Operation Epic Fury (98)

အစ္စရေးက အီရန်တွေဟာ အမေရိကန်သမ္မတထရမ့်ကို လုပ်ကြံမယ့် အစီအစဥ်သစ်ကို ကြိုးပမ်းနေကြောင်း ဖော်ပြလိုက်တဲ့နောက် သမ္မတထရမ့်က အဲဒီသတင်းဟာ အသစ်မဟုတ်ကြောင်း၊ အစ္စရေးက ပြောမှသိရတယ်ဆိုတာလည်း မဟုတ်ကြောင်း၊ ၂၀၂၀ ကတည်းက ဆိုလေမာနီကို ရှင်းပစ်ခဲ့လို့ အီရန်က လက်စားချေဖို့ ကြိုးစားနေခဲ့တာဖြစ်ကြောင်း၊ အီရန်ရဲ့ စာရင်းမှာ သူက ထိပ်ဆုံးမှာရှိကြောင်း၊ သူလုပ်ကြံခံခဲ့ရသည်ရှိသော် ဘာဆက်လုပ်ရမယ်ဆိုတာ အစိုးရအဖွဲ့ကို သေချာ မှာကြားခဲ့ပြီး ဖြစ်ကြောင်း ပြောခဲ့တာပါ။ သူတိုက သိပ်ချစ်စရာကောင်းတဲ့သူတွေ၊ ငါ့ကို ထိပ်ဆုံးမှာတင်ထားတာ၊ ငါမရှိတော့ရင် သူတို့ငါ့ကို လွမ်းနေတော့မှာပဲလို့လည်း အရွှန်းဖောက်သွားခဲ့ပါတယ်။

နောက်ဆုံးရတဲ့ သတင်းမှာတော့ အမေရိကန်က ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေကို အီရန်ဆီ အဆင့်သင့် ချိန်ရွယ်ထားပြီးဖြစ်ပြီး ငါကို လုပ်ကြံဖို့ ကြိုးစားခဲ့ရင် နောက်ထပ် ထောင်ချီတဲ့ ဒုံးကျည်တွေ ထပ်လွှတ်ပြီး တနှစ်လုံးလုံး (လိုအပ်ရင် ပိုတိုးနိုင်) အီရန်နိုင်ငံတဝှမ်းကို စိစိညက်ညက် ကြေအောင် ချေမှုန်းပစ်မယ်လို့ ထရုသ်မှာ ပို့စ်လုပ်ထားပါတယ်။

အမေရိကန်က အီရန်ပစ်မှတ်တွေအပေါ် အရှိန်အဟုန်မြှင့်ပြီး ဗုံးကြဲလာခဲ့တဲ့နောက် စေ့စပ်ညှိနှိုင်းမှုတွေ မလုပ်တော့ဘူးလို့ အာကျယ်ထားခဲ့တဲ့ အီရန်ဘက်ကစပြီး စေ့စပ်ညှိနှိုင်းဖို့ တောင်းဆိုလာခဲ့ပါတယ်။ သမ္မတထရမ့်က စေ့စပ်ညှိနှိုင်းမယ်ဆိုတာကို သဘောတူလိုက်ပေမယ့် အပစ်ရပ်သဘောတူညီချက်က ပြီးဆုံးသွားပြီလို့ ဆိုပါတယ်။ အရင်က ဆွေးနွေးမယ်ဆိုတိုင်း အခွင့်အရေးပေးတဲ့အနေနဲ့ အပစ်ရပ်ပေးခဲ့တာမျိုး နောက်ထပ် ထပ်ရဦးမယ်လို့ အီရန်ဘက်က ထင်နေပုံရပါတယ်။

MOU နဲ့ ခွင့်ပြုပေးခဲ့တဲ့ လိုင်စင်မှာ ထုတ်လုပ်၊ ရောင်းချ၊ ပို့ဆောင်ခွင့် အားလုံး စုထည့်ထားတာကို အီရန်ဘက်က သဘောမပေါက်တာပဲလား၊ ရူးချင်ယောင်ဆောင်တာပဲလားမသိ၊ ခွင့်ပြုချက်ရတဲ့ အချိန်ကစလို့ ပြီးခဲ့တဲ့ ၃ပတ်အတွင်း ရေနံစိမ်းစည် သန်း၆၀ ပဲ ထုတ်ခဲ့ရာကနေ ထရမ့်က ပြန်ပိတ်တော့မယ်လည်းဆိုရော ၂ရက်အတွင်း စည် ၁၀သန်း ထုတ်ပြီး သင်္ဘောတွေက အီရန်ဆိပ်ကမ်း ကနေ အမြန်ထွက်ခွာ ကြပါတယ်။ တရုပ်ပြည်မရောက်ခင် အင်ဒိုပစိဖိတ်ကွန်မန်းက စောင့်ဖမ်းပြီး သိမ်းလိုက်ဖို့ပဲ ကျန်ပါတယ်။

