Operation Epic Fury (88)

လက်ဘနွန်ထဲက Kfar Tebnit ဆိုတဲ့ ရွာလေးမှာ တင့်ကားတစီးကို ဟဇ်ဘိုလာတွေက ပစ်ခတ်ခဲ့လို့ တပ်မှူးကြီးတဦးအပါအဝင် အစ္စရေးစစ်သည် ၄ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နေတန်ယာဟုက ဟဇ်ဘိုလာတွေဆီက ကြေးကြီးကြီးပြန်ယူမယ်လို့ ကြုံးဝါးပြီး လက်ဘနွန် တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ဟဇ်ဘိုလာပစ်မှတ် ၈၀ကို ၁၉ရက်နေ့က အစ္စရေးတို့က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုခိုက်မှုမှာ ၄၇ဦး သေဆုံးပြီး ၉၇ဦး ဒဏ်ရာရတယ်လို့ လက်ဘနွန်ဘက်ကို ကိုးကားပြီး ဘီဘီစီက တင်ထားပါတယ်။ ၁၉ရက်နေ့ နေ့လည်ပိုင်းရောက်တော့ အပစ်ရပ်ဖို့ အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ သဘောတူကြပြန်ပြီလို့ ဆိုပါတယ်။

တကယ်တော့ စာချွန်လွှာက ပြီးခဲ့တဲ့ တနင်္ဂနွေကတည်းက လက်မှတ်ထိုးပြီးတာပါ။ အီရန်က ခုမထုတ်ပြန်ပါနဲ့ဦး၊ သောက်ြာနေ့မှ ထုတ်ပြန်ပါဆိုလို့ စောင့်နေတာဖြစ်ကြောင်း ဂျေဒီက ရှင်းပြသွားပါတယ်။ အီရန်ဘက်က ဖာစီဘာသာနဲ့ ထုတ်ပြန်နိုင်ဖို့ အချိန်ဆိုင်းခဲ့တာဖြစ်ပြီး ဖာစီဘာသာနဲ့ ထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံခြားရေးက အတည်ပြုထားပါတယ်။

အမေရိကန်နဲ့ အီရန်ကြား အချက် ၁၄ချက်ပါ နားလည်မှုစာချွန်လွှာက လက်မှတ်ထိုးပြီးပြီဖြစ်ပြီး ယူအန်က ထောက်ခံမယ့် အမြဲတည်တံ့မယ့် အချောသတ်သဘောတူညီချက်ကို ရက်၆၀အတွင်း အပြီးညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ပထမဆုံးနောက်ဆက်တွဲညှိနှိုင်းမှုကို ဆွစ်ဇာလန်မှာ ပြုလုပ်ဖို့နဲ့ ဂျေဒီဗန့်စ်တက်ရောက်ဖို့ စီစဥ်ထားပေမယ့် အခုလိုပစ်ခတ်မှုတွေကြောင့် အစီအစဥ်ပျက်သွားတာပါ။ အီရန်ဘက်က ဟော်မုဇ်ကို ပြန်ပိတ်ပြီလို့ သတင်းထွက်လာပြီး လက်ဘနွန်သမ္မတကတော့ အီရန်ကို “မင်းတို့က အမေရိကန်နဲ့ ညှိနှိုင်းရာမှာ အသာရဖို့ ငါတို့နိုင်ငံကို အသုံးချကစားနေပေမယ့် သေနေတာ ငါတို့ပြည်သူတွေ၊ ပျက်စီးတာ ငါတို့ပြည်သူတွေရဲ့ အိမ်တွေ၊ ဒါကို ငါတို့ လုံးဝလက်မခံနိုင်ဘူး၊ လက်ဘနွန်က မင်းတို့နိုင်ငံ မဟုတ်ဘူး၊ ဟဇ်ဘိုလာတွေက အီရန်မွေးထားတဲ့တပည့်တွေပဲဖြစ်လို့ လက်ဘနွန်ကို ကိုယ်စားမပြုဘူး၊ ဟဇ်ဘိုလာတွေ နားလည်ထားဖို့က မင်းတို့မှာ စေ့စပ်ဆွေးနွေးဖို့ တခုပဲ ကျန်တော့တယ်လို့ ပြောသွားပါတယ်။

