မနေ့က အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်က ဘာရိန်းနဲ့ ကူဝိတ်ရှိ အမေရိကန်စစ်စခန်းတွေကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် ဟော်မုဇ်ကို ဖြတ်သွားတဲ့ ပနားမားအလံတင် ရေနံတင်သင်္ဘော MT Kiku ကို ပစ်ခတ်ခဲ့ပါတယ်။ ဘာရိန်းနဲ့ ကူဝိတ်ရဲ့ လေ/ကာစနစ်တွေက အီရန်ဒရုန်း/ ဒုံးတွေကို ဖျက်ချပေးနိုင်ခဲ့ပါတယ်။ အရပ်ဖက်သင်္ဘောကို ပစ်ခတ်ခဲ့တဲ့အပေါ် အမေရိကန်က ဒဏ်ပေးတဲ့အနေနဲ့ ဒီနေ့ညမှာ ဟော်မုဇ်နဲ့ ပတ်ဝန်းကျင်က အီရန်ရဲ့ စစ်ရေးပစ်မှတ် ၁၀ခုကို ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။
သမ္မတထရမ့်က အမေရိကန်တိုက်လေယာဥ်တွေဟာ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရာနေရာတွေ၊ ကမ်းရိုးတမ်းက ရေဒါထားရှိရာနေရာတွေကို အပစ်ရပ်ချိုးဖောက်မှုကြောင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း၊ သူတို့က အမှတ်မရှိဘူးဆိုတာမျိုးလည်း အများကြီးဖြစ်နိုင်သေးကြောင်း၊ ငါတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်မနေနိုင်တဲ့ အခြေအနေကို ရောက်လာခဲ့ရင် စစ်အင်အားနဲ့ ပွဲပြီးအောင် ဖြတ်ရတော့မှာ ဖြစ်ကြောင်း၊ အဲဒီအခါကျရင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံဆိုတာ ရှိကိုရှိတော့မှာ မဟုတ်ကြောင်း ရေးတင်သွားပါတယ်။
ဘာရိန်းနိုင်ငံခြားရေးဌာနက အီရန်ရဲ့ တိုက်ခိုက်မှုဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာဖြစ်ပြီး အရပ်သားတွေကို ခြိမ်းခြောက်ကာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းအဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒေသတွင်းနဲ့ နိုင်ငံတကာက စစ်ပြီးဆုံးအောင် ကြိုးစားပေးနေမှုတွေကို မထီမဲ့မြင်ပြုမှုအတွက် အီရန်တဦးတည်းမှာသာ တာဝန်ရှိကြောင်း ဖော်ပြထားပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်စေဖို့ ပဋိပက္ခတွေ တင်ပို့နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဒါ့အပြင် ၎င်းတိုက်ခိုက်မှုဟာ UNSC resolution ကို ချိုးဖောက်တာဖြစ်လို့ အီရန်ကို တာဝန်ယူမှု တာဝန်ခံမှုရှိအောင် လုပ်ဖို့ UNSC ကို တိုက်တွန်းသွားပါတယ်။
အီရန်ရဲ့ Assembly of Experts က အမေရိကန်နဲ့ ဆွေးနွေးတဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့ကို ဆူပရင်းမ်လီဒါ မော့တာဘာခါမေနီရဲ့ သတ်မှတ်ထားတဲ့ ဘောင်ထဲကနေပဲ တိတိကျကျ ဆွေးနွေးဖို့ တိုက်တွန်းသွားပါတယ်။ အီရန်က ဘာသာရေးနဲ့ နိုင်ငံရေးရောပြီး အုပ်ချုပ်တဲ့စနစ်ဖြစ်တော့ ဆူပရင်းမ်လီဒါရဲ့ red lines သတ်မှတ်ချက်ကို လိုက်နာဖို့က ဘာသာရေးအရ မဖြစ်မနေ လုပ်ရမယ့် အချက်ဖြစ်ကြောင်း၊ အဲဒါတွေကို ချိုးဖောက်ဖို့ ဘယ်လိုအခြေအနေမှာမှ ခွင့်မပြုထားကြောင်း၊ အဆိုပါ ဘာသာရေးအဖွဲ့က ထုတ်ပြန်ကြေငြာသွားပါတယ်။ သူတို့က အမေရိကန်ကို လှည့်စားတတ်တဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရန်သူလို့ ဖော်ပြပြီး အီရန်ရဲ့ နျူအခွင့်အရေးဟာ ဆွေးနွေးတဲ့ထဲ မပါသင့်သလို အငြင်းပွားသင့်တဲ့ ကိစ္စမဟုတ်ဘူးလို့ ပြောသွားတာပါ။ ဘာသာရေးဆိုတာက ယုံကြည်မှုပေါ် အခြေခံကြလို့ အထွန့်မတက်နဲ့၊ မေးခွန်းမထုတ်နဲ့လို့ လုပ်ကြတာဖြစ်ပေမယ့် နိုင်ငံရေးမှာ အဲဒီလိုလုပ်ရင် ချောက်ထဲကျမှာဖြစ်လို့ အဲဒီ ၂ခု မရောယှက်ပစ်တာက ကောင်းစရာမရှိပါဘူး။
အမေရိကန်က အီရန်နဲ့ သဘောတူညီချက် အောင်မြင်စေချင်တာက ဟော်မုဇ်မှာ သင်္ဘောတွေ ပုံမှန် သွားလာနိုင်ရင် ဆီဈေးကျမယ်၊ အဲဒါဆို သယ်ယူပို့ဆောင်ရေးစားရိတ်တွေ ၂၀-၄၀% သက်သာလာမယ်၊ အာမခံကြေးတွေလည်း ကျမယ်၊ ကမ္ဘာ့ ထောက်ပို့လမ်းကြောင်းတွေလည်း အဆင်ပြေ ချောမွေ့မယ်၊ ရေနံနဲ့ ဆက်စပ်ပစ္စည်းတွေကို သုံးရတဲ့ ထုတ်ကုန်၊ လယ်ယာထွက်ကုန် အားလုံး ဈေးကျမယ်၊ အင်ဂျင်ကားတွေ ဒီဇယ်ကားတွေ ပိုအဝယ်လိုက်လာမယ်၊ စတဲ့ အကျိုးတွေကြောင့်ပါ။ အီရန်ဘက်ကလည်း လိမ္မာရင် အများကြီး အကျိုးရှိမှာပါ။ ရွေးစရာမရှိအောင် လုပ်ရင်တော့ လုပ်တဲ့သူအပြစ်ပဲ ဖြစ်မှာပါ။
အီရန်နဲ့ အိုမန်တို့ဟာ ဟော်မုဇ်ရေလက်ကြားကို စီမံဖို့နဲ့ ဝန်ဆောင်မှုတွေပေးဖို့အတွက် မူဘောင်တခု ချမှတ်ဖို့ ဆွေးနွေးပွဲတွေကို စတင်တော့မှာဖြစ်ပြီး အီရန်က အဲဒီလုပ်ငန်းစဥ်ကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း အီရန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဖာတီမာ မိုဟာဂျီရာနီက ပြောသွားပါတယ်။
အီရန်ပါလီမန်ရဲ့ ဦးဆောင်ဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ အလီရီဇာဆာလီမီက ဟဇ်ဘိုလာတွေအနေနဲ့ အစ္စရေးနဲ့ပဋိပက္ခကို အီရန်ဘက် ရောက်မလာဖို့အတွက် လက်ဘနွန်မှာ အစ္စရေးကို ဆက်လက် တိုက်ခိုက်သင့်တယ်လို့ ဆိုပါတယ်။ အီရန်က ဒီစစ်ပွဲမှာ တဦးတည်းမဟုတ်ကြောင်း၊ လက်ဘနွန်ကလည်း စစ်ရဲ့ အစိတ်အပိုင်းတခုပဲဖြစ်ကြောင်းနဲ့ လက်ဘနွန်က အီရန်ရဲ့ ဗျူဟာကျတဲ့ ကြားခံနယ်မြေဖြစ်ကြောင်း၊ ဟဇ်ဘိုလာတွေ လက်ဘနွန်မှာ မတိုက်ခိုက်ခဲ့ရင် အီရန်က အစ္စရေးကို အီရန်နယ်နမိတ်ပေါ်မှာ တိုက်ခိုက်နေရမှာဖြစ်ကြောင်း သုံးသပ်သွားပါတယ်။
အာရပ်နိုင်ငံတွေထဲမှာ လက်ဘနွန်နိုင်ငံက လှပသလောက် လူတွေကလည်း ပျော်ပျော်နေတတ်ပြီး နွေးထွေးပျူငှာကြတာကို အီရန်အကြမ်းဖက်တွေက အလွဲသုံးစား ပြုနေကြတာပါ။ အဲဒါကြောင့်လည်း လက်ဘနွန်အစိုးရက အစ္စရေးနဲ့ သဘောတူညီချက် ရယူတဲ့အပေါ် ဟဇ်ဘိုလာထောက်ခံသူတွေက လမ်းတွေပေါ်မှာ ဆန္ဒပြကြတာကို လက်ဘနွန်စစ်တပ်က လမ်းတွေကို ပိတ်ဆို့တာ၊ အများ/ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်တာတွကို ခွင့်မပြုကြောင်းနဲ့ အများပြည်သူငြိမ်းချမ်းဖို့အတွက် လုံခြုံရေး ထိန်းသိမ်းမှာ ဖြစ်ကြောင်း ကျုံးဝါးထားပါတယ်။
