ဒီနေ့ အတွေ့များတဲ့သတင်းတခုက ပစ်ချခံရတဲ့ အမေရိကန်တိုက်လေယာဥ်ရဲ့ ပိုင်းလော့က အီရန်မှာ ဒရုန်းတွေ jellyfish လိုပုံစံနဲ့ အုပ်စုဖွဲ့ ပျံနေကြတာကို တွေ့ခဲ့တယ်လို့ ပြောနေကြတာပါ။ အဲဒီမှာ ထပ်ကွန့်လိုက်တော့ လူတွေလုပ်တာတော့ မဖြစ်နိုင်ဘူး၊ တခြားဂြိုလ်သားတွေက လုပ်နေသယောင်၊ တချို့ကလည်း သူကဒဏ်ရာနဲ့ဆိုတော့ တကယ်မဟုတ်တာကို မြင်ယောင်တာလည်း ဖြစ်မှာပေါ့လို့ ဆိုကြပါတယ်။
တကယ်တော့ jellyfish လို အသေးအကြီးတွေ ရောနေတဲ့ ဒရုန်းတွေ ကောင်းကင်မှာ ဖြန့်ကြဲထားတာဟာ လေထဲမှာ မိုင်းကွင်းလုပ်ထားတဲ့ သဘောပါပဲ။ swarm drones လို့ ခေါ်ပါတယ်။ လွတ်လပ်ရေးနေ့မှာ တချို့မြို့တွေ ကောင်းကင်မှာ ဒရုန်းတွေ ပုံဖော်ပြီး ပျံသန်းကြသလိုပါပဲ။ ဒါမျိုးကို စိုက်ပျိုးရေး၊ ဖျော်ဖြေရေးနဲ့ စစ်ရေးတွေမှာ သုံးလေ့ရှိကြပါတယ်။ အီရန်ဘာလုပ်လုပ် ကောင်းတယ်လို့ မြင်စေချင်သူတွေကတော့ မကြုံစဖူး ထူးထွေဆန်းပြားသောလို့ ဖွကြမှာပါပဲ။ ချင့်ယုံကြဖို့ပါ။
အီရန်နဲ့ ဆွေးနွေးပွဲ အဆင်ပြေတယ်၊ ဟော်မုဇ်က တနေ့တည်း ရေနံစည် ၁၉သန်းထွက်လာနိုင်တယ်၊ ဆန်ရှင်ဖြေလျော့ထားတယ်ဆိုတော့ ရေနံစိမ်းဈေး တစည်ကို $၇၅ အထိ ကျဆင်းသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်ကပဲ အဆိုးမြင်ဝါဒီတချို့က ၁၅၀ဖြစ်တော့မှာလို့ ရေးနေတာ တွေ့လိုက်ပါသေးတယ်။ ဆန်ရှင်ကို ခေတ္တရပ်ဆိုင်းလိုက်တာက ဆယ်စုနှစ် ၄ခုကျော်အတွင်း ပထမဆုံးဖြစ်ပါတယ်။ အမေရိကန်ကို ရောင်းနိုင်ပေမယ့် မြောက်ကိုရီးယားနဲ့ ကျူးဘားတို့ကိုတော့ ရောင်းချခွင့် မပြုထားပါဘူး။
အမေရိကန်တပ်တွေ ပိတ်ဆို့ခဲ့လို့ အီရန်ရေနံအရောင်း ရပ်သွားတာကနေ အခုပြန်ဖွင့်လိုက်ချိန်မှာ တရက်ကို ၁.၈-၂သန်းအထိ ဈေးကွက်ထဲဝင်လာတော့မှာ ဖြစ်ပါတယ်။ အီရန်ရဲ့ ရေနံတင်ပို့မှု အများစုကတော့ တရုပ်ကို ဖြစ်ပြီး အဲဒီကနေ တနှစ်ကို ၆၀ဘီလီယံအထိ ဝင်ငွေရရှိလာတော့မှာပါ။
စစ်စဖြစ်ပြီး မကြာခင် မတ်လထဲမှာ အမေရိကန်က ဗျူဟာအရ သိုလှောင်ထားတဲ့ အရံရေနံတွေထဲက စည် ၁၇၂သန်းကို တပတ်ချင်း ထုတ်ရောင်းခဲ့ခြင်းဖြင့် ကမ္ဘာ့စွမ်းအင်စီးဆင်းမှု အကြပ်အတည်း မဖြစ်အောင် စီစဥ်ပေးထားခဲ့ပါတယ်။ အဲဒါကြောင့် လောလောဆယ်မှာ အမေရိကန်ရဲ့ အရံရေနံဟာ စည်ပေါင်း ၃၃၁.၂သန်းပဲ ရှိတော့တာပါ။ ဈေးပိုကျလာရင် ထပ်ဝယ်ထည့်မလား၊ အီရန်ဆက်မိုက်နေလို့ ဟော်မုဇ်ကို စောင့်ရှောက်ခ ဆီ၂၀% ရမှပြန်ဖြည့်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါပဲ။
