ရုတ်တရက် နှလုံးဖောက်တာ မဖြစ်ခင် ပြတတ်တဲ့ လက္ခဏာများ

နှလုံးဖောက်ရာက သွေးလွှတ်ကြောမကြီးပေါက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့တဲ့ ဆီနိတ်တာ လင်ဒ်ဇီဂရမ်ဟာ သမ္မတထရမ့်နဲ့ ထိတွေ့မှုများသူဖြစ်တာကြောင့် မဆုံးခင်က ဘယ်လိုလက္ခဏာတွေ ပြသလဲဆိုတာကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။ မဆုံးခင် ၁ – ၂နာရီအလိုမှာ ပင်ပန်းနေတယ်လို့ ပြောခဲ့ပြီး အဲဒီမတိုင်ခင်မှာတော့ ခါးနာနေတတ်သူလို့ မှတ်မိကြောင်းနဲ့ ခါးနာတာက နှလုံးဖောက်တဲ့သူတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတခုလို့ သိထားကြောင်း ပြောသွားပါတယ်။

နှလုံးဖောက်ပြီး ဆုံးပါးသွားကြတာတွေမှာ အရင်က လူကြီးတွေတင်မက လူလတ်ပိုင်းထဲမှာပါ တချို့တလေ ဖြစ်တတ်ကြပေမယ့် ၂၀၂၀နောက်ပိုင်းမှာ လူငယ်တွေ လူလတ်တွေ ပိုများလာတာ တွေ့ရပါတယ်။ ဖြစ်ရင်လည်း အချိန်တိုအတွင်းမှာ အသက်ပါသွားတတ်လို့ အများစုက ဆေးရုံကိုတောင် မရောက်လိုက်ကြပါဘူး။ အဲဒီတော့ နှလုံးမဖောက်ခင် ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ၊ ဖြစ်နိုင်ခြေ အနည်းအများကို ဘယ်လိုသိနိုင်မလဲ၊ ဖြစ်လာခဲ့ရင် အသက်မီအောင် ဘာတွေလုပ်ရမလဲဆိုတာတွေကို ဆေးပညာလောကသားမဟုတ်ပေမယ့် သိချင်ကြတဲ့ ကိုယ့်လို သာမာန်လူတွေ နားလည်နိုင်အောင် ရှာဖွေဖတ်ရှုထားတာတွေကို ပြန်ရေးပေးပါမယ်။

အပေါ်မှာ ပြောခဲ့သလိုပဲ ခါးနာတာဟာ နှလုံးဖောက်ပြန်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတခု ဖြစ်တတ်ပါတယ်။ နှလုံးက ပေးပို့တဲ့ သင်္ကေတတွေကို ဦးနှောက်က လွဲမှားပြီး ဘာသာပြန်လိုက်တဲ့အခါ ခါးနာသလို ထင်မှတ်သွားတတ်တာပါ။ ပုံမှန်ခါးနာတာက အလေးမ၊ ကုန်းကွမိရာက အခန့်မသင့်ရင် ခါးနားတဝိုက်က ကြွက်သားတွေက ဒဏ်ပိသွားတာဖြစ်ပြီး အမာပေါ်မှာ ခါးစန့်စန့်လေးနေပြီး အနားယူလိုက်တဲ့အခါ ပြန်ကောင်းသွားတာ များပါတယ်။

နှလုံးနဲ့ပတ်သက်ပြီး ခါးနာတာကတော့ နေပုံထိုင်ပုံကြောင့်မဟုတ်ပဲ လက်ပြင်ရိုးနှစ်ခုကြားထဲမှာ ရုတ်တရက် ဖိညှစ်ခံလိုက်ရသလို ခံစားချက်မျိုးလို့ ဆိုကြပါတယ်။ ဒါမျိုးကတော့ အမျိုးသမီးတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အဲဒီလိုနာကျင်မှုတွေမှာ ပူးတွဲပါလာတတ်တဲ့ လက္ခဏာတွေက အသက်ရှူမဝခြင်း၊ ပျို့အန်ချင်သလိုဖြစ်ခြင်း၊ ချွေးစေးပြန်ခြင်း၊ မူးမော်ခြင်းနဲ့ ရင်ဘတ်ထဲမှာ မအီမသာ ဖြစ်ခြင်း၊ ရင်ဘတ်ထဲ လေးလံနေသလို ခံစားရခြင်း၊ ထူထူးခြားခြား ပင်ပန်းနွမ်းနယ်နေခြင်း၊ အိပ်မရခြင်း၊ အစာမကျေ/ပျို့အန်ခြင်းတို့ ဖြစ်ပါတယ်။

