မနေ့က တိုက်ခိုက်မှုတွေဟာ ခဏရပ်သွားသလိုရှိပေမယ့် အီရန်ဘက်က လေလည်းမလျော့၊ ဆွေးနွေး တာမှာလည်း တိုးတက်မှုမရှိနေတဲ့အတွက် အမေရိကန်က တိုးမြှင့်တိုက်ခိုက်ခဲ့ပါတယ်။ တိုမာဟော့ခ် ဒုံးကျည် ၄၉ခုနဲ့ IRGCရဲ့ ကွပ်ကဲရေးဌာနတွေအပြင် အီရန်အနောက်တောင်ပိုင်းကို ဖိုက်တာဂျက်တွေနဲ့ ဗုံးတွေပါ ကြဲခဲ့သေးတာပါ။ ဗုံးကြဲတယ်ဆိုတာ စကားအရ ပြောတာဖြစ်ပေမယ့် တကယ်တမ်းက surgical precision နဲ့ ပစ်ခတ်တာပါ။ ပစ်ခတ်ခံရတဲ့ထဲမှာ တီဟီရန်ကနေ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဘက်ကို သွားတဲ့ အဝေးပြေးလမ်းဆုံ၊ ကက်စပီယံပင်လယ်နားက Alborz စက်မှုမြို့လည်း ပါဝင်သွားပါတယ်။ မြို့တော်တီဟီရန်နဲ့ အနီးဆုံးပစ်မှတ်က မြို့တော်ကနေ မိုင် ၄၀လောက်ပဲ ဝေးတာဖြစ်ပါတယ်။ ညကောင်းကင်ယံမှာ ပေါက်ကွဲသံတွေ မီးလျှံတွေ၊ ထပ်ဆင့် ပေါက်ကွဲသံတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ကမ္ဘာ့ရေကြောင်းသွားလာမှုကို နှောက်ယှက်လာခဲ့ရင် ဒီလို အကျွေးခံရလိမ့်မယ်ဆိုတာ သင်ခန်းစာ ပေးလိုက်တာပါပဲ။
သမ္မတထရမ့်က အီရန်ဘက်က သူ့ဆီ ဖုံးခေါ်ပြီး ပစ်ခတ်နေတာ ရပ်ပေးဖို့ ပြောလာတဲ့အတွက် အခုလို ပစ်ခတ်နေတာတွေဟာ မကြာခင် ရပ်တော့မှာဖြစ်ကြောင်း၊ ဒါပေမယ့် သဘောတူညီချက်ကို လက်မှတ်မထိုးသေးရင် မနက်ဖြန် အကြီးအကျယ် ထပ်ဆော်ဦးမှာဖြစ်ကြောင်း ပြောသွားပါတယ်။ အပစ်ရပ်ကာလဆိုပေမယ့် ဟိုဖက်ဒီဖက် အပြန်အလှန် ပစ်ခတ်ကြတာတွေ ရှိနေတဲ့အပေါ် ထရမ့်က ဒီဒေသမှာ အပစ်ရပ်တယ်ဆိုတာ လျော့ပစ်တာလို့ ပြောခဲ့ပြီး အခုလည်း ဒါဟာ ကမ္ဘာ့သမိုင်းမှာ အချိုးဖောက်ဆုံး အပစ်ရပ်ကာလလို့ တင်စားသွားပါတယ်။ ဂျေဒီကတော့ အီရန်ဘက်နဲ့ ဆွေးနွေး တာမှာ အလယ်အလတ်အသံတွေနဲ့ရော အစွန်းရောက်အသံတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်က ပစ်ချခံခဲ့ရတဲ့ Apache ရဟတ်ယာဥ်မှာ အီရန်ပစ်လိုက်တဲ့ဒရုန်းက ရဟတ်ယာဥ်မှူး ၂ဦးကြားမှာ သွားစိုက်နေပြီး ပေါက်ကွဲမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ မပေါက်ကွဲခဲ့ပေမယ့် အဲဒီနောက် မီးစွဲလောင်ခဲ့လို့ ဆက်ထိုင်မနေနိုင်လောက်အောင် ပူလောင်လာတဲ့အတွက် ပင်လယ်ထဲကို ထိုးချလိုက်ရတာလို့ ဆိုပါတယ်။ အဲဒီရဟတ်ယာဥ်မှူး ၂ဦးဟာ ဒရုန်းဘုတ်နဲ့ မကယ်နိုင်ခင် ၂နာရီလောက် အိုမန်ပင်လယ်ကွေ့ထဲ မျောနေခဲ့တာပါ။ ကိုယ့်လူတွေ စခန်းကို ဘေးမသီရန်မခ ပြန်မရောက်မချင်း ပူပန်နေခဲ့ရတာကလည်း အခုလို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြန်စဖို့ တွန်းအားတခု ဖြစ်ပါလိမ့်မယ်။
