အမေရိကန်က အီရန်ကို ဆက်လက်ဗုံးကြဲခဲ့ရာမှာ ဟော်မုဇ်ထဲ ရေကြောင်းသွားလာရေးကို နှောက်ယှက်ဖို့ အီရန်ပြန်ပြန်ဆောက်ထားတဲ့ ရေဒါထားရှိတဲ့နေရာတွေ၊ စောင့်ကြည့်တဲ့နေရာတွေနဲ့ အပစ်ရပ်ကာလမှာ အီရန်ပြန်ဆောက်ထားတဲ့နေရာတွေနဲ့ စပိဘုတ် ၂၈စီး အပါအဝင် ပစ်မှတ် ၈၀ ကို မနေ့ညက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ခါ့ဂ်ကျွန်းကိုပါ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အီရန်က အပစ်ရပ် သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့အတွက် သမ္မတထရမ့်က သူ့အတွက်တော့ အပစ်ရပ်ကာလ ပြီးဆုံးသွားခဲ့ပြီလို့ ဆိုပါတယ်။
အပစ်ရပ်ကာလ ပြီးသွားပေမယ့် မပြီးသေးတာက တိုက်ခိုက်မှုတွေပါ။ လိုအပ်ရင် ဒီညလည်း ထပ်တိုက်ဦးမှာဖြစ်ပြီး ပိတ်ဆို့မှုတွေကိုလည်း ပြန်ချထားဖို့ရှိတယ်လို့ ဆိုပါတယ်။ ခါ့ဂ်ကျွန်းကို သိမ်းကောင်းသိမ်းမယ်လို့ ပြောသွားပြီး တိုက်ခိုက်မှုတွေမှာ ခါ့ဂ်ကျွန်းပေါ်က ရေနံပိုက်လိုင်းတွေကို ရှောင်ပြီးပစ်ကြဖို့ ညွှန်ကြားထားပါတယ်။
အခုလို အမေရိကန်က တိုက်ခိုက်မှုတွေ ပြန်လည်စတင်နေချိန်မှာ အီရန်သမ္မတနဲ့ နိုင်ငံခြားဝကတို့က အီရတ်မှာပြုလုပ်တဲ့ ခါမေနီရဲ့ ဈာပနကို တက်ရောက်နေကြတာဖြစ်လို့ အမြန်ပြန်ခဲ့ကြရတာပါ။ ဈာပနကာလမှာလည်း သူတို့ကို မသတ်ဖို့ တောင်းဆိုခဲ့လို့ သမ္မတထရမ့်က သဘောတူပေးလိုက်တာပါ။ အခု အမေရိကန်က စပစ်ပြီဆိုတော့ အီရန်ကလည်း ဘာရိန်းနဲ့ ကူဝိတ်က အမေရိကန်စစ်စခန်းတွေကို ပြန်ပစ်ခဲ့ပါတယ်။
အီရန်က ပစ်ခဲ့တဲ့ ရေနံတင်သင်္ဘော ၃စီးမှာ တစီးက ဆော်ဒီက၊ တစီးက ကာတာကဖြစ်ပြီး လိုက်ဘေးရီးယားအလံနဲ့ တစီးက ဆိုက်ပရပ်စ်က ဖြစ်ပါတယ်။ ကာတာနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက အဆိုပါတိုက်ခိုက်မှုအတွက် အီရန်မှာ ဥပဒေအရ အပြည့်အဝ တာဝန်ရှိတယ်လို့ ပြောသွားပါတယ်။ ကာတာဘဏ်တွေမှာ အီရန်ပိုင်ဆိုင်မှု ၁၂ဘီလီယံ အပ်နှံထားတာြဖစ်လို့ အခုလို တိုက်ခိုက်တာဟာ တော်တော်ဉာဏ်နည်းတဲ့လုပ်ရပ် ဖြစ်နေတာပါ။
အရပ်ဖက်ကုန်သင်္ဘောတွေအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေသလို ထပ်ခါထပ်ခါ ရာဇဝတ်မှုတွေ ပြုလုပ်နေတာက ဘာသာတရားရဲ့ တန်ဖိုးတွေကိုပါ ချိုးဖောက်နေတယ်လို့ the Muslim World League က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတကာ ရေကြောင်းသွားလာရေးနဲ့ စွမ်းအင်စီးဆင်းမှုတို့ကို ခြိမ်းခြောက်တဲ့ အပြုအမူအားလုံးကို ချက်ခြင်းရပ်တံ့ဖို့ အီရန်ကို တိုက်တွန်းသွားပါတယ်။
တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတဲ့အချိန်မှာ စစ်ရေးဝန်ကြီး ဟက်ဆက်သ်က အစ္စရေးကို သွားရောက်ပြီး ဝကခ နေတန်ယာဟူနဲ့ ကာဝန်ကက်ဇ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ သူဒီရာထူးမှာ စတင်ပြီး တာဝန်ထမ်းဆောင်ကတည်းက ပထမဆုံးအကြိမ် အစ္စရေးကို သွားရောက်တာဖြစ်ပါတယ်။
သမ္မတထရမ့်ဟာ မနေ့က အန်ကာရာမှာကျင်းပတဲ့ နေတိုးအစည်းအဝေးကို တက်ရောက်ဖို့ အစက အစီအစဥ်မရှိပေမယ့် အိမ်ရှင်ဖြစ်တဲ့ တူရ်ကီသမ္မတအာဒိုဝမ်နဲ့ ရင်းနှီးမှုကြောင့် တက်ရောက်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။ အာဒိုဝမ်ကလည်း ထရမ့်ကို အခမ်းနားဆုံးအခင်းအကျင်းတွေနဲ့ ကြိုဆိုခဲ့တာပါ။ ကျန်နိုင်ငံတွေက ခေါင်းဆောင်တွေကတော့ ပုံမှန်အစည်းအဝေးလာတက်တဲ့ ခေါင်းဆောင်တွေရဲ့ ကြိုဆိုမှုမျိုးလောက်ပဲ ရကြပါတယ်။ သမ္မတထရမ့်ကို အဲဒီလို တလေးတစား ကြိုဆိုခဲ့လို့လည်း အီရန်တွေ မျက်စေ့ စပါးမွှေးစူးခဲ့ဟန်တူပါတယ်။
အာဒိုဝမ်က လူရည်လည်သူဖြစ်လို့ အင်အားကြီးတဲ့ အမေရိကန်သမ္မတထရမ့်ကို လေးစားပြနေပေမယ့် တူရ်ကီက မွတ်ဘရားသားဟွဒ်နဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးနဲ့ ဟာမာ့စ်တွေကို ထောက်ပံ့တာတွေ ရှိနေပါတယ်။ မိတ်ဆွေတွေအပေါ် ဆန်ရှင်မထားချင်တဲ့အတွက် တူရ်ကီအပေါ် ဆန်ရှင်ရုတ်ပေးမယ်လို့ ထရမ့်ကပြောလိုက်ပြီး F-35 တွေကို ဆော်ဒီအပြင် အခု တူရ်ကီကိုပါ ရောင်းပေးဖို့ စဥ်းစားနေတယ်လို့ ပြောလိုက်တဲ့အပေါ် မှာရော အန်ကာရာကို သွားခဲ့တာကိုပါ အစ္စရေးက ဒေါပွနေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ အရှေ့အလယ်ပိုင်းမှာ F-35 ပိုင်တာ အစ္စရေးပဲ ရှိသေးတာပါ။
အရင်က တူရ်ကီကို Patriot ဒုံးကျည်ကာကွယ်ရေးစနစ် ရောင်းချပေးဖို့ အမေရိကန်က ငြင်းဆန်ခဲ့တဲ့ အတွက် တူရ်ကီက ရုရှားရဲ့ S-400 Triumph မြေပြင်က ဝေဟင်ပစ် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ၂၀၁၉မှာ ဝယ်ယူခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံက ရုရှားရဲ့စနစ်ကို ဝယ်ယူခဲ့တာကြောင့် အမေရိကန်က F-35တွေ မရောင်းပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုလည်း အမေရိကန်ကို နည်းလမ်းတွေ အများကြီးနဲ့ ကူညီခဲ့လို့ ရောင်းပေးဖို့ စဥ်းစားနေတယ်ပဲ ပြောသေးတာပါ၊ ရောင်းမယ်လို့ မပြောသေးပါဘူး။ ဘီဘီ သူ့သဘောနဲ့သူ လျောက်မလုပ်ဖို့ ဖိအားပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဘီဘီက F-35 တွေကို တူရ်ကီထံ မရောင်းစေချင်တာ အဲဒီနည်းပညာကို ရန်ဘက်တွေလက်ထဲ မရောက်စေချင်လို့လို့ ဆိုပါတယ်။
နေတိုးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဘီဘီမကျေနပ်တဲ့အကြောင်းကို မေးတော့ ထရမ့်က ဘာလို့မရောင်းနိုင်စရာရှိလဲ၊ တူရ်ကီက တခြားနိုင်ငံတွေထက်တောင် ပိုပြီး သစ္စာရှိသေးတယ်လို့ ပြောသွားပြီး ဘီဘီဟာလည်း အလွန်တော်တဲ့ wartime leader တဦး အဖြစ် ချီးကျူးသွားပါတယ်။ ဘီဘီလိုလူမျိုးသာမရှိရင် အစ္စရေးလည်း မရှိလောက်တော့ဘူးလို့ ဆိုတာပါ။
တူရ်ကီကို မရောင်းပေးခဲ့တဲ့ Patriot ဒုံးကျည်ကာကွယ်ရေးစနစ်ကို ယူကရိန်းကို Patriot ဒုံးကျည်စနစ် ထုတ်လုပ်နိုင်တဲ့ လိုင်စင် ပေးသွားဖို့ရှိတယ်လို့ ဇယ်လင်းစကီးနဲ့ တွေ့ဆုံစဥ်မှာ သမ္မတထရမ့်က ပြောသွားပါတယ်။ ကမ္ဘာမှာ အမေရိကန် Raytheon ကုမ္ပဏီကထုတ်တဲ့ အဲဒီစနစ် ပိုင်ဆိုင်ထားတာ ၁၉နိုင်ငံပဲ ရှိပါသေးတယ်။ လိုင်စင်ပေးမယ်ဆိုပေမယ့် ထုတ်လုပ်သူတွေဖြစ်တဲ့ Lockhead Martin တို့ Raytheon တို့နဲ့ မဆွေးနွေးရသေးကြောင်း၊ ဒါပေမယ့် အဆင်ပြေမှာဖြစ်ကြောင်း၊ ယူကရိန်းက ပညာရှင်တွေကို ရှင်းပြလိုက်ရင် သူတို့ဟာသူတို့ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း ပြောသွားပါတယ်။ Patriot စနစ်ရဲ့ ရှည်လျားတဲ့ ထုတ်လုပ်ချိန်ကြောင့် လောလောဆယ်မှာ တနှစ်ကို ဒုံးကျည် အစင်း ၆၀၀ပဲ ထုတ်နိုင်သေးတာကြောင့် ယူကရိန်းက ထုတ်လုပ်လာနိုင်ရင် အကျိုးရှိမှာဖြစ်ပါတယ်။
ဒီနေ့မှာ နေတိုးအစည်းအဝေးက ပြန်လာတဲ့ သမ္မတထရမ့်က ကာတာကပေးထားတဲ့ ဇိမ်ခံလေယာဥ်ကို ပြန်မွန်းမံထားတဲ့ Air Force One အသစ်ကြီးကို ယူကေက Mildenhall လေတပ်အခြေစိုက်စခန်းက စစ်သည် စစ်သမီးတွေ ကြည့်ရှုလေ့လာဖို့ဆိုပြီး အရင်ပို့လိုက်ပါတယ်။ သူက နောက်မှ Air Force One အဟောင်းနဲ့ လိုက်သွားပြီး အဲဒီကနေမှ AF 1 အသစ်နဲ့ ဒီစီကို ပြန်မှာဖြစ်ပါတယ်။
အီရန်က တူရ်ကီမှာ သမ္မတထရမ့်တည်းတဲ့ ဟိုတယ်ကို ပစ်ဖို့အပါအဝင် လက်စားချေမယ့် အကြောင်းတွေ ထပ်တလဲလဲ ပြောနေတာအပြင် ကာတာက အီရန်နဲ့ အလွမ်းသင့်တဲ့ နိုင်ငံလည်း ဖြစ်ခဲ့တဲ့အတွက် အရေးကြုံလာခဲ့ရင် အလုပ်လုပ်တာသေချာတဲ့ လေယာဥ်အဟောင်းနဲ့ သွားတာက ပိုစိတ်ချရလို့ ဖြစ်နိုင်ပါတယ်။ အသစ်က ဘယ်လောက်ပဲ ကောင်းအောင်လုပ်ထားထား အရေးကြုံလာရင် လိုအပ်ချက်အဝဝကို ချောချောမွေ့မွေ့ ဆက်လုပ်မလားဆိုတာ မသိနိုင်သေးပါဘူး။