နားလည်မှုစာချွန်လွှာမှာ ပါဝင်တာတွေက

၁။ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ ချက်ခြင်းနဲ့ အမြဲတမ်းအပစ်ရပ်ဖို့၊

၂။ အမေရိကန်နဲ့ အီရန်တို့က တနိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေပိုင်ခွင့်ကို အပြန်အလှန် လေးစားကြဖို့၊ တနိုင်ငံနဲ့တနိုင်ငံ ပြည်တွင်းရေးကို ဝင်မစွက်ကြဖို့၊

၃။ အပြီးသတ်သဘောတူညီချက်ကို ရက် ၆၀အတွင်း အပြီးညှိနှိုင်းဖို့၊ နှစ်ဖက်သဘောတူရင် ရက်တိုးဖို့၊

၄။ လက်မှတ်ထိုးပြီးတာနဲ့ အမေရိကန်ရေတပ်က ပိတ်ဆို့ထားမှုကို စတင်ဖယ်ရှားပေးပြီး ရက် ၃၀ အတွင်း အပြီးဖယ်ရှားပေးဖို့၊ အဲဒီကာလမှာ ဟော်မုဇ်အတွင်း ရေကြောင်းသွားလာမှုဟာ စစ်မစခင်က နှုန်းအတိုင်း ပြန်ဖြစ်စေဖို့၊ အပြီးသတ်သဘောတူညီချက်ရပြီး ရက်၃၀အတွင်း အီရန်နဲ့အနီးတဝိုက်က အမေရိကန်တပ်တွေ ဖယ်ရှားပေးဖို့၊

၅။ စာချွန်လွှာလက်မှတ်ထိုးပြီး ရက်၆၀အတွင်း ပါးရှန်းပင်လယ်ကွေ့ကနေ အိုမန်ပင်လယ်ကြား ကုန်/ရေနံသင်္ဘောတွေ ရက်၆၀အတွင်း ဖြတ်သန်းခ မပေးရပဲ လုံခြုံစွာဖြတ်သန်းနိုင်ရန် စီစဥ်ပေးဖို့၊ သင်္ဘောတွေ ပြန်ဖြတ်နိုင်ဖို့ လိုအပ်တဲ့ မိုင်းအပါအဝင် အဟန့်အတားတွေကို ရက် ၃၀အတွင်း အီရန်ဘက်က အပြီးပယ်ရှားပေးဖို့၊ အနာဂတ်မှာ ဟော်မုဇ်ကို ပူးတွဲစီမံဖို့နဲ့ ဝန်ဆောင်မှုပေးဖို့ အိုမန်နိုင်ငံနဲ့ ဆွေးနွေးဖို့၊ အဲဒီလို ဆွေးနွေးရာမှာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ အချုပ်အချာအာဏာပိုင်မှုကို အဆိုပါနိုင်ငံတွေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ထည့်ဆွေးနွေးကြဖို့၊

၆။ အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းပြီး အီရန်ပြန်လည်တည်ဆောက်ဖို့နဲ့ စီးပွားရေး တိုးတက်စေဖို့ ဘီလီယံ ၃၀၀ ရင်းနှီးမြှုပ်နှံမယ့် အစီအစဥ်ကို ဖော်ဆောင်ဖို့၊ အဲဒီအစီအစဥ်ကို အပြီးသတ် သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ရက် ၆၀အတွင်း ချမှတ်ဖို့၊ ငွေကြေးစီးဆင်းမှုအတွက် လိုအပ်တဲ့ လိုင်စင်၊ ကင်းလွတ်ခွင့်၊ ခွင့်ပြုချက် စတာတွေကို အမေရိကန်က ခွင့်ပြုပေးဖို့၊ (ကဲ တွေ့တယ်နော်၊ အမေရိကန်နိုင်ငံ/ အမေရိကန်ပြည်သူက ပေးရတာမဟုတ်ဘူး၊ မြတ်မယ်ထင်လို့ ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံ/ လုပ်ငန်းတွေက သွားရင်းနှီးမြှုပ်နှံကြမှာ။)

