အရေးကို ဒီလောက်အလေးထားရင် ခုလိုဖြစ်လာစရာတောင် မရှိပါဘူး။ စောင့်နေတဲ့ အမေရိကန်စစ်အင်အားက အရင် ၂ဆဆိုတော့ လိမ္မာကြဖို့ လိုနေပါပြီ။

အီရန်သမ္မတ Masoud Pezeshkian ကတော့ တိုင်းပြည်ရဲ့ မူလအုပ်ချုပ်ရေးမဏ္ဍိုင်ကို IRGC က လုံးဝ ထိန်းချုပ်ထားလို့ဆိုပြီး ရာထူးက နှုတ်ထွက်စာ တင်သွားပါပြီ။ သမ္မတ၊ လွှတ်တော် စတဲ့ အစိုးရ အဖွဲ့အစည်းတွေကို ဘေးဖယ်ပြီး ဆုံးဖြတ်ချက်မှန်သမျှကို စစ်ဘက်ကပဲ ထိန်းချုပ်နေတဲ့အပြင် လက်ရှိအခြေအနေ အရ ဖြစ်လာတဲ့ အာဏာလေဟာနယ်ကို IRGC က အမာလိုင်းသမားတွေက နေရာဝင်ယူနေတာလို့ ဆိုလိုတာပါ။ ဒီလိုအနေအထားမှာ သူ့အနေနဲ့ ဥပဒေအရ တာဝန်ယူထားရတဲ့ တာဝန်တွေ အစိုးရလုပ်ငန်းဆောင်တာတွေကို မပြုလုပ်နိုင်တဲ့အတွက် နှုတ်ထွက်ရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဆူပရင်းမ်လီဒါ မော့တာဘာက လက်ခံပါ့မလားဆိုတာတော့ မသိရသေးပါဘူး။

X မှာတင်ထားတဲ့ အစိုးရတီဗီထုတ်လွှင့်ချက်တခုမှာတော့ သမ္မတ Pezeshkian က ရှားဘုရင် လက်ထက်တုန်းက တိုင်းပြည်ဟာ အခြေခံအဆောက်အဦတွေ အကြီးအကျယ် ဆောက်လုပ်နေခဲ့တာ နောက်ပိုင်းအစိုးရတွေ လုံးဝ မလုပ်နိုင်တဲ့ ပမာဏဖြစ်ကြောင်း၊ အဲဒီတုန်းက သူက တပ်သားလေးဘဝနဲ့ တလလစာကတင် ဟွန်ဒါမော်တော်ဆိုင်ကယ် တစီးအသာလေး ဝယ်နိုင်ကြောင်း၊​ အခုတော့ နှလုံးအထူးကု ဆရာဝန်ကြီးတောင် အဲဒီလို မဝယ်နိုင်တော့ကြောင်း ပြောသွားပါတယ်။ အစိုးရကို ထောက်ခံသူတွေက အဲဒီလို ဆုတ်ယုတ်သွားတာ သိကြပေမယ့် အစ္စရေးကို ဂျီဟတ်လုပ်ရရင် ဘာဖြစ်ဖြစ် တန်တယ်လို့ သဘောထားကြတာ ဖြစ်နိုင်သလို သူတို့လုပ်ရပ်တွေက အဲဒီလို ဆင်းရဲတွင်းထဲ တွန်းပို့နေတာကို မသိနိုင်လောက်အောင် မိုက်မဲနေတာလည်း ဖြစ်နိုင်တာပါပဲ။

အီရန်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မီတီဝင်တဦးဖြစ်တဲ့ Esmail Kowsari က အမေရိကန်နဲ့ အီရန်ဟာ စစ်အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေ ပြုလုပ်နေပေမယ့် ဘာရလဒ်မှ ထွက်လာမှာမဟုတ်ကြောင်း ငါတို့က အပြီးသတ်သဘောတူညီချက်မရသေးသလို အမေရိကန်ကလည်း ရမှာမဟုတ်ကြောင်း၊ နျူကိစ္စကို ဆွေးနွေးပွဲကနေ ဖယ်ထုတ်လိုက်ပြီး စစ်ထပ်မစဖို့၊ စစ်လျော်ကြေးပေးဖို့၊ အမေရိကန် တပ်တွေ ရုပ်သိမ်းဖို့နဲ့ ပိတ်ဆို့ထားတာတွေ ဖယ်ရှားပေးဖို့တို့ကို ဆွေးနွေးနေကြောင်း၊ နိုင်ငံအများက ဟော်မုဇ်အပေါ် အီရန်ထိန်းချုပ်ခွင့်ကို လက်ခံထားပြီးဖြစ်ကြောင်း ပြောသွားပါတယ်။  အဲဒီလို အမျိုးမျိုးတွေ ပြောနေတာက သူတို့ထဲမှာ ကွဲပြဲနေကြပြီဆိုတာကို ပြနေတာလည်း ဖြစ်နိုင်ပါတယ်။

