Operation Epic Fury (99)

အီရန်က ဟော်မုဇ်မှာ ဖြတ်သန်းနေတဲ့ ဆိုက်ပရပ်စ်အလံတင် ကွန်တိန်နာသင်္ဘောတစီးကို ဒုံးကျည်နဲ့ ကနေ့ ပစ်ခတ်ခဲ့တဲ့အတွက် အမေရိကန်က တတိယအကြိမ်အဖြစ် ပစ်မှတ် ၁၄၀ကို ပစ်ခတ်ပြီးဒဏ်ခတ်လိုက်ပါတယ်။ ပစ်ခတ်ခံရတဲ့ သင်္ဘောက သင်္ဘောသားတဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး သင်္ဘောက မီးလောင်၊ အင်ဂျင်ခန်းပျက်စီးမှုဖြစ်လို့ ရှေ့ဆက်သွားနိုင်တဲ့ အခြေအနေ မရှိပါဘူး။ အီရန်ဘက်ကတော့ ခွင့်မပြုထားတဲ့ လမ်းကြောင်းကနေ သွားပြီး သတိပေးပစ်ဖောက်မှုတွေကို လစ်လျူရှုခဲ့လို့လို့ အကြောင်းပြပါတယ်။ ဒါပေမယ့် ဟော်မုဇ်ဟာ နိုင်ငံတကာ ရေပိုင်နက်ဖြစ်ပြီး ဟိုးတုန်းကတဲက လွတ်လွတ်လပ်လပ် သွားလာနေတဲ့ နိုင်ငံတကာ ရေလမ်းကြောင်းဖြစ်တဲ့အတွက် သူတို့ခွင့်ပြုချက် ယူရမယ်ဆိုတာ နိုင်ငံတကာ​ဥပဒေတွေနဲ့ ကွဲလွဲနေပါတယ်။

အဲဒီနောက်မှာတော့ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီလို့ IRGC က ကြေငြာသွားပါတယ်။ အီရန်တပ်တွေရဲ့ ကြီးကြပ်မှုမပါပဲ ဘယ်သင်္ဘောမှ မဖြတ်ရဘူးလို့ ဆိုလိုတာပါ။ CENTCOM ကတော့ ဟော်မုဇ်ဟာ နိုင်ငံတကာရေလမ်းကြောင်းဖြစ်လို့ ဖွင့်ထားပါကြောင်း၊ အားလုံး သွားလာနိုင်ပါကြောင်း၊ အီရန်က ထိန်းချုပ်ထားတယ်ဆိုတာ မဟုတ်ကြောင်း၊ အရင်ပစ်ခတ်မှုတွေ အတွက် ၂ညတိုင်တိုင် အပြင်းအထန် ဗုံးကြဲခဲ့ပြီးနောက် အီရန်က MOU ကို လိုက်နာလာမလားလို့ အခွင့်အရေးပေးခဲ့ကြောင်း၊ အဲဒီမှာ ထပ်ပစ်တဲ့အတွက် ရေကြောင်းသွားလာမှုကို နောက်ထပ် မနှောက်ယှက်နိုင်အောင် ပိုမို ပြင်းထန်တဲ့ ပစ်ခတ်မှုတွေနဲ့ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို လျော့ကျသွားအောင် ပြုလုပ်မှာဖြစ်ကြောင်း ကြေငြာသွားပါတယ်။ ပြီးခဲ့တဲ့ ၂လအတွင်း အမေရိကန်တပ်တွေက သင်္ဘော ၈၀၀ကျော် ရေနံစည်အားဖြင့် သန်း၄၀၀ကျော်တို့ကို ဟော်မုဇ်ကနေ ထွက်ခွာနိုင်အောင် ကူညီပေးခဲ့ပြီး ဖြစ်ပါတယ်။

အီရန်ရဲ့ အကြမ်းဖက်မှုတွေအပေါ် စစ်ရေးအရ အရေးယူတာအပြင် ဘဏ္ဍာရေးဝက စကော့ဘက်ဆန့် ကလည်း ဆူပရင်းမ်ခေါင်းဆောင်သစ် မော့တာဘာအပေါ် အကြီးစားဆန်ရှင်တွေ ချထားလိုက်ပါတယ်။ မော့တာဘာအပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို ကမ္ဘာ့ငွေကြေးစနစ်ကနေ ခွဲထုတ်ပစ်မှာဖြစ်ပြီး တိုင်းပြည်က ခိုးယူထားတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အီရန်ပြည်သူတွေအတွက် သိမ်းထားပေးမယ်လို့ ဘက်ဆန့်က ပြောသွားတာပါ။