၇။ အမေရိကန်က အီရန်အပေါ် ထားရှိတဲ့ UNSC, IAEA ဆုံးဖြတ်ချက်အပါအတွင် ဆန်ရှင်အားလုံးကို နှစ်ဘက်သဘောတူအချိန်ဇယားအတိုင်း ပယ်ဖျက်ပေးဖို့၊ အပြီးသတ်သဘောတူညီချက်ရဲ့ အစိတ်အပိုင်းအဖြစ် အမေရိကန်နဲ့ အီရန်တို့က ဆန်ရှင်ဖျက်သိမ်းမယ့် အထက်ဖော်ပြပါအချက်တွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုကြပြီး နှစ်ဖက်သဘောတူညီချက်ရဖို့ လိုအပ်တဲ့ အဆိုပါအချက်တွေကို အမြန်ဆုံးကုစားမယ့် သူတို့ရဲ့ ရည်ရွယ်ချက်တွေကို ပြကြဖို့၊

၈။ အီရန်က နျူလက်နက်ကို ဝယ်ယူ/ထုတ်လုပ်တာမျိုး မလုပ်ဖို့၊ အမေရိကန်နဲ့ အီရန်တို့က အီရန်ရဲ့ သန့်စင်ထားတဲ့ယူရေနီယံကို အပိုဒ် ၇ပါ အချိန်ဇယားအတိုင်း IAEA ရဲ့ ကြီးကြပ်မှုအောက်မှာ ဘယ်လိုဖျက်ဆီးပစ်ရမယ်ဆိုတာ သဘောတူညီကြပြီး ဖြစ်ပါတယ်။ အပြီးသတ်သဘောတူညီချက်မှာ ပါဝင်တဲ့ မူဘောင်ကို အခြေခံပြီး အီရန်ရဲ့ နျူလိုအပ်ချက်နဲ့ ကိစ္စတစုံတခုရှိလာရင် ချက်ချင်း ဖြေရှင်းကြဖို့ အရေးကြီးကြောင်း နှစ်ဖက် သဘာတူညီကြပါတယ်။

၉။ နျူကိစ္စနဲ့ ပတ်သက်ပြီး အပြီးသတ်သဘောတူညီချက် မရခင်စပ်ကြားမှာ အမေရိကန်နဲ့ အီရန်တို့ဟာ လက်ရှိအတိုင်း ဆက်နေကြမှာဖြစ်ပါတယ်၊ အမေရိကန်က ဆန်ရှင်အသစ် ချမှာမဟုတ်သလို အီရန်ကလည်း နျူကိစ္စမှာ ဘာမှ အပြောင်းအလဲလုပ်စရာ မလိုပါဘူး။

၁၀။ စာချွန်လွှာ လက်မှတ်ထိုးပြီးချိန်နဲ့ ဆန်ရှင်တွေ မဖယ်ရှားခင် ကြားကလမှာ အမေရိကန် ဘဏ္ဍာရေး ဌာနက အီရန်ရေနံနဲ့ ရေနံထွက်ပစ္စည်း ရောင်းချနိုင်ဖို့ ဘဏ်လုပ်ငန်း၊ ငွေပေးငွေချေ၊ အာမခံနဲ့ ပို့ဆောင်ရေး အစရှိတဲ့ကိစ္စတွေမှာ ကင်းလွတ်ခွင့်တွေ ပေးသွားဖို့ဖြစ်ပါတယ်။

၁၁။ စာချွန်လွှာကို အကောင်အထည်ဖော်ပြီးတဲ့အချိန်မှာ အမေရိကန်ထိန်းချုပ်ထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို အီရန်ကို ရယူခွင့်ပြုဖို့လုပ်ငန်းစဥ်ကို နှစ်ဖက် သဘောတူညီမှု ရယူရမှာ ဖြစ်ပါတယ်။

၁၂။ အမေရိကန်နဲ့ အီရန်တို့က ဒီစာချွန်လွှာကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့နဲ့ အပြီးသတ် သဘောတူညီချက်ရပြီးတဲ့နောက်ပိုင်းမှာပါ စာချုပ်ကို ဆက်လိုက်နာစေဖို့ ကြီးကြပ်ရေး ယန္တရားတခု တည်ထောင်ရန် သဘောတူညီကြပါတယ်။

