Operation Epic Fury (82)

တနေ့က အစ္စရေးနဲ့ လက်ဘနွန်ထဲက ဟဇ်ဘိုလာတို့ကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ရှိနေလို့ဆိုပြီး အီရန်က အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ အီရန်အစိုးရတီဗီက ပြောပါတယ်။ သမ္မတထရမ့်ရဲ့ ကြေငြာချက်မှာတော့ ဆွေးနွေးပွဲတွေဟာ အလျင်အမြန်ကိုပဲ တိုးတက်နေတယ်လို့ ပြောထားတော့ အရင်လိုပဲ တကယ်တမ်းဆွေးနွေးနေကြတာက တဖွဲ့၊ ကန့်လန့်လိုက်လုပ်နေတာက တဖွဲ့ဖြစ်နေတဲ့ ပုံပါပဲ။

မနေ့က သမ္မတထရမ့်က ဆွေးနွေးပွဲရပ်လိုက်တယ်ဆိုတာ သတင်းမှားပါတဲ့။ အပြန်အလှန် ဆွေးနွေးနေကြတာ လွန်ခဲ့တဲ့ ၄ရက်ကတဲက တရက်မှ မရပ်ပါဘူး၊ ဘယ်ကိုဦးတည်မလဲ ဆိုတာတော့ မသိနိုင်ပါဘူး၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ခုအချိန်ဟာ အီရန်အနေနဲ့ deal လုပ်ရမယ့် အချိန်ပါ၊ လွန်ခဲ့တဲ့ ၄၇နှစ်လုံး အခုလိုပဲ လိမ်လိုက် ရှောင်တိန်လိုက်လုပ်နေခဲ့တာ၊ အခုတော့ ထပ်လုပ်ခွင့် မပြုနိုင်တော့ဘူးလို့ ပို့စ်တင်ထားပါတယ်။ အာရာ့ချီက ပြောတာမှာတော့ ဆွေးနွေးပွဲတွေ မရပ်ပေမယ့် တိုးတက်မှုတော့ မရှိနေဘူးလို့ ဆိုပါတယ်။

အစ္စရေးက ဘေရွတ်ကို အကြီးအကျယ် တိုက်ဖို့လုပ်နေတာတွေကို မလုပ်ဖို့ သမ္မတထရမ့်က ဘီဘီကို တားတဲ့အတွက် အစ္စရေးတပ်တွေ ပြန်လှည့်သွားခဲ့ပါတယ်။ ထရမ့်က ဟဇ်ဘိုလာခေါင်းဆောင်တွေ နဲ့လည်း စကားပြောခဲ့ပြီးနောက် သူတို့က အစ္စရေးနဲ့ အစ္စရေးတပ်သားတွေကို ပစ်ခတ်နေတာတွေ ရပ်တံ့ဖို့ သဘောတူခဲ့ပါတယ်။ အစ္စရေးကလည်း ဟဇ်ဘိုလာတွေကို မပစ်ဖို့ သဘောတူလိုက်ပါတယ်။ ဘယ်လောက်ခံမလဲ ကြည့်ရသေးတာပေါ့၊ အမြဲတမ်းအတွက် အပစ်ရပ်တံ့ဖို့ မျှော်လင့်ပါတယ်လို့ သမ္မတထရမ့်က ထရုသ်မှာ ရေးသွားပါတယ်။ အီရန်က အမေရိကန်နဲ့ ဆွေးနွေးပွဲမှာ leverage ရဖို့ အတွက် ဟဇ်ဘိုလာတွေကို ဖိတိုက်ခိုင်းထားတာ ဖြစ်နိုင်သလို အီရန်ရဲ့ အပြည့်အဝ ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ ဟဇ်ဘိုလာတွေက လက်ဘနွန်အစိုးရကိုပါ ဖြိုချဖို့ လုပ်နေတာပါ။ ဟဇ်ဘိုလာတွေ လက်ဘနွန်မှာ ရှိနေတဲ့ အဓိကရည်ရွယ်ချက်ကိုက အစ္စရေးကို တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။

