Operation Epic Fury (89)

သမ္မတထရမ့်က အီရန်အနေနဲ့ ဟော်မုဇ်ကိုပဲ ဓါးစာခံလုပ်ပြီး ပိတ်လိုက်ဖွင့်လိုက် လုပ်နေမယ်ဆိုရင် အမေရိကန်အနေနဲ့ ဟော်မုဇ်ကို ဝင်ရောက်ထိန်းချုပ်ရလိမ့်မှာဖြစ်ကြောင်း၊ အဲဒီလို လုပ်ပေးရမယ် ဆိုရင် ကုန်ကျစားရိတ် ကာမိဖို့အတွက် ဖြတ်သန်းခကောက်ခံရလိမ့်မှာဖြစ်ကြောင်း သတိပေးလိုက်ပြီး အီရန်က လက်ဘနွန်က ဟဇ်ဘိုလာတွေလို proxy တွေကို ထောက်ပံ့နေတာ ချက်ချင်းရပ်တံ့ဖို့နဲ့ မငြိမ်သက်မှုတွေ ဆက်ဖြစ်နေရင် အရင်ထက် ကြီးမားတဲ့ စစ်ရေးတုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဟော်မုဇ်ကို လုံခြုံရေးပေးခက အဲဒီကို ဖြတ်သွားတဲ့ရေနံရဲ့ ၂၀% ကို ရယူဖို့ ဖြစ်ပါတယ်။

သမ္မတထရမ့်က အမေရိကန်အဖွဲ့နဲ့ ဆွေးနွေးဖို့ ဆွစ်ဇာလန်ကို ရောက်ရှိနေတဲ့ အီရန်အဖွဲ့ကိုလည်း မင်းတို့ဟော်မုဇ်ကို ပိတ်လိုက်ရင် မင်းတို့ ပြန်စရာနိုင်ငံမရှိပဲ ဖြစ်သွားမယ်လို့ ကြိမ်းထားပါတယ်။ အဲဒီ ခြိမ်းခြောက်မှုတွေအပေါ် အီရန်အဖွဲ့က ဂါလီဘတ်ဖ်က အမေရိကန်တွေ ထုတ်ပြန်ချက်တွေ သတိထားထုတ်ပါ၊ သူတို့တပ်တွေက တိုက်ဖို့/ တုန့်ပြန်ဖို့အဆင်သင့်ပဲလို့ ဆိုပါတယ်။ လေတပ်၊ ရေတပ် မရှိတော့တဲ့တိုင်းပြည်က လေကျယ်နေတာဆိုတော့ ဟန်ကိုယ့်ဖို့လုပ်နေတာပဲ ဖြစ်မှာပါ။ အာဏာရှင် နိုင်ငံတွေက လေကျယ်ကြတာ၊ လိုတာထက်ပိုပြီး လေးစားခံချင်ကြတာ ထုံးစံလိုဖြစ်နေပါပြီ။ စိတ်ဓါတ်ရေးရာ လုံခြုံမှုအားနည်းတဲ့ ပြယုဂ်လို့ ထင်ပါတယ်။

ဆွေးနွေးတဲ့အဖွဲ့ထဲမှာမပါတဲ့ အာဏာသိပ်မရှိတဲ့အီရန်သမ္မတကလည်း အီရန်ရဲ့ နျူကိစ္စကို အမေရိကန်က ဘာလုပ်ခွင့်ရှိတယ်၊ ဘာလုပ်ခွင့် မရှိဘူးလို့ လာပြောစရာ မလိုဘူးလို့ ဒီနေ့နံနက်မှာ ပြောသွားပါတယ်။ အဲဒါကို သမ္မတထရမ့်က “မင်းစကားပြောတာ ကြည့်ပြော၊ ငါတို့ကမင်းတို့နိုင်ငံကို ဝင်ထိန်းချုပ်လိုက်လို့ ရတယ်”လို့ တုန့်ပြန်သွားပါတယ်။