၁၃။ စာချွန်လွှာလက်မှတ်ထိုးပြီး စာပိုဒ် ၁၊ ၄၊ ၅၊ ၁၀ နဲ့ ၁၁တို့ကို စတင်အကောင်အထည်ဖော်တာနဲ့ အမေရိကန်နဲ့ အီရန်တို့ဟာ အပြီးသတ်သဘောတူညီချက်ကို ရရှိဖို့ စတင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၁၄။ အပြီးသတ်သဘောတူညီချက်ကို ချည်နှောင်နိုင်စွမ်းရှိတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

စာချွန်လွှာထဲမှာ အီရန်ကို ပိတ်ဆို့တာတွေ ဖယ်ပေးပြီး ရေနံရောင်းခွင့်ပြုတာတွေ၊ အပြီးသတ် သဘောတူညီပြီးရင် ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုတာတွေ ပါနေသလို ဘာလုပ်ရင် (သို့) ဘာမလုပ်ရင် အဆော်ခံရမယ်ဆိုတဲ့ အသေးစိတ်တွေ မပါနေတာကို သတင်းထောက်တွေက မေးမြန်းကြပါတယ်။ အဲဒါတွေအပေါ် ဂျေဒီက အီရန်မှာ လတ်တလော လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အတွက် ရေနံရောင်းရငွေကို တခြားကိစ္စတွေအတွက် အများကြီးရောက်နိုင်စရာမရှိကြောင်း၊ ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေအပြီးမှာ အီရန်ပိုက်ဆံစီးဆင်းမှုကို အမေရိကန်ဘဏ္ဍာရေးက မြင်နေရတဲ့ အတွက် အကြမ်းဖက်တွေဆီ ထောက်ပံ့နေတယ်ဆိုရင် ပေးနေတဲ့အခွင့်အရေးတွေ အကုန်လုံး ဆုံးရှုံးမယ့်အပြင် တိုက်ခိုက်မှုတွေ ပြန်စနိုင်တာကို အီရန်ကလည်း သိရှိနေတာပဲဖြစ်ပါတယ်။

ဘီလီယံ ၃၀၀ဖိုး ရင်းနှီးမြှုပ်နှံမှုတွေခွင့်ပြုပေးမှာနဲ့ ပတ်သက်လို့ ဂျေဒီက ဒါဟာ အီရန်လိမ္မာမှ ရမယ့်အခွင့်အရေးဖြစ်လို့ ကောင်းကောင်းနေဖို့ မက်လုံးပေးတာပဲဖြစ်ကြောင်း၊ အမေရိကန် ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာထဲက တပြားတချပ်မှ ပေးတာမဟုတ်ကြောင်း၊ တချို့အသေးစိတ်တွေ မပါတာက စကားလုံးထက် လုပ်ရပ်ကို ကြည့်မှာမို့လို့ဖြစ်ကြောင်း၊ ဖြေကြားသွားပါတယ်။ လိမ္မာမှ ရမယ့်အခွင့်အရေးကို အလိုလိုနေရင်း ရမှာလိုလို၊ ပြည်သူ့ဘဏ္ဍာထဲကနေ ပေးလိုက်ရသလိုလို ပြောနေကြတာ အမှားတွေမှန်း ရှင်းလောက်ပြီထင်ပါတယ်။ စာချုပ်ဆိုတာကလည်း တခါတလေ စာက အသေးစိတ် ထည့်ရေးရင် ကိုယ့်ကို ချုပ်ထားသလို၊ သူများကို လက်တလုံးခြားလုပ်ခွင့်ပေးသလို ဖြစ်နေတတ်တာဆိုတော့ လုပ်ရပ်ကိုကြည့်ပြီး ဆုံးဖြတ်တာက ပိုလက်တွေ့ကျနိုင်ပါတယ်။

