မနေ့က အီရန်က ဟော်မုဇ်ကိုဖြတ်ပြီး အိုမန်ပင်လယ်ကွေ့ နိုင်ငံတကာရေပြင်ထဲ ရောက်ရှိနေပြီဖြစ်တဲ့ စင်္ကာပူအလံတင် the Ever Lovely ကွန်တိန်နာတင်သင်္ဘောကြီးကို ဒရုန်းနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သင်္ဘောကို ထိန်းချုပ် မောင်းနှင်တဲ့ ဦးခန်းရဲ့ ပြူတင်းပေါက်တွေ အနည်းငယ်ထိခိုက်ပျက်စီး သွားခဲ့ပါတယ်။ လူထိခိုက်မှုမရှိ၊ အပျက်အစီးသိပ်များတဲ့အတွက် သင်္ဘောက ဦးတည်ရာ ဆိပ်ကမ်းဆီ ဆက်လက်ခုတ်မောင်းနေပြီ ဖြစ်ပါတယ်။ စင်္ကာပူက အဆိုပါပစ်ခတ်မှုဟာ နိုင်ငံတကာဥပဒေကို ဆိုးဆိုးရွားရွားချိုးဖောက်မှုအဖြစ် ပြစ်တင်ရှုတ်ချလိုက်ပြီး the Maritime & Port Authority က ဒီကိစ္စကို စစ်ဆေးပေးဖို့ တိုက်တွန်းထားပါတယ်။
အခုလိုတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ဟော်မုဇ်မှာ စည် ၂သန်းဆန့် ရေနံတင်သင်္ဘော အကြီးစား ၃စီး အပါအဝင် အနည်းဆုံး ၄စီးဟာ ဟော်မုဇ်ကိုဖြတ်ပြီး ရေနံတင်ဖို့ ရောက်ရှိလာနေပါတယ်။ ဗုဒ္ဓဟူးနေ့က ဟော်မုဇ်မှာ သင်္ဘော ၂၇စီး ဖြတ်သန်းခဲ့ရာက ပစ်ခတ်မှုဖြစ်ပွားတဲ့ ကြာသပတေးမှာ ၂၄စီးနဲ့ ဒီနေ့ သောက်ြာမှာ ၁၃စီးအထိ ကျဆင်းသွားခဲ့ပါတယ်။
အိုမန်က သင်္ဘောတွေ ဟော်မုဇ်ကို ဖြတ်သန်းရာမှာ အီရန်ဘက်ကမသွားပဲ သူ့နိုင်ငံဘက်ခြမ်းကနေ ဖြတ်သန်းခ မပေးရပဲ သွားနိုင်စေဖို့ UN ရဲ့ the International Maritime Organization (IMO) နဲ့ ပူးပေါင်းပြီး စီစဥ်နေတဲ့အပေါ် အီရန်က သူတို့ထိန်းချုပ်မှုကို ပမာမခန့်ပြုတယ် ဆိုပြီးဒေါပွခဲ့တာက အရပ်ဖက်သင်္ဘောကို ပစ်ခတ်ခဲ့တာရဲ့ အကြောင်းရင်းလို့ အမည်မဖော်လိုတဲ့ အီရန်အရာရှိတဦးက နယူးယောက်တိုင်းမ်စ်ကို ပြောသွားကြောင်း သိရပါတယ်။
ဟော်မုဇ်က အီရန်နဲ့ အိုမန်ကြားမှာရှိပြီး အိုမန်ဘက်ကနေ ဖြတ်ရတဲ့အပိုင်း ပိုများပေမယ့် ပိုစွာတဲ့ အီရန်က တခြားနေရာတွေမှာ မိုင်းချထားတယ်ဆိုပြီး သူ့ဘက်ခြမ်းကနေ ကပ်သွားဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။ မနေ့ကပစ်ခတ်မှုကြောင့် IMO က ဟော်မုဇ်မှာ သင်္ဘောတွေဖြတ်သန်းနိုင်ဖို့ ကူညီစောင့်ရှောက်ပေးနေတာတွေကို ရပ်တံ့ထားကြောင်း ကြေငြာသွားပါတယ်။