လက်ဘနွန်က ဟဇ်ဘိုလာတွေနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က အစ္စရေးကိုယ်တိုင် လိုက်ရှင်းနေမယ့် အစား ဆီးရီးယားလို လုပ်ဖို့ အကြံပြုပါတယ်။ ဆီးရီးယားမှာလည်း အရင်က ဟဇ်ဘိုလာတွေ သောင်းကျန်းမင်းမူခဲ့တာပါ။ အီရန်ထောက်ခံပေးထားတဲ့ အကြမ်းဖက်တွေအာရပ်တွေအားလုံးက သူတို့ရဲ့ ခေါင်းကိုင်ဆရာကြီး အီရန်ခိုင်းတဲ့အတိုင်း အစ္စရေးကို အနီးကပ် တိုက်ခိုက်ဖို့ မြေအောက် လှိုဏ်ခေါင်းတွေ တူးထားကြတာကို ဂါဇာတို့ လက်ဘနွန်တောင်ပိုင်းတို့မှာ တွေ့ရမှာဖြစ်ပါတယ်။ အီရန်ပြည်တွင်းမှာလည်း အမေရိကန်တို့ အစ္စရေးတို့လာတိုက်ရင် ရှောင်ဖို့နဲ့ လက်နက်တွေ ဖွက်ဖို့ မြေအောက်လှိုဏ်ခေါင်းတွေ အများကြီးတူးထားတာဆိုတော့ တွင်းတော်တော်ကြိုက်တဲ့ပုံပါပဲ။

Beaufort Ridge  ကိုထွင်းပြီး တူးထားတဲ့ လှိုဏ်ခေါင်းတခုက ၆ကီလိုမီတာ​ရှည်ပြီး အစ္စရေးနယ်စပ် ကနေ ၇ကီလို မီတာပဲ ဝေးပါတယ်။ ကျောက်တောင်တွေကို ထွင်းရတာဆိုတော့ အချိန်၊​ လုပ်အား၊ ပိုက်ဆံအများကြီး အကုန်ခံထားတဲ့အပြင် အတွင်းမှာ အချောသတ်၊ ဆေးသုတ်ပြီး လျှပ်စစ်မီး၊ လေနဲ့ လက်နက်တွေ ထားရှိနိုင်တဲ့အထိ လုပ်ထားကြတာဖြစ်ပါတယ်။ အစ္စရေးကို အဲဒီထဲက ထွက်ထွက်ပြီး ဒုံးတွေနဲ့ ပစ်ခတ် ကြတာပါ။ အစ္စရေးက ပြန်ပစ်ရင် သူတို့က လှိုဏ်ခေါင်းထဲဆိုတော့ လွတ်တယ်လေ။

ဆီးရီးယားက သူတို့ဆီကဟဇ်ဘိုလာတွေကို ဘယ်လိုနှင်သလဲဆိုတော့ အာဏာရှင် Basher al-Assad ရဲ့ ၂၄နှစ်ကြာအုပ်စိုးမှု (အဲဒီမတိုင်ခင် သူ့ဖခင် Hafez al-Assad ရဲ့ နှစ် ၃၀ကြာအုပ်စိုးခဲ့ပါတယ်။)နဲ့ အာရပ်နွေဦးကနေ ဖြစ်ပွားလာတဲ့ ၁၄နှစ်ကြာ ပြည်တွင်းစစ် ကို အဆုံးသတ်စေတဲ့ ဆန့်ကျင်ဖက် အင်အားစုတွေရဲ့ ၂၀၂၄ ဒီဇင်ဘာထိုးစစ်နဲ့ မြို့တော်သိမ်းစစ်ပွဲအပြီးမှာ အသစ်တက်လာတဲ့ Ahmed al-Sharaa ဦးဆောင်တဲ့ အစိုးရက ဒေသတွင်း proxy war တွေကနေ ရှောင်ခွာပြီး တိုင်းပြည်ပြန်လည် ထူထောင်ရေး၊​ တိုင်းပြုပြည်ပြုလုပ်ငန်းများနဲ့ နိုင်ငံတကာမှာ တရားဝင်ဖြစ်ဖို့တို့ကို ပိုမိုဦးစားပေး ဆောင်ရွက်လာခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းက ဆီးရီးယားမှာ ဟဇ်ဘိုလာတွေ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေရာက ပထုတ်ခံရသလိုဖြစ်သွားခဲ့တာပါ။