မနေ့က သမ္မတထရမ့်ရဲ့ ထရုသ်ဆိုရှယ်ပို့စ်မှာ The West Wing တီဗီဇတ်လမ်းတွဲ Season 1 ထဲက “A Proportional Response” ဆိုတဲ့ episode က clip လေးကို တင်ခဲ့ပါတယ်။ အဲဒီထဲမှာ Situation Room ထဲ သမ္မတနဲ့ အဖွဲ့က အမေရိကန်တယောက် အသတ်ခံရတာအပေါ် ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကို ဆွေးနွေးကြတာပါ။ ဇတ်လမ်းထဲက ဗခက အပါအဝင် အဖွဲ့က proportional response ဆိုတာကို ရိုးရိုးပဲ ဖွင့်ဆိုကြတာကို သမ္မတလုပ်သူက မကျေနပ်ပဲ ငါကတော့ ငါတို့လူ တယောက်ထိရင် လုပ်တဲ့ဖက်ကို ပွင့်ထွက်သွားအောင် ဆော်ရမယ်၊ ဒါကမှ proportionate ဖြစ်တယ်လို့ ပြောထားတဲ့ အပိုင်းလေး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း အမေရိကန်ရဲ့ စီစဥ်မှုနဲ့ ဟော်မုဇ်ကနေ ရေနံစိမ်းစည်ပေါင်း သန်းရာနဲ့ချီပြီး ဈေးကွက်ထဲကို ရောက်လာနိုင်ခဲ့ပါတယ်။ မသိလိုက်သူကတော့ အီရန်ပါပဲ။ တနေ့ညက ရေနံတင်သင်္ဘော ၂၂စီးကို ညဥ့်နက်သန်းခေါင်မှာ မီးမဖွင့်ပဲ ခေါ်ထုတ်လာခဲ့တာ ဖြစ်ပါတယ်။ အီရန်က ဘာလို့မသိတာလဲဆိုတော့ သူတို့မှာ ရေဒါမရှိတော့လို့ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ တိုက်ခိုက်တိုင်း တိုက်ခိုက်တိုင်းမှာ သူတို့မှာရှိနေတဲ့ ရေဒါတွေကို ဦးဆုံးဖျက်ဆီးခဲ့တာပါ။ ရလာဒ်ကတော့ ရေနံဈေး တစည်ကို ၈၅အထိ ကျဆင်းသွားတာပါပဲ။ ဟော်မုဇ်ထဲ သင်္ဘော ၁၅၀၀ လောက်ပိတ်မိနေတာကနေ ၂၀၀ကျော် ထွက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
တောင်လက်ဘနွန်ထဲ ရောက်နေတဲ့ အစ္စရေးတပ်တွေနားကို ဗုံးစဗုံးနတွေ ကျလာခဲ့တဲ့အတွက် ကပ်နေတဲ့ အစ္စရေးမြောက်ပိုင်းမှာ ဥဩတွေဆွဲပြီး လူတွေကို ဘေးကင်းရာ ရှောင်ကြဖို့ သတိပေးနေရပါတယ်။ ခရစ်ယာန် ၃၅% အထိရှိတဲ့ လက်ဘနွန်ဟာ အရင်က အရှေ့အလယ်ပိုင်းရဲ့ ဆွစ်ဇာလန်လို့ နာမည်ရပြီး အရင်ပါးရှန်းနိုင်ငံလိုပဲ လှပမှု၊ စီးပွားရေးလုပ်ဖို့ အဆင်ပြေတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ အီရန်မွေးထားတဲ့ ဟဇ်ဘိုလာအကြမ်းဖက်တွေက နိုင်ငံရဲ့ စစ်တပ်ထက်တောင် အများကြီးပို အင်အားကြီးလာပြီး လက်နက်ပိုပြည့်စုံ၊ တိုက်ရည်ခိုက်ရည် ပိုပြည့်ဝတဲ့အတွက် လက်ဘနွန်ကို ဝါးမြိုထားတယ်လို့တောင် ပြောလို့ရပါတယ်။ State within a state ဆိုပါတော့။