အခုလို ခါးအပေါ်ပိုင်းနာတာအပြင် နှလုံးဖောက်ပြန်ခြင်းရဲ့ တခြားရှေ့ပြေးလက္ခဏာတွေက လည်ပင်းနဲ့ မေးရိုးနာကျင်မှုတွေ ဖြစ်ပြီး အဲဒါတွေက နှလုံးမဖောက်ခင် နာရီပိုင်းအလိုကနေ ရက်သတ္တပတ်တွေ အတွင်းမှာ ဖြစ်လေ့ရှိတာပါ။ တကယ်နှလုံးဖောက်တော့မယ့်အခြေအနေမှာဆိုရင် အခုလိုနာကျင်မှုက ရင်ဘတ်ဘက်ကနေ ပျံ့လာတာမျိုး ဖြစ်တတ်ပေမယ့် တခါတရံကျတော့လည်း ရက်အတော်ကြာ ပျောက်သွားလိုက် ပြန်ပေါ်လာပြီး မအီမသာဖြစ်လိုက်ဆိုတာမျိုးလည်း ဖြစ်တတ်ပါတယ်။ American Heart Association က အခုလိုမျိုး ရုတ်တရက် ခါးနာလာပြီး ပူးတွဲလက္ခဏာတွေထဲက တခုခုပါ ဖြစ်လာခဲ့ရင် ဆေးရုံကို ကိုယ့်ဖာသာကိုယ်မသွားပဲ 911 ခေါ်ဖို့ အကြံပြုထားပါတယ်။

ရှေ့ပြေးလက္ခဏာတွေအကြောင်း ပြောပြီးတော့ တကယ်နှလုံးဖောက်လာတဲ့အချိန်မှာ ဘာဖြစ်တယ်ဆိုတာကို ဆက်ပြောပါမယ်။ နလုံးဖောက်တာက ရင်ဘတ်အောင့်ပြီး မိနစ်ပိုင်းအတွင်း ဖြစ်လာနိုင်တာမို့လို့ မြန်တယ်ဆိုနိုင်ပေမယ့် တခါတရံမှာ နာရီနဲ့ ရက်နဲ့ချီပြီး ကြာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရင်ဘတ်အောင့်တာ ၁၅-၂၀မိနစ်ထက် ပိုကြာနေပြီဆိုရင်တော့ ဒါဟာ အဓိကသတိပေး လက္ခဏာကြီးတခု ဖြစ်နေပါပြီ။ နှလုံးသွေးကြောပိတ်သွားပြီး မိနစ် ၃၀လောက်ဆိုရင်တောင် နှလုံးကြွက်သားပျက်စီးမှုက ပြန်အဖတ်ဆယ်လို့ မရနိုင်လောက်တဲ့ အခြေအနေကို ရောက်ရှိဖို့ တာစူနေပြီဖြစ်ပါတယ်။

ရင်ဘတ်အောင့်တာကနေ နှလုံးဖောက်ဖို့ ဘယ်လောက်ကြာမယ် မကြာဘူးဆိုတာက နှလုံးသွေးကြောတွေ ဘယ်လောက်အထိ ပိတ်နေသလဲဆိုတာပေါ်မှာ မူတည်တာဖြစ်ပါတယ်။ နှလုံးသွေးလွှတ်ကြော လုံးဝပိတ်သွားတယ်ဆိုရင် ဆိုးရွားပြင်းထန်တဲ့ လက္ခဏာတွေ ရုတ်တရက်ပေါ်လာပြီး အပြည့်အဝနှလုံးဖောက်ပြန်မှု ဖြစ်စေမှာပါ။ ဒီလိုမဟုတ်ပဲ သွေးလွှတ်ကြောနံရံမှာ ကြေးညှော်/ဂျိုးတွေ တဖြည်းဖြည်းကပ်လာတာမျိုးဆိုရင် အပျော့စား ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာ (သို့) လက်မောင်းရင်း/ မေးရိုးနာကျင်တာတွေက ရက်အနည်းငယ် (သို့)ရက်သတ္တပတ်အနည်းငယ်ကြာမှ အပြည့်အဝနှလုံးဖောက်တာမျိုး ဖြစ်မှာပါ။

