Operation Epic Fury (100)

အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေနဲ့ ကမ်းရိုးတန်းတလျောက်ကို မနက်ဖြန် ၁၄ရက်နေ့ 2000 GMT ကစပြီး ပိတ်ဆို့တော့မှာဖြစ်ပါတယ်။ အီရန်ကိုသွားတာ၊ အီရန်ကလာတာမဟုတ်တဲ့ အခြားသင်္ဘောတွေက အခုပိတ်ဆို့မှုနဲ့ မသက်ဆိုင်ပဲ အရင်လို လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်မှာပါ။  လူသားချင်းစာနာမှုနဲ့ ပေးပို့တဲ့ကုန်စည်တွေကတော့ အစစ်ဆေးခံပြီးမှ ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ အီရန်နဲ့ မသက်ဆိုင်တဲ့သင်္ဘောတွေ ဖြတ်သန်းရာမှာ လုံခြုံဖို့အတွက် အမေရိကန်က “Guardian of the Hormuz Strait” အဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပြီး ခုလို အန္တရာယ်များတဲ့နေရာမှာ လုံခြုံရေးအတွက် ကုန်ကျစရိတ်မျှခံတဲ့အနေနဲ့ သင်္ဘောတွေက သယ်ဆောင်လာတဲ့ ကုန်စည်/ရေနံတန်ဖိုးရဲ့ ၂၀% ကို ပေးရမှာဖြစ်ကြောင်းနဲ့ မကြာမီမှာ အသေးစိတ်လုပ်ငန်းစဥ် ထွက်လာမှာဖြစ်ကြောင်း သမ္မတထရမ့်ရဲ့ ထရုသ်ပို့စ်မှာ ဖော်ပြထားပါတယ်။

ဒီတခါဟော်မုဇ်မှာ ပန်တဂွန်က လူမပါတဲ့ Corsair ပင်လယ်ဒရုန်းတွေနဲ့ အီရန်ရဲ့ ရေတပ်စခန်းတွေကို တိုက်ခိုက်စေခဲ့ပါတယ်။ လူမပါတဲ့ ပင်လယ်ဒရုန်းသုံးပြီးတိုက်တာ အခုပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီနေ့ညမှာလည်း အီရန်ပစ်မှတ်တွေအပေါ် အကြီးအကျယ် ဗုံးမိုးရွာဖို့ အစီအစဥ်ရှိကြောင်း သိရပါတယ်။

ဗြိတိန်က IRGC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင်စာရင်းသွင်း တားမြစ်လိုက်ပါပြီ။ EU က ဒီနှစ်အစောပိုင်းကတည်းက တားမြစ်စာရင်းထဲ ထည့်ထားတာပါ။ အခုလို တားမြစ်လိုက်တာဟာ ကောင်းတဲ့အရွေ့တခုဖြစ်ပေမယ့် အကြမ်းဖက်အဖွဲ့အစည်းတွေ အတော်များများက အမည်ခံ အဖွဲ့တွေကတဆင့် သူတို့ရဲ့ ပိုင်ဆိုင်မှု၊ ငွေကြေးစီးဆင်းမှု၊ ဆက်သွယ်ရန်လိပ်စာ စတဲ့ကိစ္စတွေအတွက် ယူကေကို အသုံးပြုနေကြတာကို ဆက်လက်ခွင့်ပြုနေမယ်ဆိုရင် ခုလိုတားမြစ်တာက လူကြားကောင်းရုံလုပ်ပြတဲ့ အပြတခုပဲ ဖြစ်နေမှာပါ။