အဲဒီလို နိုင်ငံထဲ နိုင်ငံလေးဆောက်တာဟာ အီရန်ရဲ့ ဗျူဟာပါပဲ။ သူတို့မွေးထားတဲ့ အာရပ် proxy တွေက ဆိုင်ရာနိုင်ငံတွေကို ခြေကုပ်ယူ၊ အဲဒီနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဖျက်ဆီးပြီး အစ္စရေးနဲ့ အမေရိကန်ကို ရန်လုပ်ဖို့ပဲ အသက်ရှင်နေသူတွေ ဖြစ်နေပါတယ်။ အီရန်မွေးထားတဲ့ တပည့်တွေထဲမှာ ဟာမာ့စ်က ဆွန်နီဖြစ်ပြီး ဟဇ်ဘိုလာနဲ့ ဟူသီတွေက မတူတဲ့ ရှီယားဂိုဏ်းတွေက လာကြတာဖြစ်လို့ ဆွန်နီ-ရှီယားကြောင့်လို့လည်း လွယ်လွယ် ကောက်ချက်မချနိုင်ပါဘူး။
ယီမင်က အီရန်မွေးထားတဲ့ ဟူသီတွေက အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ ဒေသတွင်းပဋိပက္ခကို ပိုမိုကျယ်ပြန့်လာစေနိုင်ရုံတင်မက ကမ္ဘာ့စီးပွားရေးကိုပါ ခြိမ်းခြောက်လာလိမ့်မယ်လို့ သတိပေး သွားပါတယ်။ သူတို့ဟာလည်း ဟဇ်ဘိုလာတွေလိုပဲ ယီမင်စစ်တပ်ထက် အင်အားကြီးပြီး သူတို့ကို ဘယ်သူမှ ရွေးကောက်ထားတာလည်း မဟုတ်တဲ့အပြင် လူဦးရေရဲ့ ၈၀% နဲ့ မြို့တော်ကို ထိန်းချုပ်ထားတဲ့အပြင် ယီမင်မြောက်ပိုင်းကို သူတို့ပိုင် de facto state လိုမျိုး အထိုင်ချထားတာ ဖြစ်ပါတယ်။ ဟူသီတွေက စူးအက်စ်တူးမြောင်းနဲ့ ပင်လယ်နီကို အသုံးပြုတဲ့ သင်္ဘောတွေကို ဆိုမာလီပင်လယ်ဓါးပြတွေလိုပဲ တိုက်ခိုက်လေ့ရှိတာကြောင့် နိုင်ငံတကာက အကြမ်းဖက်အဖွဲ့ (သို့) state-sponsored စစ်သွေးကြွလို့ သတ်မှတ်ကြတာပါ။ အဲဒီ သွေးစုပ်ဖုတ်ကောင်နဲ့တူတဲ့ proxy တွေ ရှိနေသ၍ အီရန်နဲ့ သဘောတူညီချက် ရခဲ့ရင်တောင် ဒေသငြိမ်းချမ်းရေး ရဦးမှာ မဟုတ်ပါဘူး။
အီရန်အမတ် Esmail Kowsari က ပါရှန်းပင်လယ်ကွေ့က အာရပ်နိုင်ငံတွေအနေနဲ့ သမ္မတထရမ့်ကို အီရန်အပေါ် တိုက်ခိုက်မှုရပ်တံ့စေဖို့နဲ့ ဒေသတွင်းက အမေရိကန်တပ်တွေကို နှင်ထုတ်ပစ်နိုင်ဖို့ မလုပ်နိုင်ခဲ့ရင် အဲဒီနိုင်ငံတွေက infrastructure တွေကို ပစ်မှတ်ထားရလိမ့်မယ်လို့ သတိပေး လိုက်ပြီးတဲ့နောက် ကူဝိတ်က သူ့လေပိုင်နက်ကို ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား MBS က အိုဘမက ထိန်းသိမ်းထားတဲ့ အီရန်ပိုင်ဆိုင်မှုတွေကို ထုတ်မပေးခဲ့ရင် တီဟီရန်က အခုလို စစ်အင်အားနဲ့ အကြမ်းဖက်အခြေခံအဆောက်အဦတို့ကို တိုးချဲ့နိုင်မှာ မဟုတ်ဘူး၊ အီရန်ကလည်း အဲဒီပိုက်ဆံနဲ့ ပြည်သူတွေချောင်လည်ဖို့မလုပ်ပဲ အကြမ်းဖက်ဖို့ပဲ လုပ်ခဲ့တယ် ဆိုတာကို အကြိမ်ကြိမ် ဝေဖန်ပြစ်တင်နေခဲ့တာ ဖြစ်ပါတယ်။ အီရန်က အိုဘမလက်ထက်မှာ ရှားဘုရင် လက်ထက်က စုဆောင်းထားတဲ့ နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေထဲက ဘီလီယံ ၅၀နီးပါး ရခဲ့ပေမယ့် ပြည်သူအတွက် လမ်းတစင်း၊ အဆောက်အဦတခု၊ စက်မှုဇုံတခုတောင် မလုပ်ပေးခဲ့တာကို ပြောမဆုံးဖြစ်နေတာပါ။