အီရန်ရဲ့ ပစ်ခတ်မှုဟာ မိုက်မဲတဲ့ အပစ်ရပ်ချိုးဖောက်မှုဖြစ်တယ်လို့ သမ္မတထရမ့်က စွပ်စွဲလိုက်ပြီး အီရန်စစ်ဘက်ပစ်မှတ်တွေဖြစ်တဲ့ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရာနေရာတွေ၊ ကမ်းရိုးတန်းက ရေဒါထားရှိတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။ CENTCOM က ဟော်မုဇ်ကို ဖြတ်သန်းမယ့် ကုန်သင်္ဘောတွေကို ဆက်လက်အကာအကွယ်ပေးသွားမယ်လို့ ပြောသွားပါတယ်။ အခုတခါ အီရန်ပစ်တာက ဒရုန်း ၄စီးပါ။ ၃ခုကို အမေရိကန်စစ်သင်္ဘောတွေက ဖျက်ချပေးနိုင်ခဲ့ပြီး မမြင်လိုက်တဲ့ တခုက ထိသွားခဲ့တာပါ။ သမ္မတထရမ့်က အီရန်ဟာ ပစ်ခတ်နိုင်သေးတယ်ဆိုပေမယ့် အများကြီးပစ်နိုင်စွမ်းတော့ မရှိပါဘူးလို့ ဆိုပါတယ်။
မနေ့က ဘာရိန်းမှာပြုလုပ်တဲ့ Gulf Cooperation Council နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာ အီရန်နဲ့ သဘောတူညီချက်ဟာ အလုပ်ချင်လို့ ပြင်ဆင်ထားတာဖြစ်တဲ့အတွက်
အလုပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ဒါပေမယ့် သဘောတူညီချက်က ဆုံးဖြတ်ချက်တိုင်းဟာ အမေရိကန် မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဥ်းစားရလိမ့်မှာဖြစ်ကြောင်း ပြောသွားပါတယ်။
အီရန် ယဥ်ကျေးမှုတော်လှန်ရေး ဆူပရင်းမ်ကောင်စီရဲ့ အဖွဲ့ဝင် Hassan Rahimpour Azghadi က သမ္မတထရမ့်နဲ့ အမေရိကန်အရာရှိတွေကို သတ်ဖြတ်နိုင်ရင် သန်းချီတဲ့ ဆုကြေးပေးမယ်လို့ ပြောသွားပြီး အမေရိကန်မှာနေတဲ့ IRGC ထောက်ခံသူတွေကို အမေရိကန်အရာရှိတွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြရန် ဆော်ဩနေပါတယ်။ ဒါတင်မက ဒေသတွင်းက ရေနံစက်ရုံတွေကိုပါ တိုက်ခိုက်ဖို့ နှိုးဆော်နေတာဖြစ်ပါတယ်။ အမေရိကန်က သူတို့ပိုက်ဆံတွေကို ထိန်းချုပ်ထားဆဲဖြစ်ပြီး အရွေ့အပြုကို မြင်နေရတယ်ဆိုတာ အနှီပုဂ္ဂိုလ် သဘောပေါက်ပုံမရပါဘူး။
လက်ဘနွန်မှာတော့ ဘေရွတ်လေဆိပ်သွားရာ လမ်းတလျောက်မှာ ဒီတပတ်ထဲကမှ စထောင်ထားတဲ့ ခါမေနီသားအဖပုံနဲ့ “Thank you to loyal Iran” စာတမ်းပါ billboard တွေကို ပြည်ထဲရေးဝန်ကြီးက ၂ရက်အတွင်း ဖြုတ်ချဖယ်ရှားပစ်ဖို့ အမိန့်ပေးလိုက်ပါပြီ။ ဟဇ်ဘိုလာတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေက အပစ်ရပ်သဘောတူညီချက်ဟာ အီရန်နောက်ခံပေးထားတဲ့ အုပ်စုတွေရဲ့ leverage ကိုပြတဲ့ သက်သေလို ပုံဖော်နေကြတာပါ။ လက်ဘနွန်အစိုးရကတော့ တိုင်းပြည်ရဲ့ နယ်မြေ၊ လုံခြုံရေးနဲ့ အများပိုင်နေရာတွေဟာ လက်ဘနွန်နိုင်ငံနဲ့ပဲ ဆိုင်တယ်လို့ ပြချင်ပုံရပါတယ်။ မြို့တော်လေဆိပ်ကို သွားတဲ့လမ်းက တိုင်းပြည်နိုင်ငံရေးရဲ့ အထင်ကရ လမ်းမကြီးတခုဖြစ်တာကြောင့် ပိုသတိထား ကိုင်တွယ်ပုံပါပဲ။ ၂၀၂၂တုန်းကလည်း အဲဒီလမ်းကနေပဲ ဟဇ်ဘိုလာတွေရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေပုံတွေကို ဖယ်ရှားခိုင်းခဲ့ပြီး tourism အားပေးတာတွေနဲ့ အစားထိုးခဲ့ပါတယ်။
