Operation Epic Fury (94)

အမေရိကန်နဲ့ အီရန်တို့ဟာ ဒီနေ့တွေ့ဆုံဆွေးနွေးဖို့ စီစဥ်ထားခဲ့ပေမယ့် ပစ်ခတ်မှုတွေကြောင့် ပျက်ပြားသွားရပါတယ်။ နှစ်နိုင်ငံအဖွဲ့တွေဟာ ကာတာနိုင်ငံ ဒိုဟာမှာ အင်္ဂါနေ့မှာတွေ့ဆုံပြီး ဟော်မုဇ်မှာ ကုန်သင်္ဘောတွေ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊​ မကြာသေးမီက သဘောတူညီချက်မှာပါတဲ့ ဆန်ရှင်နဲ့ အမေရိကန်ပိတ်ဆို့မှု ဖယ်ပေးဖို့ကိစ္စ၊ စစ်တပ်ချင်း ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဖို့ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

အီရတ်မှာ ရောက်ရှိနေတဲ့ အီရန်နိုင်ငံခြားရေးဝက အာရာ့ချီကတော့ အမေရိကန်နဲ့ လက်မှတ်ထိုးထားတဲ့ စာချွှန်လွှာအရ အီရန်က ဟော်မုဇ်ရေလမ်းကြောင်းကို ထိန်းချုပ်ခွင့် ပေးထားတယ်လို့ ပြောသွားပြီး ဟော်မုဇ်ကို စီမံရာမှာ ဘယ်အဖွဲ့မှ ဝင်မစွက်ဖက်ဖို့ တိုက်တွန်းသွားပါတယ်။ အဲဒီလိုပဲ လိုရာဆွဲအဓိပ္ပါယ်ဖွင့်နေရင်တော့ ခက်ဦးမှာပါ။

အစ္စရေးနဲ့ လက်ဘနွန်တို့ ငြိမ်းချမ်းရေးဖော်ဆောင်မယ့် သဘောတူညီချက်အပေါ် ဟဇ်ဘိုလာ ခေါင်းဆောင်တဦးဖြစ်တဲ့ Naim Qassem က အဲဒီသဘောတူညီချက်ဟာ တရားဝင်မှု မရှိဘူးလို့ ပြောလိုက်ပါတယ်။ အစ္စရေးကာဝန် Katz ကတော့ အီရန်အနေနဲ့ လက်ဘနွန်နဲ့သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အဟန့်အတားပြုနေရင် အစ္စရေးက အင်အားသုံးရလိမ့်မယ်လို့ ဆိုပါတယ်။

ဟဇ်ဘိုလာတွေက လက်ဘနွန်နိုင်ငံသားတွေ ဖြစ်ကြပေမယ့် သူတို့ကို တည်ထောင်ခဲ့သူတွေက အီရန်မှာလိုပဲ ဘာသာရေးခေါင်းဆောင်တွေ ဖြစ်ကြပြီး နိုင်ငံတွင်းက ရှီးယားတွေကြားမှာ ထောက်ခံမှု ရခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန်မှာ ရှီးယားတွေက လူဦးရေရဲ့ ၃၀-၃၂% ခန့်ရှိတယ်လို့ ခန့်မှန်းရပြီး အများစုက တောင်ပိုင်းမှာ နေကြပါတယ်။ သန်းခေါင်စာရင်းက ၁၉၃၂က နောက်ဆုံးကောက်တာ ဆိုတော့ အတိအကျကိုတော့ မှန်းဖို့ခက်ပါတယ်။ ဆွန်နီက ၃၁-၃၂% ဖြစ်ပြီး ခရစ်ယာန် ၃၀-၃၂% ဖြစ်ပါတယ်။

နန်းကျရှားဘုရင်ရဲ့သား ရီဇာပါလာဗီက အမေရိကန်အစိုးရကို အီရန်နဲ့ ဆက်လက်ဆွေးနွေးမှုတွေ မပြုလုပ်ဖို့ တိုက်တွန်းလိုက်ပြီး ဇူလိုင် ၄-၉ရက်အတွင်း “Global Week of Action for a Free Iran” အဖြစ် ကမ္ဘာအနှံ့က အီရန်တွေ အမေရိကန်သံရုံးတွေရှေ့မှာ ထရမ့်ရဲ့ အီရန်ပေါ်လစီကို ဆန့်ကျင်ဆန္ဒပြကြဖို့ လှုံ့ဆော်လိုက်ပါတယ်။ အမေရိကန်လွတ်လပ်ရေးနေ့မှာ “အကြမ်းဖက်တွေနဲ့ မဆက်ဆံပါနဲ့ အီရန်ပြည်သူကို ရွေးပါ” ဆိုတဲ့ အမှာစကားကို ပေးချင်တာပါလို့ ဆိုပါတယ်။ ဇွန်းလေးတပ်ပြီး ခွန့်ပါကျွေးရမယ်ဆိုရင်တော့ မဟုတ်သေးဘူးလေ။

First Lady Melania ရဲ့ ဇာတိ Slovenia မှာ အသစ်တက်လာတဲ့ ဝကခ Janez Jansa က သူ့နိုင်ငံက အစ္စရေးအပေါ် ထားရှိတဲ့ တရားဝင်ရပ်တည်ချက်ကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်လုံး ပါလက်စ်တိုင်းလွတ်မြောက်ရေး PLO အလံကို အစိုးရအဆောက်အဦတွေမှာ လွှင့်ထူခဲ့တဲ့နိုင်ငံက အခုအခါ အဲဒီအလံတွေကို ဖယ်ရှားပစ်လိုက်ပြီး အစ္စရေးကို တိုင်းပြည်ရဲ့ မိတ်ဘက်အသစ်အဖြစ် သတ်မှတ်လိုက်ပါပြီ။ အစ္စရေးက ဒေသတွင်းတည်ငြိမ်ရေးကို အထောက်အပံ့ဖြစ်စေပြီး အကြမ်းဖက်စနစ်ကို တိုက်ဖျက်တဲ့အတွက် ဗျူဟာမြောက်လက်တွဲဖော်ဖြစ်ကြောင်း၊​ ဥရောပနဲ့ လွတ်လပ်မှုနဲ့ ဥပဒေစိုးမိုးမှုတို့ကို တန်ဖိုးထားတာချင်းလည်း တူတဲ့အတွက် ဒီမိုကရေစီကျတဲ့ လက်တွဲဖော်လည်းဖြစ်ကြောင်း၊ တီထွင်ဖန်တီးမှုမှာ အားကောင်းတဲ့အတွက် ဥရောပက အစ္စရေးဆီက လေ့လာစရာတွေ အများကြီးရှိကြောင်း၊ သူတို့ရဲ့ သံရုံးကို ဂျေရုစလင်ကို ရွှေ့မှာဖြစ်ကြောင်း ပြောသွားပါတယ်။ ဂျေရုစလင်ကို သံရုံးရွှေ့လိုက်တာ ၇နိုင်ငံပဲ ရှိသေးပြီး အမေရိကန်ကလွဲရင် နိုင်ငံကြီးတွေ မပါဝင်သေးပါဘူး။ အမေရိကန်သမ္မတအဆက်ဆက်ကလည်း သူတို့အရွေးခံရရင် အစ္စရေးသံရုံးကို ဂျေရုစလင်ကို ရွှေ့မယ်လို့ အာခဲ့ကြပေမယ့် နိုင်ပြီးရင်တော့ ရူးချင်ယောင် ဆောင်ကြတော့တာပါပဲ။

Leave a comment