အမေရိကန်ထိန်းချုပ်ထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှု ၁၂ဘီလီယံကို escrow account ထဲမှာထားပြီး အီရန်ပြည်သူတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ အစားအစာနဲ့ ဆေးဝါးတို့ကို အမေရိကန်ကနေ ဝယ်ယူစေဖို့ စီစဥ်ထားတာပါ။ ဆွေးနွေးပွဲမှာ အဲဒီအကြောင်း နှုတ်နဲ့ ပြောခဲ့ကြတုန်းက အီရန်က ထုံးစံအတိုင်း သဘောတူလိုက်ပြီး နောက်မှ လုပ်ချင်တာလုပ်မယ်လို့ သဘောထားပုံရပါတယ်။ အီရန်က အဲဒီပိုက်ဆံတွေကို အစားအစာနဲ့ ဆေးဝါးဝယ်ဖို့ သုံးချင်တယ်ဆိုရင် ဆင်ခြေဆင်လက်တွေ ပေးနေစရာ မလိုပါဘူး။ proxy တွေကို ပေးချင်လို့ မူလဂျီလုပ်နေရင်လည်း ရမှာမဟုတ်ပါဘူး။
သမ္မတထရမ့်က အီရန်ပြည်သူတွေ ဆာလောင်နေကြပြီဖြစ်လို့ အစားအစာနဲ့ ဆေးဝါး အမြန်ဆုံး ဝယ်ဖို့ ပြောခဲ့တဲ့အပေါ် အီရန်တွေ မဆာပါဘူး၊ အစိုးရပြုတ်ကျအောင် ပြည်သူတွေ လွတ်မြောက်အောင်ပဲ လုပ်ပေးပါလို့ ပြောတဲ့အသံတွေ ထွက်လာပါတယ်။ အစိုးရကို အလုပ်ရှုပ်အောင် အင်အားချိနဲ့အောင် လုပ်ပေးထားပြီး အချိန်ပေး စောင့်ကြည့်ခဲ့ပါတယ်။ ပြည်သူမပါတဲ့တော်လှန်ရေးက မအောင်မြင် နိုင်ပါဘူး။ ပြည်သူများများပါလေ အောင်မြင်နိုင်ခြေများလေပါ။
တော်လှန်ရေးကာလခေါင်းဆောင်နဲ့ ပုံမှန်ကာလ ခေါင်းဆောင်၊ အသွင်ကူးပြောင်းရေးခေါင်းဆောင် သဘောသဘာဝချင်း လိုအပ်ချက်ခြင်း မတူပါဘူး။ လူထုကို မျိုးချစ်စိတ်ဓါတ်တွေ တက်ကြွလာအောင် အုံကြွလာအောင် ဦးဆောင်ပေးမယ့် ခေါင်းဆောင်၊ သံတမန်နည်းလမ်းတွေနဲ့ နိုင်ငံတကာထောက်ခံမှု ရရှိအောင် ကြိုးပမ်းနိုင်သူ လိုပါတယ်။ မင်းသား ပါလာဗီက အသွင်ပြောင်းကာလအတွက် သင့်တော်တဲ့သူမျိုးဖြစ်ပေမယ့် လူထုကို ကိုင်လှုပ်နိုင်တဲ့ ပါဝါ သူ့မှာ ရှိပုံမရပါဘူး။
မာကိုရူဘီယိုက အခုအချိန်မှာ အီရန်အစိုးရအနေနဲ့ တော်လှန်ရေးပဲ ဆက်လုပ်ပြီး အကြမ်းဖက်တွေ တင်ပို့ဖြန့်ဖြူးနေမလား၊ နိုင်ငံတခုအဖြစ် လိုချင်တာလားဆိုတာကို ရွေးချယ်ရမှာဖြစ်ကြောင်း၊ နိုင်ငံလိုချင်တယ်ဆိုရင် တိုးတက်ကောင်းမွန်အောင် လုပ်လို့ရတာတွေ အများကြီးရှိကြောင်း၊ သူတို့ နိုင်ငံလမ်းကြောင်းကို ရွေးမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွေကပဲ နိုင်ငံကို တိုးတက်အောင် ဆောင်ကျဥ်းပေးမယ်ဆိုတာ အိမ်နီးချင်းနိုင်ငံတွေကိုကြည့်ပြီး သိနိုင်ပါကြောင်း ပြောသွားပါတယ်။ မာကို့ပြောပုံအရ အီရန်အနေနဲ့ အကြမ်းဖက်ဝါဒကို မစွန့်လွှတ်ပဲ၊ ဘီလီယံ ၃၀၀ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှု ဝင်လာဖို့ မမျှော်လင့်နဲ့လို့ ပြောလိုက်သလိုပါပဲ။