အမေရိကန်က အီရန်မြောက်ပိုင်း Turkmenistan နိုင်ငံနဲ့ ကပ်နေတဲ့ Golestan ခရိုင်မှာ ရုရှားနဲ့ တရုပ်တို့ကို ကုန်းလမ်းကနေ ကုန်စည်ပို့ဆောင်ပေးနေတဲ့ ရထားလမ်းဖြတ်သွားတဲ့ Aq Tekeh Khan တံတားကို ပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။ အပစ်ရပ်ကာလအတွင်းမှာ လှုပ်ရှားမှုတွေ ရှိနေခဲ့တာ သိနေပုံပါပဲ။ အီရန်ဘက်က နာရီပိုင်းအတွင်း ပြန်လည်ပြင်ဆင်ပြီးစီးလို့ လူတွေတောင် သွားနေပြီလို့ သတင်းလွှင့်ပါတယ်။ ဝေးလံခေါင်ဖျားဒေသလည်းဖြစ်၊ အပျက်အစီးဖယ်ရတာနဲ့တင် ကြာဦးမှာဆိုတော့ သူတို့စကားကို အတင်းကြီးယုံချင်နေမှပဲ ယုံကြမှာပါ။

ယူအေအီးက Somaliland မှာ အမေရိကန်နဲ့ အစ္စရေးအတွက် စစ်အခြေစိုက်စခန်းတခုကို တိတ်တိတ်လေး ဆောက်လုပ်လျက်ရှိတယ်လို့ ပြင်သစ်သတင်းစာတခုက ဖော်ပြထားပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတာမဟုတ်တဲ့ အဆိုပါနေရာက ကမ္ဘာမှာ အရေးအပါဆုံး သင်္ဘောလမ်းကြောင်းတွေထဲကတခုဖြစ်တဲ့ ယီမင်နားက Bab al-Mandab ရေလက်ကြား နဲ့ နီးကပ်တဲ့အတွက် ဆိုမာလီက Berbera လေဆိပ်ကို စစ်အခြေစိုက်စခန်းအဖြစ် အသွင်ပြောင်းမှာ ဖြစ်ပါတယ်။ လေဆိပ်က မူအားဖြင့် ဆိုမာလီအစိုးရပိုင် ဖြစ်ပေမယ့် မကြာသေးမီနှစ်များအတွင်းမှာ ယူအေအီးက အကြီးအကျယ် ရင်းနှီးမြှုပ်နှံလာခဲ့တာဖြစ်ပြီး ၂၀၁၇ သဘောတူညီချက်အရ ယူအေအီးက အဆိုပါလေဆိပ်ကို စစ်ရေးအတွက် အသုံးပြုနိုင်ခွင့် ရရှိထားပြီးဖြစ်ပါတယ်။

အီရတ်ဝကခ Ali al-Zaidi ရဲ့ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ အီရတ်က အမေရိကန်နဲ့ နိုင်ငံရေးအရရော စီးပွားရေးအရပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ အီရတ်ဟာလည်း လက်ဘနွန်လိုပဲ အီရန်မွေးထားတဲ့ စစ်သွေးကြွတွေ အများကြီးရှိနေပါတယ်။ ခါမေနီအလောင်းကိုအောင် အဲဒီအထိ ယူသွားပြီး အီရန်ဘက်က သမ္မတရော နိုင်ငံခြားဝန်ပါသွားပြီး စိတ်ဓါတ်စစ်ဆင်ရေး သွားလုပ်ကြသေးတာပါ။ အရင်ပို့စ်တွေမှာ ဖော်ပြခဲ့သလိုပဲ ကျန် proxy နိုင်ငံ တွေမှာ အီရန်ရဲ့ တပည့်တွေ နယ်ကျဥ်းလာတဲ့အတွက် အီရတ်ကို ပိုအားထည့်ပြီး စည်းရုံးလာတာကို တွေ့ရပါတယ်။ အခုကြေငြာချက်အရဆိုရင် ထရမ့်က ဦးအောင်စည်းရုံးထားပြီးတဲ့ ပုံပါပဲ။

အစ္စလာမ်ထုံးစံမှာ အလောင်းကို ကြာရှည်မထားရပဲ ချက်ချင်း မြှုပ်ကြရတဲ့အတွက် ကြာရှည်ခံဆေး ထိုးတာကိုလည်း ခွင့်မပြုတာကြောင့် ခါမေနီအလောင်းကို အအေးခေါင်းနဲ့ သယ်ရတာပါ။ အီရတ်မှာတော့ ဖင်လန်က grocery store chain K- Group ရဲ့ သားငါးစသည်သယ်တဲ့ အအေးခန်းကားနဲ့ သယ်ဆောင်လာတာ တွေ့ရပါတယ်။

Leave a comment