အီရန်ထဲမှာ နောက်ထပ် ဟော့နေတဲ့ သတင်းတပုဒ်က တယ်လီဂရမ်မှာ ပြန့်နေတဲ့ “Who is qualified for Leadership?” ဆိုတဲ့ ပို့စ်ပါ။ ကိုးကားထားတာက Surah Hud ဆိုတဲ့ ရေနစ်သွားတဲ့ Noah ရဲ့သားအပေါ် ဘုရားသခင်ရဲ့ တိုက်ရိုက်တုန့်ပြန်ချက်ဆိုတဲ့ verse ဖြစ်ပါတယ်။ Noah ရဲ့သားက မော့တာဘာလိုပဲ အယုံအကြည်မရှိတာနဲ့ မှန်တယ်လို့ ပြဌာန်းထားတာကို မလုပ်တာ တူပါတယ်။ အဲဒါကြောင့် ဂေးဖြစ်တဲ့ မော့တာဘာရဲ့ ခေါင်းဆောင်မှုကို မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမှန်တရားတို့၊ ဖြစ်သင့်တာတို့ဆိုတာထက် သေနတ်နဲ့အုပ်ချုပ်တဲ့နိုင်ငံမှာ ပုတ်သင်ညိုမဟုတ်သူတိုင်းက အပြစ်ရှိနေကြတာပဲဖြစ်လို့ အာဏာရှင်တွေက မကျေနပ်ကြပါဘူး။  

အီရန်နဲ့ အမေရိကန်ကြား ရက် ၆၀အပစ်ရပ်သက်တမ်းတိုးတာကို အီရန်က အီအီအာအာနဲ့ အငြင်းပွားနေတုန်းမှာ ဟော်မုဇ်ထဲ ရေနံတင်သင်္ဘော ၆စီး ပိတ်မိနေတဲ့ Chevron က ဟော်မုဇ်ကို ဖြတ်ဖို့ တပြားမှ မပေးနိုင်ဘူးဆိုပြီး ၆စီးလုံး ဖြတ်ဖို့ ကြိုးစားနေကြပါပြီ။​ နောက်ဆိုရင် ဟော်မုဇ်ကို ဖြတ်စရာ မလိုအောင် ပိုက်လိုင်းတွေနဲ့ ထုတ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အီရန်က ဟော်မုဇ်ကို ချုပ်ကိုင်လိုတာနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံခြားရေးဝကက နိုင်ငံတကာရေပြင်ကို ဘယ်သူကမှ ပိတ်ဆို့ခွင့်၊ မိုင်းချခွင့်၊ သင်္ဘောတွေကို ပစ်ခတ်ခွင့်၊ ဖြတ်သန်းခတောင်းခွင့် မရှိဘူးလို့ ပြောလိုက်ပြီး ဟော်မုဇ်ပြန်ဖွင့်ဖို့အတွက် နိုင်ငံတကာအကူအညီနဲ့ UN Resolution တခုထွက်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ အီရန်အစ္စလာမ္မစ်အစိုးရဘက်က ရပ်နေကြသူတွေ တောင့်မခံနိုင်တော့ပဲ လှုပ်ရှားလာကြတာလည်း ထရမ့်ရဲ့ ရည်ရွယ်ချက်တွေထဲကတခု ဖြစ်နိုင်ပါတယ်။ ထပ်ထွက်လာကြဖို့ လိုပါသေးတယ်။

ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က Economic Fury pressure campaign က အီရန်ရဲ့ အစိုးရယန္တယားကို အထစ်အငေါ့တွေ အများကြီးဖြစ်သွားစေပြီး စစ်တပ်ရဲ့ ၄၀-၅၀% လောက်ကို လခမပေးနိုင်တော့လို့ တပ်ပြေးတွေ ပိုများလာနေသလို ရဲထဲမှာလည်း ပျက်ကွက်တွေ ဒင်းကြမ်း ဖြစ်နေတယ်လို့ ပြောသွားပါတယ်။