အမေရိကန်က အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဥ်ကို လုံးဝဖျက်ဆီးပစ်မယ်လို့ ပြောခဲ့ပြီး အခု ၈၅% လောက်ပဲ ဖျက်ရသေးတယ်ဆိုတဲ့ အနေအထားမှာ တိုက်ခိုက်မှုတွေ ရပ်လိုက်တာနဲ့ ပတ်သက်လို့ လက်ရှိအခြေအနေမှာ အီရန်ထက် သူ့အိမ်နီးချင်းတွေက ဒုံးကျည်အများကြီး ပိုရှိနေတာဖြစ်လို့ အီရန်က အိမ်နီးချင်းတွေကို စပစ်ခဲ့ရင် စိစိညက်ညက်ကျေအောင် ပြန်အဆော်ခံရနိုင်တာကြောင့် ထပ်ဖျက်ဆီးဖို့ မလိုတော့တဲ့အနေအထားဖြစ်နေပါပြီ။ ဒုံးကျည်စက်ရုံတွေ ပြန်ဆောက်ဖို့က အချိန်ရော ပိုက်ဆံပါ အများကြီးလိုတာဖြစ်လို့ ဒီကိစ္စက စိတ်ပူစရာမလိုပါဘူး။ စစ်ဖက်သုံးဒရုန်းတွေကိုလည်း. အာရပ်နိုင်ငံတွေက ဝယ်ယူတာကနေ ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ အကြီးအကျယ် ကြိုးစားနေကြပါပြီ။

အီရန်ကို ပိတ်ဆို့ထားတာတွေ ဖယ်ရှားပေးလိုက်ရင် အရင်ဆုံးအကျိုးရှိမှာက ဈေးကွက်ထဲကို ဆီတွေ အများကြီး စီးဆင်းလာမှာဖြစ်လို့ ရေနံဈေးကျလာမှာဖြစ်ပြီး နောက်တခုက အဲဒီပိတ်ဆို့မှုမှာ ပါဝင်နေတဲ့ အမေရိကန်စစ်သည် ၁၅,၀၀၀ ကျော် အိမ်ပြန်လို့ရမှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄၈နာရီမှာတင် ဟော်မုဇ်ထဲက သင်္ဘောတွေ ထွက်လာနိုင်တဲ့အတွက် ရေနံစည် ဆယ်သန်းကျော် ဈေးကွက်ထဲ ရောက်ရှိလာတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ လက်ဘနွန်တောင်ပိုင်းမှာ နောက်ထပ် အစ္စရေးစစ်သည်တဦး အသတ်ခံရပြန်တဲ့အတွက် အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် လက်ဘနွန်တောင်ပိုင်းက Tebnit ရွာထဲက လျှို့ဝှက်မြေအောက်လှိုဏ်ခေါင်းထဲကို ဒါဇင်နဲ့ချီတဲ့ ဟဇ်ဘိုလာအကြမ်းဖက်တွေကို ချောင်ပိတ်ပြီး မောင်းသွင်းထားတယ်လို့ ဆိုပါတယ်။ အီရန်ကလည်း အစ္စရေးက လက်ဘနွန်က မထွက်ပေးတာနဲ့ အမေရိကန်တပ်တွေ ရှိနေသေးတာကို အကြောင်းပြပြီး ဟော်မုဇ်ကို ပြန်ပိတ်လိုက်တယ်လို့ ပြောပေမယ့် CENTCOM ကတော့ ဟော်မုဇ်က အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက်မှာပါလို့ ဆိုပါတယ်။ စာချွန်လွှာမှာ ရက် ၃၀အတွင်း ပိတ်ဆို့ထားတာတွေ ဖယ်ပေးမယ်လို့ပဲ ပါတာပါ၊ ချက်ချင်းလို့ မပြောတဲ့အပြင် စစ်တပ်က အီရန်တဝိုက်မှာ အပြီးသတ် သဘောတူညီချက် ရပြီးတဲ့အထိ ရှိနေဦးမှာလို့ ပါပါတယ်။ အီရန်အဖွဲ့နဲ့ အမေရိကန်အဖွဲ့ကတော့ ဆွစ်ဇာလန်မှာ ဆွေးနွေးဖို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

Leave a comment