အစ္စရေးရဲ့ မိုဆက်ဒ်က အီရန်အစိုးရကို ဖြုတ်ချဖို့အတွက် အီရန်သမ္မတဟောင်း Mahmoud Ahmadinejad ကို စည်းရုံးဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး အီရန်အစိုးရကို ဖြုတ်ချနိုင်ခဲ့ရင် မာမွတ်ကို ခေါင်းဆောင်တင်ဖို့ အထိ စီစဥ်ထားခဲ့တာဖြစ်ပါတယ်။ OEF အစောပိုင်းမှာ အစ္စရေးက မာမွတ်ကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အခုတော့ မာမွတ်နဲ့ အစ္စရေးတို့ ဆက်သွယ်ထားတာ  IRGC က ဖော်ထုတ်တွေ့ရှိလာခဲ့တဲ့နောက် နေအိမ်အကျယ်ချုပ် ချထားလိုက်ကြောင်း သိရပါတယ်။

၂၀၂၄အစောပိုင်းမှာ ဟန်ဂေရီအစိုးရအရာရှိတဦးက ဘူဒါပက်စ်ရှိ Ludovika University of Public Service ပါချုပ်ကို Ahmadinejad အား ကလိုင်းမိတ်ချိန့်ကွန်ဖရန့်စ်တက်ဖို့ ဖိတ်ကြားခိုင်းခဲ့ပါတယ်။ အဲဒီကလိုင်းမိတ်ချိန့်ကွန်ဖရန့်စ်က အယောင်ပြဖြစ်ပြီး မိုဆက်ဒ်အကြီးအကဲကိုယ်တိုင် မာမွတ်နဲ့ တွေ့ဖို့ ဘူဒါပက်စ်ကို လာခဲ့တာပါ။ အစ္စရေးက မာမွတ်ကို သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတဆင့် လျို့ဝှက်ပြီး ငွေပေးတာတွေ ပြုလုပ်ခဲ့သလို Operation Roaring Lion မတိုင်ခင် နောက်ထပ် အကြိမ်ကြိမ် တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။

ခါမေနီတို့ကို ရှင်းပစ်ခဲ့တဲ့ OEF ပထမနေ့မှာ မာမွတ်အိမ်ဝင်းအတွင်းရှိ သူ့ရဲ့ ကိုယ်ရံတော်တွေနဲ့ လုံခြုံရေးယာဥ်တို့ကို အစ္စရေးတို့က ပစ်ခတ်ခဲ့ပြီး သူ့ကိုတော့ လျို့ဝှက်အိမ်တလုံးဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်။ နောက်တော့ ဘာအကြောင်းကြောင့်ဆိုတာ သေချာမသိရပဲ မာမွတ်က အဲဒီအိမ်ကနေ ထွက်ခွာသွားခဲ့ပြီး လူမြင်ကွင်းက ပျောက်ဆုံးနေခဲ့တာ ခါမေနီအသုဘကျမှ ပြန်ပေါ်လာခဲ့တာပါ။ သူပျောက်နေခဲ့တဲ့အချိန်မှာ တချို့က သူ့ကို သေပြီလို့ ပြောနေခဲ့ကြပေမယ့် အီရန်အစိုးရဘက်က အတည်မပြုခဲ့ပါဘူး။ မိုဆက်ဒ်နဲ့ အာမာဒီနာဂျာဒ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက နယူးယောက်တိုင်းမ်က တင်ပြထားတဲ့အပေါ်မှာ မှတ်ချက်ပေးဖို့ ငြင်းဆိုထားကြပါတယ်။