အစ္စရေးမိုဆက်ကတော့ အီရန်ရဲ့ လက်ကျန်အစိုးရကို ပိုမိုဖိအားပေးနိုင်၊ ဖြုတ်ချနိုင်မယ့်နည်းတွေ ရှာဖွေနေတယ်လို့ သတင်းရပါတယ်။ မာကိုက ပင်လယ်ကွေ့က မဟာမိတ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဘူဒါဘီကို ရောက်ရှိနေပါပြီ။
IAEA Director General Rafael Grossi က အီရန်ရဲ့ နျူစက်ရုံတွေကို အသစ်တဖန် ပြန်လည်စစ်ဆေးရမယ့် လုပ်ငန်းစဥ်မှာ အဓိကဦးစားပေးက သန့်စင်ထားတဲ့ ယူရေနီယံတွေ ဘယ်နားမှာ ရှိနေသလဲဆိုတာ အတည်ပြုဖို့ဖြစ်တဲ့အတွက် အီရန်တာဝန်ရှိသူတွေအနေနဲ့ အဲဒီပစ္စည်းတွေ ရှိနေတဲ့နေရာကို သူတို့ကိုပြောပြဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်။ အီရန်နဲ့ အမေရိကန်စာချွန်လွှာအရ စစ်ဆေးမယ့်ကိစ္စဟာ ရက် ၆၀ကန့်သတ်ချက် ရှိနေတဲ့အတွက် အမြန်ဆုံးသိရလေ ကောင်းလေပဲ၊ ဒါမှ အချိန်မဖြုန်းပဲ လုပ်ငန်းစနိုင်မှာလို့ ဆိုပါတယ်။
IAEA အနေနဲ့ အဲဒီယူရေနီယံတွေ ဘယ်မှာရှိမလဲဆိုတာ သိနိုင်ပေမယ့် သိုလှောင်တဲ့နေရာတွေ တိုက်ခိုက်ဖျက်ဆီး ခံရတာတွေရှိနေတော့ ဘယ်လိုသွားယူရမလဲဆိုတာ အရင်ဆုံး အကဲဖြတ်ဖို့လိုနေတာပါ။ ဘယ်ရက်မှာ ဘယ်ကိုသွားစစ်မယ်ဆိုတာတွေကိုတော့ အီရန်ဘက်နဲ့ မကြာခင် ညှိနှိုင်းသွားမှာဖြစ်ပြီး သူတို့အေဂျင်စီက ဘက်မလိုက်တဲ့ သီးခြားအဖွဲ့အစည်းဆိုတာကို အလေးထားပြောကြားသွားပါတယ်။ အီရန်က အမေရိကန်ဖြစ်ဖြစ် တခြားနိုင်ငံကဖြစ်ဖြစ် စောင့်ကြည့်သူတွေ ဖိတ်ချင်တယ်ဆိုရင် အဲဒါက သီးခြားကိစ္စဖြစ်ပြီး ငါတို့ကတော့ ဘယ်သူ့အကူအညီမှ မလိုဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့ဖလားပွဲမှာ ကစားနေတဲ့ အီရန်ဘောလုံးအသင်းကို အမေရိကန်ထဲ ညအိပ်ခွင့်မပေးပဲ ပွဲရှိတဲ့နေ့မှလာပြီး ၂၄နာရီအတွင်း ပြန်ခိုင်းခဲ့ရာကနေ အခုတော့ ပြည်တွင်းလုံခြုံရေးဌာနက အီရန်အသင်းကို ဆီယက်တဲလ်ကပွဲမတိုင်ခင် ၂ရက်ကြို လာခွင့်ပြုမှာဖြစ်ပြီး ပွဲပြီးရင်တော့ သူတို့စတည်းချလေ့ကျင့်တဲ့ မက္ကဆီကို တီဟွားနားကို ချက်ခြင်း ပြန်ရမှာဖြစ်ပါတယ်။