သူ့ရဲ့ ပိုင်ဆိုင်မှုတွေက လန်ဒန်မှာ $၁၃၈သန်းကျော်တန် ဇိမ်ခံအိမ်ကြီးတလုံး၊ ဘိရှော့ရိပ်သာလမ်းက အခြားတန်ဖိုးကြီး အိမ်ခြံ များနဲ့ ကန်ဆင်တန်က တိုက်ခန်းများ၊ ဂျာမဏီမှာ ဖရန့်ဖတ်က အဆင့်မြင့် ဟိုတယ်များ၊ စပိန် မာလောကာက ဂေါက်ကွင်းနဲ့ အပန်းဖြေစခန်း၊ ယူအေအီးက ထိပ်တန်း လူကုံထံ ရပ်ကွက်မှာ အိမ်တလုံး၊ ဩစတီးယားက အက်ပ်လ််စတောင်တန်းမှာ စကီးနဲ့ ကျန်းမာရေး အပန်းဖြေစန်း၊ ဂျာမဏီ အနောက်မြောက်ဖက်မှာ ဈေးဝယ်စင်တာတခု စသည်တို့ ပါဝင်ပါတယ်။

အဆိုပါပိုင်ဆိုင်မှုတွေက မော့တာဘာရဲ့ နာမည်နဲ့မဟုတ်ပဲ ရှုပ်ထွေးတဲ့ ကွန်ယက်များနဲ့ အမည်ခံ ကုမ္ပဏီများသုံးကာ ဒူဘိုင်းကအီရန်စီးပွားရေးသမား အလီအန်ဆာရီက စီမံပေးနေတာလို့ တွေ့ရှိထားပါတယ်။ အန်ဆာရီကို ပြည်သူ့ငွေနဲ့ ဝယ်ထားတဲ့ ဓနတွေကို ပြည်ပသို့ လွှဲပြောင်းမှု၊ အကြီးစား ငွေကြေးအလွဲသုံးစားမှုတို့နဲ့ အမေရိကန်ဘဏ္ဍာရေးဌာနက ဆန်ရှင်ချမှတ်လိုက်တာပါ။ ဒါ့အပြင် ဆန်ရှင်ထိထားတဲ့ အီရန်ဘဏ်တွေကိုယ်စား တနှစ်တနှစ်ကို ဘီလီယံနဲ့ချီတဲ့ ငွေတွေ လွှဲပြောင်းပေးနေတဲ့ အဓိကကျတဲ့ငွေလွှဲလုပ်ငန်းတွေကိုပါ ပစ်မှတ်ထားလိုက်တာပါ။

မနေ့က ဟော်မုဇ်ရဲ့ တဖက်တချက်မှာ ရှိကြတဲ့ အီရန်နဲ့ အိုမန်တို့ဟာ ဟော်မုဇ် ရေလက်ကြားကို လမ်းကြောင်း ၂ခုခွဲပြီး ထိန်းချုပ်ကြဖို့ အဆိုပြုချက်မူကြမ်း ရေးဆွဲခဲ့ကြပါတယ်။ အဲဒီမူကြမ်းအရ လမ်းကြောင်း ၂ခုလုံးက အမြဲဖွင့်ထားမှာဖြစ်ပြီး အိုမန်ဘက်က “Southern Corridor” မှာ စစ်မတိုင်ခင်ကလိုပဲ လွတ်လပ်စွာ ခုတ်မောင်းသွားလာနိုင်မှာ ဖြစ်ပါတယ်။ အီရန်ရဲ့ “Northern Corridor” ကို ဖြတ်သွားမယ့် သင်္ဘောတွေကတော့ ဖြတ်သန်းခ မပေးရပေမယ့် တီဟီရန်ဆီက ကြိုတင်ခွင့်ပြုချက် ရယူရမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ အမေရိကန်တပ်တွေရဲ့ ပစ်ခတ်မှုကို တုန့်ပြန်တဲ့အနေနဲ့ အီရန်က အိုမန်ဘက် ဟော်မုဇ်နားက ပစ်မှတ်တွေကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အခုလို တာဝန်မဲ့လုပ်ရပ် အတွက် အိုမန်အစိုးရက အီရန်သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်စာ ပေးခဲ့တဲ့အပြင် သူတို့ရဲ့ အချုပ်အချာအာဏာပိုင်မှုနဲ့ အိမ်နီးချင်းကောင်းဖြစ်မှုတို့ကို လေးစားဖို့နဲ့ အိုမန်ပြည်တွင်းရေးကို ဝင်မစွက်ဖို့ သတိပေးလိုက်ပါတယ်။

