USS George H. W. Bush လေယာဥ်တင်သင်္ဘောမှာ တာဝန်ကျနေတဲ့ MH-60 Seahawk စစ်ဘက် ရဟတ်ယာဥ်ဟာ အာရေဗျပင်လယ်ပြင်မှာ အရေးပေါ်ဆင်းသက်မှုပြုလုပ်ခဲ့ရပါတယ်။ အဲဒီမှာ ပါသွားတဲ့ တပ်ဖွဲ့ဝင် ၄ဦးအနက် ၃ဦးကို ကယ်ဆယ်ရရှိခဲ့ပြီး တဦးက ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကယ်ဆယ်ပြီး ၃ဦးဟာ ဒဏ်ရာအသီးသီး ရရှိထားပေမယ့် အခြေအနေတည်ငြိမ်မှု ရှိနေတယ်လို့ သိရပြီး ကျန်တဦးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ အခုလို ဖြစ်သွားတာဟာ ရန်သူလက်ချက်ကြောင့် မဟုတ်ပဲ အကြောင်းရင်းကို စစ်ဆေးဆဲ ဖြစ်ပါတယ်။ ရဟတ်ယာဥ်တွေဟာ ပန်ကာရှိတဲ့ အပေါ်ပိုင်းက ပိုမိုလေးလံတဲ့အတွက် ရေပြင်ပေါ်ဆင်းသက်ရင် လေးတဲ့အပေါ်ပိုင်းက အောက်ရောက်ပြီး ပြောင်းပြန်ဖြစ်သွားနိုင်တာကြောင့် အတွေ့အကြုံများသူတွေအတွက်တောင် အင်မတန် အန္တရာယ်ကြီးတာ ဖြစ်ပါတယ်။
အီရန်နိုင်ငံခြားဝက အာရာ့ချီက ပုံမှန်ဆိုရင် အမေရိကန်ကို ပုတ်ခတ်လေ့ရှိပေမယ့် အစ္စရေးကာ/ဝန်က ဆူပရင်းမ်လီဒါ မော့တာဘာခါမေနီကို သေလူလို့ မှတ်သားထားကြောင်း ပြောလိုက်တဲ့နောက်မှာ အီရန်က အမေရိကန်နဲ့ ဘယ်လိုတွေ သဘောတူထားကြောင်းတွေပြောပြီး အမေရိကန်က သူ့ pet အစ္စရေးကို မထိန်းနိုင်ရင် အီရန်က ဆုံးမပေးမယ်လို့ တုန့်ပြန်သွားပါတယ်။ အာရာ့ချီတို့ကိုလည်း အမေရိကန်နဲ့ ဆွေးနွေးရကောင်းလားလို့ ပြည်တွင်း အမာလိုင်းသမားတွေက ဆဲဆိုနေကြတာပါ။ ရန်လိုသူ စစ်သွေးကြွတွေကတော့ သူတို့လိုချင်တာ မပေးသူမှန်သမျှ ရန်သူလို့ သတ်မှတ်ကြပုံပါပဲ။
IRGC က သွားလေသူ အလီခါမေနီရဲ့ ဈာပနပွဲမှာ ဥရောပခေါင်းဆောင်တွေကို သူတို့ရဲ့ ရပ်တည်ချက်ကြောင့် ဖိတ်မှာမဟုတ်ဘူးလို့ ကြေငြာထားပါတယ်။ အရင် ခိုမေနီတို့ ဆိုလေမာနီတို့ အသုဘပွဲတွေမှာ တက်ရောက်သူတွေ များလွန်းလို့ လူအုပ်ကြီးနင်းမိရာက သေဆုံး ဒဏ်ရာရသူတွေ များပြားခဲ့တဲ့အတွက် ခါမေနီဈာပနမှာ တက်ရောက်သူကန့်သတ်ထားဖို့ စီစဥ်နေပါတယ်။ ခိုမေနီတုန်းက လူတွေ တိုးကြလွန်းလို့ ခေါင်းတလားပါ ပြုတ်ကျခဲ့တဲ့အတွက် ရဟတ်ယာဥ်နဲ့ အသုဘချခဲ့ရတာပါ။ အခုလည်း ဇူလိုင်လဆန်းမှာ ရဟတ်ယာဥ်နဲ့ မြို့တွေပတ်ပြီး ၉ရက်နေ့ကျမှ ခါမေနီရဲ့ ဇာတိမြို့မှာ သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပြည်သူတွေကတော့ စစ်စကတည်းက တခါမှ လူလုံးထွက်မပြခဲ့တဲ့ လက်ရှိ ခေါင်းဆောင်လည်းဖြစ်၊ တဦးတည်းသော အသက်ရှင် ကျန်ရစ်တဲ့ သားဖြစ်သူ မော့တာဘာခါမေနီ တက်ရောက်မလားလို့ မျှော်လင့်နေကြပါတယ်။