နှလုံးဖောက်တာရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်လာပြီဆိုရင် နှလုံးဖောက်ဖို့က အများကြီးနီးနေပြီဖြစ်လို့ အဲဒီထက်စောစော သိနိုင်မယ့်နည်းလမ်းတွေ ရှိနိုင်မလားလို့ သိချင်ကြမှာပါ။ ကိုလက်စ်ထရောက နှလုံးရောဂါနဲ့ နှလုံးဖောက်တာတွေအတွက် အရေးပါတဲ့ အချက်တခုဖြစ်ပေမယ့် နှလုံးဖောက်သူတွေရဲ့ ၅၀-၇၅%မှာ မကောင်းဘူးဆိုတဲ့ LDL က မတရားမြင့်နေတာမျိုး မတွေ့ရပါဘူး။ နှလုံးဖောက်တာဟာ အကြောင်းတခုထဲကြောင့် ဖြစ်တတ်တာမျိုး မဟုတ်ပဲ သွေးတိုး၊ ဆီးချို၊ ဆေးလိပ်သောက်တာ၊ မျိုးရိုးရှိတာ၊ စားသောက်နေထိုင်ပုံ စတဲ့ အခြားအကြောင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

နှလုံးဖောက်သူအများအပြားမှာ ပုံမှန်ကိုလက်စ်ထရောရှိကြပေမယ့် သွေးတွင်းအဆီတမျိုးဖြစ်တဲ့ triglyceride နဲ့ သူ့ကိုသယ်ဆောင်တဲ့ VLDL ကိုလက်စ်ထရောက သွေးကြောတွေထဲမှာ သံချေးတက်စေ ချိုးကပ်စေတဲ့အတွက် နှလုံးသွေးကြောကျဥ်း/ပိတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ Triglyceride နဲ့ VLDL ဟာ တိုက်ရိုက်အချိုးကျတဲ့အတွက် Triglyceride နံပါတ်ကို ၅နဲ့စားပြီး VLDL ကို တွက်ယူနိုင်ပါတယ်။ ဆေးစစ်ချက်တွေမှာ Triglyceride  ၁၅၀အောက်နဲ့ VLDL ၃၀အောက်ကို ပုံမှန်လို့ ယူကြပေမယ့် အကောင်းဆုံး optimal နံပါတ်က triglyceride ၁၀၀အောက်နဲ့ VLDL ၂၀အောက် ဖြစ်ပါတယ်။

Triglyceride ဖြစ်ပေါ်လာပုံက အချိုတွေစားလိုက်တဲ့အခါ ခန္ဓာကိုယ်က သကြားကို ဂလူးကို့စ်နဲ့ ဖရုတို့စ်အဖြစ် ခွဲပစ်ပြီး သွေးကြောထဲကို ဝင်ရောက်သွားစေပါတယ်။ အသည်းက ပိုနေတဲ့ သကြားတွေကို triglyceride အဖြစ် ပြောင်းကာ သွေးထဲကို အဆီဓါတ်အဖြစ် ထည့်ပေးလိုက်ပါတယ်။ အဲဒီအဆီကို စွမ်းအင်အဖြစ် သုံးရင်သုံး၊ မဟုတ်ရင် body fat အဖြစ် သိမ်းထားပါလိမ့်မယ်။ ဆီးချိုရှိတဲ့ သူတွေရဲ့ ၇၀% လောက်ဟာ triglyceride မြင့်နေတတ်ကြပြီး အကျိုးပြု HDL နဲနေတတ်ကြပါတယ်။

နှလုံးဖောက်နိုင်ခြေကို ပြနိုင်တဲ့ နောက်တမျိုးက High sensitivity CRP ဆိုတဲ့ ရောင်ကိုင်းခြင်း အညွှန်းကိန်း ဖြစ်ပါတယ်။ သူ့ကိုလည်း သွေးဖောက်ပြီး စစ်ဆေးနိုင်ပါတယ်။ နှလုံးဖောက်တာ အတော်များများက နာတာရှည် ရောင်ကိုင်းခြင်းကြောင့် ဖြစ်ရတဲ့အတွက် အခုလိုစစ်ထားခြင်းက ဖြစ်နိုင်တဲ့အကြောင်းတွေထဲကတခုကို ပြသနိုင်ပါတယ်။ Mayo Clinic က hs-CRP ၂နဲ့ အထက်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပြီး နှလုံးဖောက်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

နာတာရှည်ရောင်ကိုင်းခြင်းနဲ့ နှလုံးဖောက်တာ ဘယ်လိုပတ်သက်နေသလဲဆိုတာ လွယ်လွယ်ပြောရရင် ရောင်ရမ်းနေတဲ့ သွေးလွှတ်ကြောတွေထဲမှာ ကပ်နေတဲ့ ကြေးညှော်ပျော့ပျော့တွေဟာ အလွန်အမင်း ရောင်ရမ်းလာတဲ့အခါမှာ မီးတောင်တလုံးလိုပေါက်ကွဲပြီး သွေးလွှတ်ကြောတွေထဲကို ပြည်တွေ မှုတ်ထုတ်လိုက်ပါတယ်။ အဲဒီပြည်တွေက သွေးကိုခဲစေတော့ သွေးခဲကြီးလာတဲ့အခါ နှလုံးသွေးကြောပိတ်ပြီး လေဖြတ်တာ၊ နှလုံးဖောက်တာတွေ ဖြစ်စေတယ်လို့ Dr. Ford Brewer က ရှင်းပြထားပါတယ်။