ပါးရှန်းပင်လယ်ကွေ့က အခြားနိုင်ငံတွေလိုပဲ အမေရိကန်၊ အီရတ်နဲ့ ဆီးရီးယားတို့က ဟော်မုဇ်ကို ရှောင်ကွင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနေခဲ့တာမှာ သမိုင်းဝင် ၅၅၄မိုင် ရှည်တဲ့ Kirkuk-Baniyas ပိုက်လိုင်းဟောင်းကို ပြန်လည်အသုံးပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်လာပါတယ်။ အီရတ်မြောက်ပိုင်း ရေနံတွင်းတွေကနေ ဆီးရီးယားကိုဖြတ်ပြီး မြေထဲပင်လယ်ဘက်ကို သွားတဲ့ အဆိုပါပိုက်လိုင်းဟာ တနေ့ကို စည် ၃သိန်းတင်ပို့နိုင်တာကြောင့် မြေထဲပင်လယ်နဲ့ ဥရောပနိုင်ငံတွေ အတွက် သတင်းကောင်းဖြစ်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားမှာ အီရန်တပည့်တွေ ခေါင်းမထောင်နိုင်မှပဲ ဆက်လုပ်နိုင်မှာ ဖြစ်လို့ ဖွံ့ဖြိုးမှုနဲ့ အေးချမ်းမှုလိုလားတဲ့ ခေါင်းဆောင်တွေက အီရန်ရဲ့ proxy တွေကို နှိမ်နှင်းမှု စတင်နေကြပြီ ဖြစ်ပါတယ်။

ဒီနေ့ လူစိတ်အဝင်စားဆုံးသတင်းကတော့ အီရန်စစ်ကိုရော တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးတဲ့ the Save America Act ကိုပါ အကြီးအကျယ်ထောက်ခံသူတဦးဖြစ်တဲ့ ဆီနိတ်တာ လင်ဒ်ဇီ ဂရမ် ရုတ်တရက် သေဆုံးသွားတဲ့ သတင်းပါပဲ။ လင်ဒ်ဇီက သေဆုံးမယ့်နေ့ကမှ ယူကရိန်းက ပြန်ရောက်လာတာဖြစ်ပါတယ်။ မနေ့ည ၇နာရီလောက်မှာ သမ္မတထရမ့်နဲ့ ဖုံးပြောစဥ်က အနည်းငယ် ပင်ပန်းနေတယ်လို့ ပြောခဲ့ပြီးပြီး ၈နာရီခွဲလောက်မှာ ရင်ဘတ်အောင့်လို့ 911 ခေါ်ခဲ့ရတာပါ။ ည၉နာရီ ထိုးခါနီးမှာ နှလုံးရပ်သွားလို့ CPR လုပ်ပေးခဲ့ရပြီး ဆေးရုံကို ခေါ်သွားခဲ့တာပါ။

သူ့ရုံးကထုတ်ပြန်တဲ့ ကြေညာချက်မှာ ရုတ်တရက် နာမကျန်းဖြစ်ရာက ကွယ်လွန်တယ်လို့ပါပြီး နောက်ဆုံး ထွက်လာတဲ့ သတင်းမှာတော့ လင်ဒ်ဇီဟာ နှလုံးဖောက်ရာက နှလုံးသွှေးလွှတ်ကြောမကြီး ပေါက်ပြီး သေဆုံးရတာလို့ ဆိုပါတယ်။ သူ့ဖခင်ဟာလည်း အသက် ၆၉နှစ်မှာ နှလုံးဖောက်လို့ သေဆုံးခဲ့တာပါ။ လင်ဒ်ဇီက ဇူလိုင် ၉ရက်နေ့ကမှ ၇၁ပြည့်ထားတာဖြစ်ပါတယ်။