Ahmadinejad နဲ့ ရင်းနှီးတဲ့သူတွေက သူဟာ အစ္စရေးနဲ့ ငွေကြေးအတွက် ပူးပေါင်းမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူ့မှာ စီးပွားရေးကွန်ယက် အကြီးကြီးရှိတော့ ငွေကရှိပြီးသားလေ၊ သူက ပါဝါရှိချင်တာဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။ အာမာဒီနာဂျာဒ်က စစ်ဖြစ်လာခဲ့ရင် အမေရိကန်နဲ့ အစ္စရေးက တည်ငြိမ်အောင်လုပ်နိုင်တဲ့သူကို မရွေးမိမှာကို စိုးရိမ်နေခဲ့တာလို့လည်း ဆိုကြပါတယ်။ အီရန်ဥပဒေအရ ၂ကြိမ်အထိပဲ ဖြစ်ခွင့်ရှိတဲ့ သမ္မတရာထူးမှာ အာမာဒီနာဂျာဒ်က ၂၀၀၅-၂၀၁၃အထိ ၂ကြိမ်ဆက်တိုက် သမ္မတဖြစ်ခဲ့ပြီး ၂၀၁၇ကနေ နောက်ထပ် ၃ကြိမ် ထပ်မံအရွေးခံဖို့ ကြိုးစားတဲ့အပေါ် ဂါဒီယန်ကောင်စီက ပယ်ချတာခံခဲ့ရတဲ့အတွက် ခါမေနီအပေါ် ခါးသီးခဲ့တယ်လို့လည်း သိရပါတယ်။ အာမာဒီနာဂျာဒ်သာ အာဏာပြန်ရလာခဲ့ရင် အစ္စရေးနဲ့ Abraham Accords ထိုးပြီး ဆက်ဆံရေး ပုံမှန်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ကြောင်း သူ့ရဲ့ မိတ်ဆွေတဦးက ပြန်ပြောပြပါတယ်။

အာမာဒီနာဂျာဒ်ကို အစ္စရေးက ရွေးထားတယ်ဆိုပေမယ့် အာမာဒီနာဂျာဒ်က ခုအစိုးရလိုပဲ အစ္စရေး၊ ဆော်ဒီ၊ အနောက်အုပ်စုနဲ့ အခြားအာရပ်နိုင်ငံတွေအပေါ် ရန်လိုခဲ့သူ၊ လူ့အခွင့်အရေး မလေးစားသူ အဖြစ် စွပ်စွဲခံခဲ့ရတာပါ။ တကယ်သာ အစ္စရေးသူလျိုဖြစ်ခဲ့ရင် အမေရိကန်နဲ့ ဆွေးနွေးတဲ့ ဂါလီဘတ်ဖ်တို့ အာရာ့ချီတို့ကိုတောင် ဆဲနေကြတဲ့တိုင်းပြည်မှာ အာမာဒီနာဂျာဒ်ကို IRGC က နေအိမ်အကျယ်ချုပ်လောက်နဲ့ပဲ ထားပါ့မလားဆိုတာ စဥ်းစားစရာပါ။ သေတွင်းက အကြိမ်ကြိမ်လွတ်လာခဲ့သူ ဗိုလ်ချုပ်ကြီး အစ္စမေလ်ကာနီကိုလည်း အစ္စရေးသူလျိုမို့လို့ သေဘေးက လွတ်လာသလိုလို ပြောကြပေမယ့် အီရန်ဘက်က အရေးယူတာမျိုး မတွေ့ရပါဘူး။

ဆော်ဒီနောက်ခံပေးထားတဲ့ ယီမင်အစိုးရတပ်တွေက Sanaa အပြည်ပြည်ဆိုင်ရာလေဆိပ်က ပြေးလမ်းကို အီရန်လေယာဥ်တွေ မဆင်းနိုင်အောင် ဗုံးကြဲခဲ့ပါတယ်။ မြို့တော် Sanaa ရဲ့ လေဆိပ်က ဟူသီတွေ ထိန်းချုပ်ထားတာဖြစ်ပြီး သံတမန်ရေးအရ ကန့်ကွက်တာမအောင်မြင်တဲ့ နောက်မှာ အခုလို ဗုံးနဲ့ ဟန့်တားခဲ့ရတာပါ။ မပစ်ခတ်ခင်မှာ အရပ်သားတွေ၊ လေဆိပ်လုပ်သားတွေနဲ့ ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေကို လေဆိပ်ပတ်ဝန်းကျင်ကနေ ရှောင်နေကြဖို့ ယီမင်ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