အီရန်က ပြည်တွင်းတီဗီမှာ ပြတဲ့ထဲမှာ အမေရိကန်နဲ့ သဘောတူညီချက်အရ ဟော်မုဇ်ကို ချုပ်ကိုင်ဖို့ သူတို့မှာ အထူးသီးသန့်အာဏာ ရှိတယ်လို့ ပြောနေပြီး ဖြတ်မယ့်သင်္ဘောမှာ ပါလာတဲ့ကုန်စည်တွေဟာ သူတို့ကို ခြိမ်းခြောက်နေလျင် (သို့) တင်လာတဲ့ကုန်စည်ကို လက်ခံမယ့်နိုင်ငံဟာ သူတို့ကို ရန်လိုတယ် ဆိုရင် အဲဒီသင်္ဘောကို ကုန်သင်္ဘော commercial ship လို့ မသတ်မှတ်ပဲ သတ်မှတ်ထားတဲ့ လမ်းကြောင်းကို ပေးသုံးခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ဖြတ်သန်းခကိုလည်း Toll လို့ မပြောပဲ​ လုံခြုံရေးအစီအမံတွေနဲ့ လမ်းပြရတာနဲ့ ပတ်ဝန်းကျင်ပျက်စီးတာကို ပြန်ပြင်ဖို့ navigation service fee  ဆိုတဲ့ခေါင်းစဥ်နဲ့ ကောက်ဦးမှာဆိုတော့ ထရမ့်လက်မှတ်ထိုးဖို့ ဆုတောင်းလေလို့ပဲ ပြောရပါတော့မယ်။

အီရန်မှာမွေး အီရန်မှာကြီးတဲ့ သုံးသပ်သူတဦးကတော့ သမ္မတထရမ့်ဟာ အစ္စလာမ္မစ်အစိုးရကိုသာ တိုက်ခိုက်နေရတာမဟုတ်ပဲ အဲဒီအစိုးရ ဆက်ရှိနေမှ အကျိုးရှိကြမယ့် ကမ္ဘာတလွှားက စနစ်ကြီးတခုလုံးကိုပါ တိုက်ခိုက်နေရတာဖြစ်ကြောင်း၊ အဲဒီစနစ်ကြီးထဲမှာ ဒီမိုကရက်တွေကနေ အာရပ်နိုင်ငံတွေ၊ တရုပ်၊ ရုရှား၊ အထူးသဖြင့် ဗြိတိန်နဲ့ ဥရောပတို့ပါ ပါဝင်နေကြောင်း၊ အခုလို စစ်မတိုက်သေးပဲ ညှိနှိုင်းရင်း စောင့်ဆိုင်းနေတာဟာ တွန့်ဆုတ်နေတာ မဟုတ်ကြောင်း​၊ လက်ရှိအနေအထားဟာ အီရန်အစိုးရအတွက် အကျိုးပြုမယ့်အနေအထား ဖြစ်နေကြောင်း၊ ဒါကြောင့် စစ်မျက်နှာကို ပြင်ပြင်နေရသလို အခြေအနေတွေကိုလည်း ပြန်ပုံစံချနေရတာဖြစ်ကြောင်း၊​ အချီကြီး မချခင် သမ္မတထရမ့်အနေနဲ့ အနေအထားတခုလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ လိုအပ်နေကြောင်း၊ လွန်ခဲ့တဲ့ လအနည်းငယ်ကဆိုရင် ဆော်ဒီတို့ ကာတာတို့က အမေရိကန်ကို သူတို့နယ်မြေထဲက စစ်စခန်းတွေကို အီရန်ကိုတိုက်ဖို့ ပေးသုံးဖို့ ငြင်းပယ်နေခဲ့တာဖြစ်ကြောင်း၊ ဗြိတိန်ကလည်း IRGC ကို အခုထိ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ မသတ်မှတ်သေးကြောင်း၊ တရုပ်ကလည်း တိုင်ဝမ်းနားမှာ အင်အားပြနေကြောင်း၊ ဒီမိုကရက်တွေကလည်း စစ်ရေးဝကကို အင်မ်ပိချ်လုပ်ဖို့ကြိုးစားတာ အပါအဝင် ထရမ့်ကို အင်အားချိနဲ့အောင် ကျရှုံးအောင် နည်းမျိုးစုံ ကြိုးစားနေကြောင်း၊ တပ်ကာ ကာလ်ဆန်တို့လို ဝါဒဖြန့် လက်တံတွေကလည်း အချိန်ကိုက် တိုက်ခိုက်လာကြကြောင်း၊​ အီရန်ဆီက အကျိုးအမြတ် တိုက်ရိုက်/ သွယ်ဝိုက်ရရှိနေသူတွေ အဲဒီအစီအစဥ်အတိုင်း ဆက်သွားနေမှ အကျိုးရှိသူတွေက ပိုနေမြဲ ကျားနေမြဲဖြစ်အောင် အစွမ်းကုန်ကြိုးစားကြမှာဖြစ်လို့ စိတ်ရှည်ကြဖို့ လိုကြောင်း X မှာ ရေးသွားပါတယ်။