အမေရိကန်တက္ကသိုလ်တွေအပေါ် major hacking campaign လုပ်ပြီး IRGC ကို အကျိုးပြုခဲ့တဲ့ အီရန်+တာ့ခ်နိုင်ငံသားတဦးကို နယူးယောက်တောင်ပိုင်းခရိုင်တရားရုံးက computer fraud, hacking and identity theft အမှုတွေနဲ့ အလိုရှိတဲ့အတွက် မွန်တီနီဂရိုမှာ ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို အမေရိကန်ကို လွှဲပြောင်းပေးဖို့ မွန်တီနီဂရိုမြို့တော် Podgorica တရားရုံးကို တင်ထားပါပြီ။
ကနေဒါနိုင်ငံ Ottawa မြို့ Carlton University မှာတက်နေတဲ့ အီရန်က aerospace engineering ပါရဂူတန်းကျောင်းသားရဲ့ သုတေသန စာတမ်းဟာ အီရန်ရဲ့ လက်နက်ထုတ်လုပ်မှုကို အဆင့်မြှင့် ပေးနိုင်တယ်လို့ ကနေဒါလုံခြုံရေးအဖွဲ့အစည်းတွေက တွေ့ရှိထားပါတယ်။ အဲဒီလူ အလုပ်လုပ်တဲ့ MAPNA ဆိုတဲ့ အီရန်ကုမ္ပဏီကို ကနေဒါက လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ထုတ်နေနိုင်လို့ ဆန်ရှင်ချထားတာဖြစ်ပါတယ်။
Mohammadreza Pakatchian ဆိုတဲ့သူက ဂျက်အင်ဂျင်တွေကို ပါဝါတိုးစေတဲ့ axial compressor တွေကို ဒီဇိုင်းလုပ်တာဖြစ်ပါတယ်။ အဲဒီ compressor တွေကို အရပ်ဖက် စစ်ဖက် နှစ်ခုလုံးမှာ သုံးကြတာဖြစ်ပေမယ့် သူက ကျောင်းပြီးရင် MAPNA ကို ပြန်မှာဖြစ်လို့ စစ်ဖက်မှာ အသုံးချဖို့ များပါတယ်။ သူနဲ့ ပေါင်းနေတဲ့ Mahmoud Mani ဆိုသူက တီဟီရန်ရှိ Amirkabir University က ဆရာတယောက်ဖြစ်ပြီး အဲဒီလူက missile aerodynamics, rocket engines, ballistic missiles တွေအကြောင်း လေ့လာနေတာဖြစ်ပါတယ်။
၂၀၀၀ခုနှစ်တွေအစောပိုင်းက အီရန်မှာ မြေအောင်လှိုဏ်ခေါင်းတွေ ဆောက်လုပ်ဖို့အတွက် လှိုဏ်ခေါင်းဒီဇိုင်းနဲ့ နည်းပညာရယူဖို့ မြောက်ကိုရီးယားကို ၂၅သန်းပေးခဲ့ရတာဖြစ်ပါတယ်။ ကူဝိတ်ဆိုင်ရာ မြောက်ကိုရီးယားယာယီသံအမတ်ဟောင်းဖြစ်တဲ့ Ryu-Hyun-woo က အဲဒီနည်းပညာနဲ့ Natanz နဲ့ Isfahan တို့နားက မြေအောက်နျူစက်ရုံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။ ဒါပေမယ့် ဟဇ်ဘိုလာနဲ့ ဟာမာ့စ်တို့ရဲ့ လှိုဏ်ခေါင်းတွေကိုတော့ မြောက်ကိုရီးယားက ကူညီပေးတာမဟုတ်ကြောင်းနဲ့ အီရန်က သူတို့ မြောက်ကိုရီးယားဆီက ရတဲ့နည်းပညာနဲ့ သူ့ proxy တွေကို ပြန်မျှဝေတာ ဖြစ်နိုင်ကြောင်း ပြောသွားပါတယ်။ မြောက်ကိုရီးယားက အီရန်ကို လှိုဏ်ခေါင်းနည်းပညာတင်မက ဒုံးကျည်နည်းပညာ၊ လက်နက်စက်ရုံတည်ဆောက်မှုတွေမှာပါ ကျွမ်းကျင်သူတွေ၊ လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ ကူညီပေးနေတာဖြစ်ပါတယ်။