အခုလိုပစ်ခတ်လိုက်တာကြောင့် ဟူသီတွေက ဆော်ဒီနဲ့ ၄နှစ်ကြာ စစ်ရှိန်လျော့ချထားတာကို အဆုံးသတ်တယ်လို့ ကြေငြာသွားပြီး လက်တုန့်ပြန်တဲ့အနေနဲ့ ဆော်ဒီက Abha အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အင်အားကြီးဗိုလ်ကျတဲ့ အကြမ်းဖက်နဲ့ အိမ်နီးချင်းဖြစ်ရတဲ့ ဒုက္ခတွေပါပဲ။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟူက အစ္စရေးနဲ့ အမေရိကန်ကြား ဆက်ဆံရေးကို ပုံစံအသစ်ပြောင်းဖို့ အဆိုပြုလိုက်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်က အစ္စရေးကို စစ်ရေးအကူအညီ ပေးခဲ့တာကနေ အတူပူးပေါင်းဆောင်ရွက်ကြမယ့်ပုံစံကို ပြောင်းချင်တာပါ။ အစ္စရေးကို ပေးနေကျ ပိုက်ဆံကို မပေးတော့ပဲ ဒုံးကျည်ကာကွယ်ရေးစနစ်၊ AI နဲ့ အနာဂတ် နည်းပညာသစ်တွေမှာ ညီတူမျှတူ ရင်းနှီးမြှုပ်နှံကြခြင်းဖြင့် နှစ်နိုင်ငံ စစ်တပ်တွေကို အကျိုးဖြစ်ထွန်းစေဖို့ ဖြစ်ပါတယ်။ သူပြောချင်တာက အစ္စရေးက အရွယ်ရောက်လာပြီ ဖြစ်လို့ မုန့်ဖိုးပေးနေစရာမလိုတော့ပဲ အတူလက်တွဲလုပ်ခွင့် ပြုစေချင်တာပါ။ ပူးပေါင်းမှုဟာလည်း လက်နက်ထုတ်လုပ်ရေးတင်မကပဲ ထောက်လှမ်းရေး ကိစ္စတွေပါ ပါဝင်မှာဖြစ်ပါတယ်။ ဒါကို လွှတ်တော်မှာ the US-Israel FUTURES Act အဖြစ် ဥပဒေကြမ်း တင်သွင်းထားပြီး တနှစ်ကို သန်း ၁၅၀သုံးဖို့ လျာထားမှာဖြစ်ပါတယ်။

စနေနေ့ညက ရုတ်တရက်ကွယ်လွန်သွားတဲ့ ဆီနိတ်တာလင်ဒ်ဇီဂရမ်ရဲ့ နေရာကို တောင်ကာရိုလိုင်းနား ဂါဗာနာက လင်ဒ်ဇီမွေးစားထားတဲ့ သူ့ရဲ့ညီမငယ် Darline Graham Nordone ကို ခန့်အပ်ဖို့ ရွေးချယ်လိုက်ပါတယ်။ ၂၀၂၇ ဇန်နဝါရီ ၃ရက်နေ့အထိပါ။ ရှေ့လမှာ ပြုလုပ်မယ့် ပါတီတွင်း အထူးပဏာမရကပမှာ ဘယ်သူတွေ ဝင်အရွေးခံမယ်ဆိုတာကို ဒီလ ၂၁ရက်နေ့မတိုင်ခင် သိကြရမှာပါ။ လေတပ်မှာ အနှစ် ၃၀ကျော် ရှေ့နေအဖြစ် လုပ်ခဲ့တဲ့ လင်ဒ်ဇီရဲ့ အတွေ့အကြုံ၊ ဥပဒေပညာကျွမ်းကျင်မှု၊​ ပြည်သူနဲ့ အဆက်မပြတ်မှု၊​ နိုင်ငံရေးအခင်းကျင်းကို နားလည်မှု၊ ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်တတ်မှုတွေက အစားထိုးဖို့မလွယ်ပေမယ့် လူပျိုကြီး လင်ဒ်ဇီရဲ့ အနီးကပ်ဆုံးမိသားစုဝင်ဖြစ်တဲ့ Darline က ဆီးနိတ်မှာ လင်ဒ်ဇီလိုပဲ မဲပေးမယ်လို့ ယုံကြည်ရပါတယ်။

Leave a comment