ဒီနေ့ ဆွစ်ဇာလန်မှာ ပြုလုပ်တဲ့ အမေရိကန်နဲ့ အီရန်ဆွေးနွေးပွဲမှာ အီရန်ဘက်က ယူရေနီယံကိစ္စ အတွက် IAEA က တာဝန်ရှိသူတွေကို လာရောက်စစ်ဆေးခွင့်ပြုဖို့ သဘောတူညီခဲ့ပါတယ်။ ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားနိုင်တာတွေကို ကာကွယ်ဖို့နဲ့ ကုန်သင်္ဘောတွေ အခမဲ့ ဖြတ်သန်းနိုင်တာ သေချာစေဖို့ တိုက်ရိုက်တယ်လီဖုံး hotline တည်ထောင်ဖို့ နှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။ လောလောဆယ် အီရန်ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ ရောင်းခွင့်ရဖို့အတွက် အမေရိကန်က ဆန်ရှင်တွေကို ယာယီဖြေလျော့ပေးမယ်လို့လည်း ကြေငြာသွားပြီး အမေရိကန် ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ဆိုင်မှု ၁၂ဘီလီယံကို လွှတ်ပေးလိုက်ဖို့ သဘောတူညီခဲ့ကြပါတယ်။
အမေရိကန်ထိန်းချုပ်ထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို အီရန်ကို ပြန်ပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒီနေ့ သမ္မတထရမ့်က ပြောသွားတဲ့ထဲမှာ အဲဒီပိုက်ဆံတွေနဲ့ ပြောင်း၊ ပဲပိစပ်၊ ဂျုံ စတဲ့ အမေရိကန်ရဲ့ လယ်ယာထွက်ကုန်တွေ ဝယ်ရမှာဖြစ်လို့ ပိုက်ဆံအစား ကုန်ပစ္စည်းနဲ့ ပြန်ပေးမယ့်သဘော ဖြစ်ပါတယ်။ အဲဒီသတင်းကြောင့် အမေရိကန်လယ်သမားတွေ ဝမ်းသာကုန်ကြပေမယ့် အီရန်ဘက်ကတော့ စာချွန်လွှာထဲမှာ သူတို့က အမေရိကန်ဆီကပဲ ဝယ်ရမယ်လို့ မပါဘူးလို့ ငြင်းနေပါတယ်။ စကတည်းက ဘာလုပ်လုပ် ငြင်းနေကျဆိုတော့လည်း သူတို့ငြင်းတာကို ဘယ်သူမှ အတည်ယူတော့မယ် မထင်ပါဘူး။
အီရန်ဗဟိုဘဏ်ဂါဗာနာက အဲဒီပိုက်ဆံတွေကို မရှိမဖြစ်လိုအပ်နေတဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ သုံးနိုင်ကြောင်း၊ ဒါပေမယ့် အမေရိကန်ဆီကပဲဝယ်ယူဖို့ သဘောတူညီချက်ထဲမှာ မပါကြောင်း၊ သူတို့က အမေရိကန်ကုန်စည်တွေက ဈေးနဲ့ အရည်အသွေးသင့်တင့်ရင် ဝယ်ယူနိုင်တယ်လို့ ပြောခဲ့ပါကြောင်း၊ ဒါပေမယ့် သူတို့လိုအပ်ချက်အရ ဘယ်ကဖြစ်ဖြစ် ဝယ်ယူနိုင်ကြောင်း ပြောသွားပါတယ်။ သူ့စကားအရ အချိုအချောင်ကြိုက်လွန်းတဲ့ သူတို့ဆရာတြုပ်တောင် အမေရိကန် လယ်ယာထွက်ကုန်တွေ ဝယ်ယူနေတာဖြစ်လို့ သူတို့က တခြားကသွားဝယ်မယ်ဆိုတာ အဓိပ္ပါယ် မရှိနေပါဘူး။
အီရန်ဘက်က ဆွေးနွေးတဲ့အဖွဲ့က ဆွေးနွေးနေချိန်မှာ ကျန်ခဲ့တဲ့ အီရန်သမ္မတက လလလလတွေ ပြောနေတဲ့အပေါ် တူရ်ကီသမ္မတ အာဒိုဂန်က အမေရိကန်နဲ့အီရန်ကြား ဆွေးနွေးပွဲတွေ ပျက်ပြားအောင် မလုပ်ပါနဲ့လို့ အီရန်သမ္မတထံ ဖုံးခေါ်ပြီး သတိပေးလိုက်ပါတယ်။ အဲဒီကျတော့လည်း အီရန်သမ္မတက သူကလည်း စစ်မဖြစ်စေချင်ပါဘူး၊ နိုင်ငံတကာဥပဒေမူဘောင်တွေထဲကနေ သံတမန်ရေးအရပဲ ဆက်သွားမှာပါလို့ ပြောလိုက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ထဲမှာ လက်ဘနွန်ကို ထည့်သွင်းပေးဖို့၊ အဲဒါမှ အစ္စရေးကလက်ဘနွန်နဲ့ ပါလက်စ်တိုင်းကို ဗုံးမကြဲနိုင်မှာလို့ တောင်းဆိုလိုက်ပါတယ်။