တချို့သတင်းတွေမှာ သမ္မတထရမ့်က နေတန်ယာဟုကို စကားလုံးကြမ်းကြမ်းတွေသုံးပြီး ဆူပူခဲ့တယ်လို့ ဖော်ပြထားပေမယ့် အစ္စရေးဝကခက သူနဲ့သမ္မတထရမ့်ကြားမှာ ရံဖန်ရံခါ နည်းဗျူဟာပိုင်း သဘောကွဲလွဲမှုမျိုး ရှိတတ်ပေမယ့် အဓိကကျတဲ့ ကိစ္စတွေမှာ သဘောတူညီကြပြီး နီးကပ်စွာ အတူတွဲအလုပ်လုပ်လျက်ရှိပါတယ်လို့ တင်ထားပါတယ်။

နောက်ဆုံးရသတင်းမှာတော့ အီရန်ဘက် ဆွေးနွေးတဲ့အဖွဲ့မှာ ပါဝင်သူ Saeed Ajorlou က ဝါရှင်တန်နဲ့ MoU ထိုးမယ်ဆိုရင် အဆင့် ၄ဆင့်ကို အပြီးသတ် သဘောတူညီပြီးမှ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။ ၁။ အဖွဲ့အားလုံးရဲ့ စစ်မျက်နှာအားလုံးမှာ စစ်ကို အဆုံးသတ်ဖို့၊ ၂။ ဟော်မုဇ်ရေလက်ကြား၊ အမေရိကန်ပိတ်ဆို့မှု၊ ရေနံဆန်ရှင်နဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ကန့်သတ်ထားမှုတွေ ပယ်ဖျက်ဖို့၊ ၃? အခြားဆန်ရှင်နဲ့ နျူကိစ္စ ဆွေးနွေးဖို့၊ ၄။ အပေါ်ကအချက်တွေ တိုးတက်မှုကို ကြီးကြပ်ရေး ကော်မီတီဖွဲ့ပြီး စောင့်ကြည့်ဖို့တို့ ဖြစ်ပါတယ်။

အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းပစ်လွှတ်မှုတွေက ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်က တာမီနယ်တခုကို ထိခိုက်မိတဲ့အတွက် အပျက်အစီးကြီးမားတဲ့အပြင် တဦးသေဆုံးပြီး ဒါဇင်နဲ့ချီ​ဒဏ်ရာရကုန်ကြပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ကူဝိတ်က အီရန်သံရုံးဝန်ထမ်း ၂ဦးကို အိမ်ပြန်ဖို့ပြောလိုက်ပါတယ်။ IRGC ပြောရေးဆိုခွင့်ရှိသူက သူတို့ပစ်တာမဟုတ်ပါဘူး၊ အမေရိကန်ရဲ့ Patriot ဒုံးကျည်ရဲ့ မှားယွင်းမှုပါလို့ ဆိုတာကို CENTCOM က ပယ်ချလိုက်ပြီး အမေရိကန်က ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ အီရန်ရဲ့ Qeshm ကျွန်းကို ပစ်ခတ်ခဲ့သလို အီရန်ဒုံးတွေနဲ့ ဒရုန်းတွေကိုလည်း ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

အီရန်ဘက်က ထုံးစံအတိုင်း ဘာရိန်းက US 5th Fleet HQ နဲ့ ဒေသတွင်းက အမေရိကန်လေတပ် အခြေစိုက်စခန်းတခုကို ဒုံးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း လိမ်ထားတာကို CENTCOM က သူတို့တိုက်ခိုက်မှု မအောင်မြင်ပါဘူး၊ အမေရိကန်တပ်တွေက ဘေးမသီရန်မခပဲ တိုက်ပွဲအတွက် အသင့်အနေအထားမှာ ရှိပါတယ်လို့ ဆိုပါတယ်။