ကာတာနိုင်ငံမှာပြုလုပ်ပြီး ကာတာနဲ့ ပါကစ္စတန်စေ့စပ်ပေးသူတွေနဲ့ အမေရိကန်အဖွဲ့၊ အီရန်အဖွဲ့တို့ သီးခြားစီ ဆွေးနွေးတဲ့ပွဲကတော့ ပြီးဆုံးသွားပါပြီ။ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Majed al-Ansari က အတည်ပြုသွားပါတယ်။ နောက်ထပ် ဆွေးနွေးပွဲတွေကို ခါမေနီရဲ့ ဈာပနပွဲပြီးမှ ဆက်လုပ်ကြမှာ ဖြစ်ပါတယ်။
မနေ့က IRGC အဖွဲ့ဝင် လင်မယား ၂ဦးဟာ အီရန်အနောက်ဖက် အီရတ်နယ်စပ်နားရှိ ကာဒစ်စတန် ဒေသက နေအိမ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။ ဘယ်သူလုပ်တယ်ဆိုတာ သေချာမသိသေးပေမယ့် အီရန်အစိုးရသတင်းဌာနက သူရဲဘောကြောင်တဲ့ အကြမ်းဖက်လုပ်ရပ်ဆိုပြီး ထုံးစံအတိုင်း အစိုးရကို ဆန့်ကျင်သူတွေနဲ့ ခွဲထွက်ရေးသမားတွေကို အပြစ်တင်လိုက်ပါတယ်။ IRGC အာဘော်ဖြစ်တဲ့ Sepah News က အီရန်ရဲ့ အနောက်မြောက်နယ်စပ်ကနေ တိုင်းပြည်ထဲ ဝင်ရောက်လာတဲ့ အစိုးရဆန့်ကျင်သူ ခွဲထွက်ရေးသမားတွေကို ရှာဖွေဖော်ထုတ်ဖို့ အဖွဲ့တခု ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ အစိုးရတီဗီက ခွဲထွက်ရေးသမားတွေကို အမေရိကန်ဇီယွန်ဝါဒီ ကြေးစားစစ်သားတွေလို့ ရည်ညွှန်းကြပါတယ်။
အီရန်ထောက်ပံ့ပေးထားတဲ့ The Axis of Resistance လို့ သိကြတဲ့ အီရန် proxy အဓိက ၅အုပ်စု (လက်ဘနွန်-ဟဇ်ဘိုလာ၊ ယီမင်-ဟူသီ၊ အီရတ်- စစ်သွေးကြွအဖွဲ့တွေ၊ ပါလက်စ်တိုင်း- ဟာမာ့စ်နဲ့ ပါလက်စ်တိုင်းအစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ PIJ ၊ ဆီရီးယား-စစ်သွေးကြွအဖွဲ့တွေ) ရှိတဲ့ထဲက PIJ အဆင့်မြင့် ခေါင်းဆောင်ပိုင်း ၃ဦးနဲ့ ၂၀၂၃ အောက်တိုဘာ ၇ မှာပါဝင်ခဲ့ကြတဲ့သူတွေကို IDF က ပြီးခဲ့တဲ့အပတ်က ရှင်းလင်းပစ်ခဲ့ပါတယ်။ အောက်တိုဘာ ၇တုန်းက PIJ ခေါင်းဆောင်တဦးဖြစ်တဲ့ Talel Abd al-Aal ရဲ့ ဖမ်းဆီးနှိပ်စက်ခြင်းကို ၂နှစ်ကျော် ခံခဲ့ရတဲ့ Rom Braslavski ဆိုတဲ့ ဂျေရုဆလင်သားကတော့ သူ့ကို နှိပ်စက်ခဲ့တဲ့သူကို ရှင်းနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး ငရဲပြည်မှာ ပျော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။