လက်ဘနွန်သမ္မတ Joseph Aoun က အစ္စရေးနဲ့ သဘောတူလက်မှတ်ရေးထိုးလိုက်တာဟာ အစ္စရေးနဲ့ ဟဇ်ဘိုလာတွေရဲ့ စစ်အပြီးမှာ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို ပြန်လည်ထိန်းသိမ်းဖို့ ပထမအဆင့် ဖြစ်ကြောင်း၊ နိုင်ငံတဝှမ်းကို လုံးဝလွတ်မြောက်တဲ့နယ်မြေအဖြစ် ပြန်ပြောင်းပစ်ပြီး လက်ဘနွန် နိုင်ငံသားတွေ ပြန်လာနိုင်အောင်နဲ့ အိမ်တွေ ပြန်ဆောက်နိုင်အောင် လုပ်ပေးသွားမှာ ဖြစ်ကြောင်း၊ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို သူများနဲ့ ခွဲဝေယူထားရတာမျိုး လုံးဝအဖြစ်မခံနိုင်ကြောင်း၊ အဲဒီအခြေအနေအထိ ရောက်ရှိအောင်မြင်အောင် မဆုတ်မနစ် ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ ဒီကရှေ့ကို နယ်မြေသိမ်းပိုက်တာတွေ၊ ဖမ်းဆီးအကျဥ်းချတာတွေ၊ လက်အောက်ငယ်သားပြုတာတွေ၊ အာဏာစက်အောက်သွတ်သွင်းတာတွေကို လုံးဝမရှိတော့မှာဖြစ်ကြောင်း ပြောသွားပါတယ်။
လက်ဘနွန်အစိုးရက တိုင်းပြည်ကို ဒုက္ခတွေသယ်ဆောင်လာပေးနေတဲ့ ဟဇ်ဘိုလာတွေကို နှိမ်နှင်းဖို့ ကြိုးစားနေသလိုပဲ ဂါဇာမှာ ရာပေါင်းများစွာသော ပါလက်စ်တိုင်းတွေက ဟာမာ့စ်အကြမ်းဖက်တွေကို လမ်းတွေပေါ်ထွက်ပြီး “ဘုရားသခင်ရဲ့ အလိုတော်အရ ဟာမာ့စ်တွေ ထွက်သွားပါ”၊ “ငါတို့က မင်းတို့ အခြယ်လှယ်ခံမဟုတ်ဘူး”၊ “ငါတို့အသက်ရှင်ချင်တယ်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ နေကြပါတယ်။ ပါလက်စ်တိုင်းပြည်သူတွေကြားမှာ စစ်ကို စိတ်ကုန်နေတာတွေ၊ ဆိုးရွားတဲ့ လူသားချင်း စာနာထောက်ထားမှုအခြေအနေတွေ၊ စစ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်တဲ့ နေရပ်က ရွေ့ပြောင်းပေးရတာတွေ၊ ပြန်လည်တည်ဆောက်ရေး မလုပ်ပေးနေတာတွေ၊ ဟာမာ့စ်တွေရဲ့ ခေါင်းဆောင်မှုနဲ့ ဗျူဟာတွေကို မကျေနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။
ပါလက်စ်တိုင်းပြည်သူတွေက စစ်ဖြစ်နေတာတွေ ချက်ချင်းရပ်ဖို့နဲ့ ခေါင်းဆောင်သစ်ရွေးချယ်ဖို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ပြုလုပ်စေချင်ကြတာ ဖြစ်ပါတယ်။ ဟာမာ့စ်တွေကတော့ ထုံးစံအတိုင်း ဆန္ဒပြလူအင်အား မများလာအောင် ခြိမ်းခြောက်မယ်၊ သွားလာလို့မရအောင်လုပ်မယ်၊ ဆန္ဒပြသူများလာရင် ရက်ရက်စက်စက် ဖြိုခွဲကြပါမယ်။ ပြည်သူက သူတို့ကို မကျေနပ်လို့ ဆန္ဒပြတာကို သူတို့ကိုမပြနဲ့ အစ္စရေးကိုပြလို့လည်း လှည့်ထောင်ပေးကြသေးတာပါ။ အမြဲလိမ်မီဒီယာတွေကတော့ အစ္စရေးကလူဆိုး ဟာမာ့စ်က သူရဲကောင်းလို့ ကပြောင်းကပြန် ပြောကြပါတယ်။