အီရန်ဆိပ်ကမ်းတွေနားမှာ စောင့်ကြပ်နေတဲ့ အမေရိကန်တပ်တွေ ၂၄နာရီကျော် အတန်တန် သတိပေးနေတဲ့ကြားက ဘော့ဆွာနာအလံတင် ရေနံတင်သင်္ဘော M/T Lexie ဟာ ရေနံတွေ လျှံထွက်နေတဲ့ ခါ့ဂ်ကျွန်းဆိပ်ကမ်း ဆီကို ဇွတ်မောင်းနေခဲ့တဲ့အတွက် ထိုသင်္ဘောရဲ့ အင်ဂျင်ခန်းကို ပစ်ခတ်ရပ်တံ့ခဲ့ရပါတယ်။ အမေရိကန်တပ်တွေ ပစ်ခတ်ရပ်တံ့ခဲ့ရတာ ဒီသင်္ဘောအပါအဝင် ၆စီးရှိပြီဖြစ်ပါတယ်။

ဟော်မုဇ်မှာ ထင်သလောက် ဖြစ်မလာတော့ IRGC ရဲ့ ထလရနဲ့ ပြည်ပတိုက်ခိုက်မှုလက်တံဖြစ်တဲ့ Quds force ခေါင်းဆောင် Brig. Gen. Esmail Qaani က ယီမင်နဲ့ ဂျီဘူတီကြားက စူးအက်ဇ်တူးမြောင်း၊ ပင်လယ်နီကနေ အာရေဗျပင်လယ်ကိုထွက်တဲ့  the Bab al-Mandab ရေလက်ကြားကိုပါ ပိတ်ဆို့မယ်လို့ သတိပေးလိုက်ပါတယ်။ Quds Force က ၂၀၂၀တုန်းက အမေရိကန်သုတ်သင်ခဲ့တဲ့ ဆိုလေမာနီရဲ့ အဖွဲ့ပါ။ ယီမင်မှာလည်း အီရန် ထောက်ပံ့ထားတဲ့ proxy အုပ်စုဖြစ်တဲ့ Ansar Allah လို့လည်းခေါ်တဲ့ ဟူသီတွေ ရှိနေပြီး ၂၀၂၃ကစလို့ ကမ္ဘာ့မှာ အရေးပါတဲ့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းတခုဖြစ်တဲ့ the Bab al-Mandab Strait မှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ အီရန်တခုတည်းကို နှိမ်နှင်းလို့ မရပါဘူး၊ အီရန်ငွေဝင်နေသ၍ သူ့ proxy တွေက ကမ္ဘာကို ဒုက္ခပေးနေဦးမှာပါ။