အဲဒီလို စစ်သွေးကြွတွေကို ပထုတ်ဖို့ ဆီးရီးယားအစိုးရသစ်က နယ်စပ်ကို ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ခြင်း၊​ လုံခြုံရေးတင်းကြပ်ခြင်း၊​ ဟဇ်ဘိုလာတွေကို လက်နက်၊ ငွေ၊​ လူ စသဖြင့် ထောက်ပံ့ပေးခဲ့တဲ့ မှောင်ခိုကွန်ယက်တွေကို နှိမ်နှင်းခြင်းတို့နဲ့ ဟဇ်ဘိုလာတွေရဲ့ အသက်သွေးကြော တွေကို ဖြတ်တောက်ပစ်ခဲ့တာပါ။ အာဏာရှင်ဟောင်း အယ်လ်အာဆတ်ကတော့ မော်စကိုက လူကုံထံတွေနေတဲ့ financial district က penthouse နဲ့ မြို့စွန်က ဇိမ်ခံအိမ် နှစ်အိမ်ကြားမှာ ဇိမ်နဲ့ ဟိုအိမ် ဒီအိမ်ကူးပြီး ခိုလှုံနေပါတယ်။

နောက်ပြီးတော့ ဆီးရီးယားမြေပေါ်မှာ ဟဇ်ဘိုလာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေအားလုံးကို ပစ်မှတ်ထားပြီး လက်ဦးအောင် ဖျက်ဆီးခဲ့ပါတယ်။ အော်ပရေးရှင်းတခုမှာဆိုရင် အဆင့်မြင့် အရာရှိကြီးတွေကို ပစ်မှတ်ထားပြီး လုပ်ကြံမယ့်သူတွေကို ပြည်ထဲရေးအောက်က တန်ပြန်အကြမ်းဖက်ဌာနကနေ ရှင်းလင်းပစ်နိုင်ခဲ့ပြီး RPG လောင်ချာတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို သိမ်းယူနိုင်ခဲ့ပါတယ်။

ဆီးရီးယားနယ်မြေထဲမှာ ဟဇ်ဘိုလာတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခြင်း မရှိတော့တဲ့အပြင် အဲဒီနောက်မှာ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ဝင်တိုက်လိုက်တဲ့အတွက် အီရန်က ဆီးရီးယားက ဟဇ်ဘိုလာတွေကို မထောက်ပံ့နိုင်တော့တဲ့အတွက် သူတို့ရဲ့ လှုပ်ရှားနိုင်မှုက တော်တော်ကြီးကို လျော့ကျသွားခဲ့ပါတယ်။ ဟဇ်ဘိုလာတွေက ဆီးရီးယားအစိုးရစွပ်စွဲသလို ဆီးရီးယားမှာ ခြေကုပ်ယူနေတယ်ဆိုတာကို ငြင်းဆိုကြပေမယ့် သူတို့အားနည်းသွားတာနဲ့ ဆီးရီးယားရဲ့  တည်ငြိမ်မှု တိုးတက်လာတာကတော့ ဆက်စပ်နေတာပါပဲ။

အီရန်ကို ဝင်တိုက်ရတဲ့ ရည်ရွယ်ချက်က အီရန်ကို ဖျက်ဆီးဖို့မဟုတ်ပဲ ဒေသတွင်း အင်အား တဖက်စောင်းနင်းဖြစ်နေရာက နောက်ကို အနှစ် ၂၀လောက် ပြန်ဆုတ်ပေးလိုက်တဲ့ သဘောပါပဲ။ ခုအချိန်မှာ အီရန်က အိမ်နီးချင်းနိုင်ငံတွေကို အရင်လို ထစ်ကနဲရှိ ရန်စနိုင်တဲ့ အခြေအနေ မရှိတော့ပါဘူး။ စခဲ့ရင်လည်း မှတ်လောက်သားလောက် ပြန်ခံရမှာပါ။ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးလိုက်ရင် အပြစ်မဲ့ပြည်သူတွေ ပိုအထိနာမှာဖြစ်ပါတယ်။

အမေရိကန်ထိန်းချုပ်ထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်က ဆက်ထိန်းချုပ်ထားရင်လည်း ရတာပါပဲ၊ ဒါပေမယ့် သူ့တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုကို ပြန်ပေးတာက အမေရိကန်ဒေါ်လာနဲ့ ငွေကြေးစနစ်တွေအပေါ် ကမ္ဘာ့နိုင်ငံတွေရဲ့ ယုံကြည်မှု ထိခိုက်စေနိုင်တာဖြစ်လို့ ပြန်ပေးမယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီတိုင်းပေးမှာ မဟုတ်ပါဘူး။ ငွေစီးဆင်းမှုတွေကို မြင်ရအောင် လုပ်ထားလိုက်ပြီဖြစ်တဲ့အတွက် မကောင်းတဲ့ကိစ္စမှာသုံးရင် သတိပေးနိုင် တင်းကြပ်နိုင်တာဖြစ်ပါတယ်။

Leave a comment