အီရန်သွေးထိုးသမျှ လိုက်လုပ်နေတဲ့ ဟဇ်ဘိုလာတွေကို လက်နက်ဖြုတ်သိမ်းဖို့ အစ္စရေးနဲ့ လက်ဘနွန်အဖွဲ့တွေ ဝါရှင်တန်မှာ မနက်ဖြန်ကစပြီး ၃ရက်ကြာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အမေရိကန်ဆိုင်ရာ အစ္စရေးသံအမတ်က နိုင်ငံရေးနဲ့ သံတမန်ရေးအပိုင်းကို ဆွေးနွေးမှာဖြစ်ပြီး IDF စီမံကိန်းဌာနက ဗျူဟာမှူး ဗိုလ်မှူးချုပ် လီဗင်းက စစ်ရေးကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
ပိုင်းလော့ပရိုဂရမ်မှာ လက်ဘနွန်စစ်တပ်က တောင်ပိုင်းလက်ဘနွန်မှာရှိတဲ့ ဟဇ်ဘိုလာစစ်ဖက် အခြေခံအဆောက်အဦတွေကို ဖျက်သိမ်းပစ်ဖို့ ဖြစ်ပါတယ်။ လက်ဘနွန်ဘက်က လက်ရှိ အစ္စရေးက ထိန်းချုပ်ထားတဲ့နေရာတွေကနေ စချင်ပြီး လက်ဘနွန်တပ်တွေ ဝင်လာတာနဲ့အမျှ အစ္စရေးက ဆုပ်ခွာပေးဖို့ လိုလားတာပါ။ အစ္စရေးဘက်ကကျတော့ သူတို့ထိန်းချုပ်ထားတာမဟုတ်တဲ့ နယ်မြေတွေကနေ စစေချင်ပါတယ်။ အကြောင်းကတော့ လက်ဘနွန်စစ်တပ်ရဲ့ ကိုင်တွယ်ပုံကိုကြည့်ပြီး လုပ်နိုင်တာသေချာမှ တပ်ဆုပ်ချင်တာ ဖြစ်ပါတယ်။ ဟဇ်ဘိုလာတွေက လက်ဘနွန်စစ်တပ်ထက် အင်အားကြီးပြီး ငါမနိုင်မသားတွေလို ပြုမူနေတာဖြစ်လို့ အစ္စရေးစိတ်မချတာလည်း မမှားပါဘူး။
အမေရိကန်က လက်ဘနွန်က စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ CENTCOM က စောင့်ကြည့်တဲ့ စနစ်တခုကို စတင်လိုက်ပြီဖြစ်တဲ့အတွက် ပေါ်လစီချမှတ်သူတွေအတွက် အခြေအနေတွေကို အချိန်နဲ့ တပြေးညီ သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ဆွစ်ဇာလန်ဆွေးနွေးပွဲကနေ အမေရိကန်နဲ့ အီရန်တို့ သဘောတူညီခဲ့ကြတဲ့ထဲမှာ လက်ဘနွန်ထဲ စစ်ရေးလှုပ်ရှားမှုတွေ ထပ်မံမဖြစ်ပေါ်အောင် ကာကွယ်ဖို့အတွက် hotline လိုမျိုး deconfliction cell တည်ထောင်ဖို့ ပါရှိပါတယ်။
ပြီးခဲ့တဲ့ရက်က လက်ဘနွန်သမ္မတက ဟဇ်ဘိုလာတွေကို ရာဇသံပေးလာတာမှာ ဝါရှင်တန်ရဲ့ ဖိအားလည်း ပါပါလိမ့်မယ်။ လက်ဘနွန်ပြည်သူတွေက အရင်က ဟဇ်ဘိုလာတွေ နေရာယူလာတဲ့အပေါ် သိပ်ထူးထူးခြားခြား မတုန့်ပြန်ကြပေမယ့် သူတို့ရဲ့ ရန်စမှုကြောင့် အစ္စရေးက ပြန်ဆော်တဲ့အခါ ပြည်သူတွေနဲ့ ပြည်သူ့ ပိုင်ဆိုင်မှုတွေ ထိခိုက်ကုန်တဲ့နောက်မှာတော့ ပြည်သူတွေက ဟဇ်ဘိုလာတွေကို စိတ်ကုန်လာကြပါပြီ။
အီရန်မှာ proxy တပည့်တွေက ဟဇ်ဘိုလာတင်ရှိတာမဟုတ်ပါဘူး။ ယီမင်မှာလည်း ဟူသီတွေကို မွေးထားပါသေးတယ်။ ဒါပေမယ့် OEF စကတည်းက ဟူသီတွေအကြောင်း သိပ်မကြားရပါဘူး။ ဘာလို့လဲဆိုတော့ မတ်လ ၂၀၂၅ကတည်းက အမေရိကန်ရေတပ်နဲ့ လေတပ်က Operation Rough Rider နဲ့ ယီမင်ထဲက ဟူသီပစ်မှတ်တွေကို အကြီးအကျယ် ဆော်နေခဲ့တဲ့အတွက် ဟူသီတွေ မလှုပ်နှိုင်ဖြစ်ပြီး အီရန်က ခိုင်းတိုင်း ဟူသီတွေက ငြင်းနေခဲ့တာ ဖြစ်ပါတယ်။