အီရန်နဲ့ proxy တွေကို ရေရှည်ထိန်းထားနိုင်မယ့် အခြေအနေတခုကို ရောက်လာဖို့ဆိုတာ အားလုံးအတွက် အကောင်းဆုံးအခြေအနေပါ။ အဲဒီလိုဖြစ်မလာခင် ရပ်လိုက်ရင် နစ်နာမယ့်သူတွေထဲ အမေရိကန်က ထိပ်ဆုံးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ထရမ့်ဘာလုပ်လုပ် ကန့်လန့်တိုက်မယ့် ဒီမိုကရက်များက အောက်လွှတ်တော်မှာ အီရန်က အမေရိကန်တပ်တွေ ရုပ်သိမ်းစေမယ့် war powers resolution အဆိုတင်ခဲ့တာ အောင်မြင်သွားပြီဖြစ်ပါတယ်။ အထက်လွှတ်တော်ကလည်း အလားတူ အဆို အောင်မြင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် joint resolution မဟုတ်တဲ့အတွက် သမ္မတထရမ့်ရဲ့ စားပွဲပေါ် လက်မှတ်ထိုးတဲ့အထိတော့ ဖြစ်လာမှာ မဟုတ်သလို concurrent resolution မျိုးက ဥပဒေအရ binding မဟုတ်တဲ့အတွက် လိုက်နာစရာ မလိုပါဘူး။ ရီပါဘလစ်ကန်တွေကတော့ အဲဒီ resolution က ခြေ/ဥနဲ့ မညီဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံရေးဇတ်ခုံပေါ်မှာ အီရန်က ပိုပိုပြီး အထီးကျန်လာနေပါပြီ။ သူ့ဘက်မှာ ဟော်မုဇ်ကို လက်ဝါးကြီးအုပ်ပြီး ဖြတ်သန်းခ ခွဲဝေယူမယ်လို့ ကမ်းလှမ်းခံထားရတဲ့ အိုမန်လောက်ပဲ ခပ်ယဲ့ယဲ့ ကျန်တော့တာပါ။ အီရန်လုပ်နေတာတွေကို ကမ္ဘာပေါ်က အဆိုးဆုံးနိုင်ငံတွေနဲ့ပဲ အလွမ်းသင့်တဲ့ တရုပ်နဲ့ ရုရှားက သူ့အကြောင်းနဲ့သူ မပြောသာဖြစ်နေပေမယ့် အီရန်လုပ်နေတာတွေက သူတို့ကိုပါ ထိခိုက်စေတာ ဖြစ်နေပါတယ်။ ဥရောပကလည်း တာရှည်တင်းခံနိုင်ဖို့ မလွယ်ပါဘူး။

အီရန်အထီးကျန်လာသလိုပဲ အာရပ်ကမ္ဘာမှာလည်း အပြောင်းအလဲတွေ ဖြစ်လာနေပါတယ်။ သမ္မတထရမ့်က အမေရိကန်နဲ့ သဘောတူညီချက်ရယူမယ့် နိုင်ငံတွေက Abraham Accords ကို လက်မှတ်ထိုးရမယ်လို့ ဆိုထားတာကြောင့် အစ္စရေးအပေါ် ရန်လိုသူတွေနဲ့ လက်တွေ့ကျကျ ရှုမြင်သူတွေအဖြစ် ကွဲပြားလာကြတာပါ။ ယူအေအီးနဲ့ ဆော်ဒီတို့က တိုင်းပြည်ကို နည်းပညာနဲ့ ခေတ်မီအောင် ပြုလုပ်လိုတာမှာ တူကြသလို ရင်းနှီးတဲ့ မဟာမိတ်တွေလည်း ဖြစ်ခဲ့ကြတာပါ။ အီရန်ကိစ္စဖြစ်လိုက်တော့ ဒေသတွင်းလုံခြုံရေးနဲ့ အီရန်ရဲ့ proxy တွေအပေါ် ရှုမြင်ပုံချင်း ကွဲပြားလာကြ ပါတယ်။

ဆော်ဒီက အီရန်ကို စစ်ရေးထက် သံတမန်ရေးနဲ့ ဖြေရှင်းစေချင်ပြီး အီရန်ရန်ကို ကာကွယ်ဖို့ ပါကစ္စတန်တပ်တွေကို ငှားလိုက်ပါတယ်။ ယူအေအီးက အီရန်ကို စစ်ရေးနဲ့ ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူစေချင်ပြီး အမေရိကန်၊ အစ္စရေးတို့နဲ့ ပိုမိုရင်းနှီးလာတာမှာ အစ္စရေးက iron dome နဲ့ အီရန်ရန်ကနေ လာရောက် ကာကွယ်ပေးတဲ့အထိပါပဲ။ အိုပက်ကိစ္စမှာလည်း နှစ်နိုင်ငံ သဘောထားချင်း မတူညီကြသလို ဆူဒန်တို့ ယီမင်တို့မှာလည်း ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေကို တဖက်စီ ထောက်ခံမှု ပေးနေကြတာ ဖြစ်ပါတယ်။