ဆီနိတ်တာလင်ဒ်ဇီရဲ့ ၂ရက်ကြာ ယူကရိန်းခရီးစဥ်မှာ ယူကရိန်းရဲ့ ဒရုန်းထုတ်လုပ်ရေးစက်ရုံကြီးတခုကို သွားရောက်လည်ပတ်ခဲ့ပြီး SkyFall ယူကရိန်းကာကွယ်ရေးကုမ္ပဏီက ထုတ်လုပ်တဲ့ အဆင့်မြင့် စနစ်တွေဖြစ်ကြတဲ့ heavy Vampire bomber drones, ၇နဲ့ ၁၀လက်မအရွယ် တိုက်ခိုက်ရေး Shrike FPV dronesနဲ့ ဈေးချိုတဲ့ interceptors ထုတ်လုပ်မှုတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ လင်ဒ်ဇီက အဆိုပါစက်ရုံတွေဟာ ကမ္ဘာ့အဆင့်လို့ ပြောသွားပြီး ဒရုန်းနည်းပညာမှာ အမေရိကန်နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။ တချိန်ထဲမှာပဲ ရုရှားက ယူကရိန်းရဲ့ ဒရုန်းစက်ရုံတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။

သောက်ြာနေ့ ယူကရိန်းမြို့တော် ကိဗ်မှာ ပြုလုပ်တဲ့ လင်ဒ်ဇီရဲ့ မီဒီယာကို ပြောကြားမှုထဲမှာ ဒီယူကရိန်း-ရုရှားစစ်ကို အဆုံးသတ်ဖို့ နည်းလမ်းဘယ်တုန်းကမှ ဒီနေ့ထက်ပိုပြီး အကောင်းမြင်တာမျိုး မရှိခဲ့ကြောင်း၊ ယူကရိန်းကို ပိုအဆိပ်ပြင်းအောင် လုပ်ရမှာဖြစ်သလို သူဝါရှင်တန်ကို ပြန်ရောက်ရင် ဆီနိတ်တာ ဘလူမင်သော်နဲ့ နှစ်ပါတီဆီးနိတ်တာများကို တွေ့ဆုံပြီး ရုရှားအပေါ် ဆန်ရှင်အုပ်စု ချထားဖို့ ပြောမှာဖြစ်ကြောင်း၊ ဒါမှ သမ္မတထရမ့်လည်း ဒီစစ်ပွဲ အဆုံးသတ်ဖို့ ကူညီနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ လင်ဒ်ဇီကို ရုရှားတင်မက အီရန်ကပါ မုန်းတဲ့အတွက် လုပ်ကြံဖို့တောင် ကြွေးကြော်ခံထားရသူ ဖြစ်ပါတယ်။

အီရန်နဲ့ MOU ထိုးဖို့ စီစဥ်တဲ့အပေါ် တချို့ရီပါဘလစ်ကန်အမတ်တွေက ဝေဖန်ခဲ့ကြပေမယ့် လင်ဒ်ဇီ ကတော့ MOU ထိုးဖို့ ဘာကြောင့် အရေးကြီးသလဲ၊ အောင်မြင်မှာလား၊ မအောင်မြင်ရင် ဘာဆက်ပြီး လုပ်ကြမလဲ ဆိုတာတွေကို လွန်ခဲ့တဲ့ ၂ပတ်က အခုလို ရှင်းပြထားပါတယ်။ MOU ထိုးရတာက ပြဿနာကို ဖြေရှင်းဖို့ သံတမန်နည်းကို အတတ်နိုင်ဆုံး ကြိုးစားစေချင်တာ ဖြစ်ကြောင်း၊​ ဒါပေမယ့် အောင်မြင်မယ်လို့ မထင်ပါကြောင်း၊ မအောင်မြင်ခဲ့ရင် ဟော်မုဇ်ကို အမေရိကန်က ထိန်းချုပ်လိုက်ပြီး ဖြတ်သန်းမယ့် သင်္ဘောတွေကို စစ်ရေးလုံခြုံမှုပေးရတဲ့အတွက် အဖိုးအခတခု ကောက်ခံသွားမှာ ဖြစ်ကြောင်း၊ ဒီနှစ်ထဲမှာ Abraham Accords ကို တိုးချဲ့လာပြီး ဆော်ဒီနဲ့ပါ ချုပ်နိုင်အောင် လုပ်ပြီး အာရပ်-အစ္စရေး ပဋိပက္ခကို ဒီနှစ်ထဲမှာ အဆုံးသတ်နိုင်အောင် ကြိုးစားမှာဖြစ်ကြောင်း၊ အီရန်က ဟော်မုဇ်ကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့ရင် အမှုန့်ခြေပစ်မှာ ဖြစ်ကြောင်း၊​ အီရန်က အစ္စရေးတို့ လက်ဘနွန်တို့ကို တိုက်ခိုက်လာခဲ့ရင်လည်း အီရန်ပြန်ခံရမှာဖြစ်ကြောင်း၊ MOU ကနေ အီရန်ရမယ် ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက တိုင်းပြည်ကို ဘာမှပြောင်းလဲသွားစေမယ့် ပမာဏ မဟုတ်ကြောင်း၊ Face the Nation နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