ရေနံမရောင်းရလို့ ငွေကြေးကြပ်တည်းနေတဲ့ အီရန်ဟာ ကာတာနိုင်ငံမှာ ထားထားတဲ့ အီရန်ရန်ပုံငွေ ၁၂ ဘီလီယံကို အကန့်အသတ်မရှိ ထုတ်ယူခွင့် ရချင်ကြောင်း လွှတ်တော်စပီကာ ဂါလီဘတ်ဖ်က တောင်းဆိုလာတာကို ကာတာက ပယ်ချလိုက်ပါတယ်။ ပေးမယ်ဆိုရင် တဝက်ကိုပဲ တင်းကြပ်တဲ့ စည်းမျဥ်းတွေအောက်မှာ ပေးဖို့ သဘောတူထားတာပါ။ အမေရိကန်ဘဏ္ဍာရေးကလည်း အဲဒီငွေတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ပိုက်ဆံထုတ်မရတော့ အီရန်က မရှိမဖြစ် လိုအပ်တာတွေ ဝယ်ယူဖို့ ကာတာဈေးကွက်မှာရှိတဲ့ အကန့်အသတ်ရှိတဲ့ အီရန်ရဲ့ credit line ကိုပဲ သုံးရတော့မှာပါ။

အီရန်အဆိုးရဟာ စစ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ပြည်သူအပေါ် ဖိနှိပ်မှုတွေကို တိုးမြှင့် လုပ်ဆောင်နေပါတယ်။ လူ ၆၀၀၀ ကျော်ဟာ အစုလိုက် အပြုံလိုက် ဖမ်းဆီးတာတွေ၊ အမြန်နည်းနဲ့ တရားစွဲထောင်ချတာတွေ၊ နိုင်ငံရေးအရ သုတ်သင်တာတွေ၊ ပြင်းထန်တဲ့ ထောင်ဒဏ်ချတာတွေ ပြုလုပ်ခံနေရတယ်လို့ အမ်နက်စ်တီက ဆိုပါတယ်။ အဲဒီထဲမှာ ဆန္ဒပြသူတွေ၊ သတင်းသမားတွေ၊ ရှေ့နေတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ အဆိုးရနဲ့ သဘောထား ကွဲလွဲသူတွေ၊ လူမျိုးစုငယ်တွေနဲ့ အခြားဘာသာဝင်တွေ ပါဝင်ကြပါတယ်။

အီရန်အစိုးရက စစ်စကတည်းက လူ ၃၉ဦးထက်မနည်းကို ကွက်မျက်ခဲ့ပြီး သူတိုလက်ချက်နဲ့ သေဆုံးလို့ မြှုပ်နှံထားသူတွေရဲ့ သင်္ချိုင်းတွေကိုလည်း ပြောင်းရွှေ့/ ဖယ်ရှားပစ်တဲ့အတွက် သုံးသပ်သူတွေက သေဆုံးသူအရေအတွက်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ သတင်းတခုမှာတော့ ထောင်ကျနေတဲ့သူတွေကို ခြေကျင်းဝတ်မှာ ထောက်လှမ်းတဲ့ device လေး တပ်ဆင်ပေးထားပြီး အစိုးရထောက်ခံပွဲတွေမှာ ထုတ်သုံးနေတယ်လို့ ဆိုပါတယ်။

Leave a comment