ကမ္ဘာကြီးက အီရန်နဲ့ အမေရိကန်ကြား အပစ်ရပ်ဆွေးနွေးပွဲတွေကိုပဲ အာရုံစိုက်နေကြစဥ်မှာ အီရန်အစိုးရက ဆယ်စုနှစ်နဲ့ချီပြီး သူတို့လုပ်ခဲ့တဲ့ပြဿနာတွေက အခု သူတို့ကို ပြန်ပြီး ရှူးပတ်နေပြီ ဖြစ်ပါတယ်။ ပါရှန်းပင်လယ်ကွေ့တလျောက်က ရေငံကနေ ရေချိုချက်တဲ့ စက်ရုံတွေဟာ စစ်အတွင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တဲ့အပေါ်မှာ မိုးခေါင်တာရယ်၊ ဆယ်စုနှစ်နဲ့ချီပြီး မြေအောက်ရေကို အလွန်အကျွံ သုံးနေတာရယ်၊ အဆင်အခြင်မရှိ ရေတမံတွေ ဆောက်တာရယ်၊ ပညာရှင်တွေကို တန်ဖိုးမထားပဲ ပေါင်းစားမယ့် လက်ညှိုးထောင်ခေါင်းငြိမ့်တွေမှ ခန့်တဲ့စနစ်ရယ်နဲ့ဆိုတော့ မြို့ကြီးတွေ စိုက်ပျိုးရေးသမားတွေ သာမန်ပြည်သူတွေက ရေရှားပါးမှုဒဏ်ကို ခံနေကြရတာဖြစ်ပါတယ်။

ရေတမံဆောက်တယ်ဆိုတော့ တရုပ်လက်ချက်မှ ကင်းရဲ့လားလို့ သိချင်လာတာနဲ့ ရှာကြည့်တော့ ၃၁၅ မီတာနဲ့ ကမ္ဘာ့ အမြင့်ဆုံးဖြစ်လာဖို့ မှန်းထားတဲ့ Bakhtiari Dam ဟာ ၂၀၁၁မှာ တရုပ်ပိုင် Sinohydro နဲ့ ၂ဘီလီယံစာချုပ် လက်မှတ်ထိုးခဲ့ပြီး ၂၀၁၂မှာ တရုပ်ရဲ့ financing options တွေကို မကျေနပ်လို့ အီရန်က စာချုပ်ကို တရားဝင်ဖျက်သိမ်းခဲ့ပါတယ်။ ပရောဂျက်ကိုတော့ IRGC နဲ့ပတ်သက်နေတဲ့ Khatam al-Anbiya ဆောက်လုပ်ရေးကုမ္ပဏီကို လွှဲပေးခဲ့ပြီး ဆယ်စုနှစ်တခုလောက် တိုးတက်မှုမရှိပဲ ဖြစ်နေတဲ့အတွက် ၂၀၂၄မှာ တရုပ်ဆီက ငွေပြန်ယူပြီး ဆက်ဆောက်ခဲ့ရတာပါ။ Lorestan နဲ့ Khuzestan ခရိုင်တွေကြား Zagros တောင်တွေပေါ်က Bakhtiari မြစ်ပေါ်မှာ ဆောက်နေတဲ့ ရေတမံနဲ့ ရေအားလျှပ်စစ်ပရောဂျက်က ခုထိလည်း မပြီးသေးပါဘူး။ အီရန်က ကမ္ဘာပေါ်မှာ ငလျှင်အလှုပ်နိုင်ဆုံး နိုင်ငံတွေထဲက တခုဖြစ်တဲ့အပြင် ရေတမံဆောက်လိုက်လို့ ဒေသတွင်း ဂေဟစနစ်တွေ ပြောင်းသွားမယ့်အပေါ် ကျွမ်းကျင်သူတွေက ဝေဖန်နေကြပါတယ်။

Leave a comment