လစ်လပ်သွားတဲ့ ဆီနိတ်တာဂရမ်ရဲ့ နေရာကို တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ ရီပါဘလစ်ကန် အုပ်ချုပ်ရေးမှူး Henry McMaster က သူ့ရာထူးသက်တမ်း ကျန်ရှိတဲ့ ဇန္နဝါရီ ၃ရက်အထိ ခန့်ထားပေးနိုင်ပါတယ်။ လင်ဒ်ဇီက ရီပါဘလစ်ကန် ပဏာမရကပမှာ အနိုင်ရထားသူဖြစ်လို့ ဩဂုတ် ၁၁ မှာ ရီပါဘလစ်ကန် အထူးပဏာမရကပ ပြန်လုပ်ပေးရမှာပါ။ မဲအပြတ်မနိုင်ကြဘူးဆိုရင် ဩဂုတ် ၂၅မှာ Runoff election ပြုလုပ်မှာဖြစ်ပြီး နိုင်တဲ့သူက နိုဝင်ဘာ ၃ရက်နေ့မှာ ရကပဝင်ရမှာပါ။  အဲဒီမှာ နိုင်တဲ့သူကမှ လင်ဒ်ဇီနေရာကို ဝင်မယ့် ဆီနိတ်တာ ဖြစ်လာမှာပါ။ သမ္မတထရမ့်က လင်ဒ်ဇီနေရာကို ဖြည့်ဖို့ သင့်တော်တဲ့သူ ငါတွေ့ထားပြီ၊ ဒါပေမယ့် လင်ဒ်ဇီကို လေးစားသောအားဖြင့် ဘယ်သူလဲဆိုတာ ခုမပြောနိုင်သေးဘူးလို့ ပြောသွားပါတယ်။

The Save America Act ကို အသည်းအသန်ကန့်ကွက်မယ့် ဆီနိတ်တာမက်ကောနယ်ကတော့ ဆေးရုံကနေဆင်းပြီး ပြန်လည်ထူထောင်ရေးကို ရောက်နေပြီဖြစ်သလို သူ့ဇနီးကလည်း တရုပ်ပြည်က ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လဲကျလို့ ဆေးရုံတက်ခဲ့ရပေမယ့် ဘာဒဏ်ရာမှ ကြီးကြီးကျယ်ကျယ် မရခဲ့ပါဘူး။ အဆုပ်အအေးပတ်တာကို ကုနေရတာကြောင့်သာ ဆေးရုံမှာ ကြာနေတာလို့ ဆိုပါတယ်။ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အရ မနက်ဖြန် ပြန်စတင်မယ့် ဆီးနိတ်မှာ မဲသွားပေးတာတွေ လုပ်လို့မရသေးသော်လည်း ဆီးနိတ်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ မျက်ခြေမပြတ် ရှိနေမယ့်အကြောင်း မက်ကောနယ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခါမေနီရဲ့ အအေးခေါင်းလှည့်လည်ပွဲမှာ လူတွေ များမှာဖြစ်လို့ တီဟီရန်က Bus Rapid Transit (BRT) လမ်းကြောင်းတချို့ကို မြေကော်စက်တွေနဲ့ ထိုးပြီး ဖျက်ပစ်ခဲ့ပါတယ်။ လမ်းအကာအရံ ကွန်ကရစ် တုံးတွေ၊ ဘတ်စ်လမ်းကြောင်းတွေကြားမှာထားတဲ့ စတီးလ်အကာအရံတွေကိုပါ ဖြိုဖျက်ခဲ့ရတာပါ။ ပြည်သူခရီးသွားဖို့ အဆင်ပြေပါ့မလားဆိုတာတော့ အာဏာရှင်တွေထုံးစံအတိုင်း သိချင်ကြမယ် မထင်ပါဘူး။

Leave a comment