ရင်ဘတ်အောင့်ပြီး နှလုံးသွေးကြောပိတ်ချင်နေပြီဆိုရင် ချောင်းပြင်းပြင်းဆိုးလိုက်ပါလို့ အရင်က အင်တာနက်ပေါ်မှာ ပြန့်နေတာ တွေ့ခဲ့ဖူးပါတယ်။ အဲဒါကို ရှာကြည့်တော့ မဟုတ်ပါဘူးတဲ့။ ယုံတမ်းစကားပါတဲ့။ အခုမတွေ့တော့တာကြာပြီဖြစ်ပေမယ့် အမှားကြီးမှတ်မိနေမှာစိုးလို့ ထည့်ရေးလိုက်တာပါ။

နှလုံးဖောက်တဲ့ လူနာကို 911 ခေါ်ထားတုန်း ရင်ဘတ်ကို ဖိနှိပ်ပြီး နှလုံးနှိုးတဲ့နည်း (CPR)နဲ့ ကူညီလို့ ရနိုင်မလားဆိုရင် နှလုံးဖောက်တယ်ဆိုတာက နှလုံးမခုန်တော့တာမဟုတ်ပဲ နှလုံးက ခုန်နေလျက်နဲ့ သွေးကြောတွေက ပိတ်ဆို့သွားတဲ့ သွေးလည်ပတ်မှု/ ပိုက်ပြဿနာဖြစ်ပြီး နှလုံးရပ်တယ်ဆိုတာက ကိုယ်တွင်းလျှပ်စစ်တွန်းအားတွေ မှားယွင်းရာက နှလုံးခုန်မမှန်/ ရပ်တံ့သွားတဲ့ ပြဿနာဖြစ်တဲ့အတွက် CPR လုပ်စရာ မလိုပါဘူး။ လူနာက နှလုံးဖောက်တဲ့ လက္ခဏာတွေ ရှိနေသည့်တိုင် သတိရှိနေတယ်၊ အသက်ရှူနေသေးတယ်၊ သွေးခုန်နှုန်းရှိနေသေးတယ်ဆိုရင် CPR မလုပ်ရပါဘူး။ စကားမေးမရ၊ အသက်လည်းမရှူတော့တဲ့အခါကျမှ ချက်ချင်း CPR နဲ့ နှလုံးနှိုး၊ လေမှုတ်ထည့်ပေးရမှာဖြစ်ပါတယ်။

ကိုယ့်အနားမှာ တယောက်ယောက် နှလုံးဖောက်တဲ့လက္ခဏာတွေ ဖြစ်နေတာနဲ့ ကြုံလာရရင် ဘယ်လိုကူညီနိုင်မလဲဆိုတော့

၁။ အရင်ဆုံး 911 ခေါ်ပေးပါ။ သက်သာလာမလား စောင့်ကြည့်မနေပါနဲ့၊ ချက်ချင်းခေါ်ပါ။ အဖော်ရှိရင် အဖော်ကို 911 ခေါ်ခိုင်းပြီး ကိုယ်က လူနာနားမှာနေပါ။

၂။ လူနာသက်တောင့်သက်သာအနေအထားဖြစ်အောင် ထိုင် (သို့) ဒူးနဲ့ ကျောကို ထိန်းပေးထားပြီး အမှီနဲ့ ထိုင်ပါစေ။

၃။ အသက်ရှူရလွယ်အောင် အဝတ်အစားတွေ ကြယ်သီး ခါးပတ်တွေဖြုတ်ပြီး ဖြေလျော့ပေးပါ။

၄။ နှလုံးရောဂါရှိလားမေးပါ၊ ရင်ဘတ်အောင့်လို့ ဆေးသောက်နေရသူဆိုရင် ဆေးပါလာလားမေးပြီး ပါလာရင် ဗူးပေါ်က ဆရာဝန်ဆေးညွှန်းအတိုင်း တိုက်ပါ၊ (သို့) 911 ခေါ်ပါ။

၅။ လူနာက သတိရှိတယ်၊ ဆေးမြိုနိုင်တယ်ဆိုရင် 911 က အော်ပရေတာကို အက်စ်ပရင်ပေးလို့ ရမလား မေးကြည့်ပါ။ လူနာက အက်ပရင်နဲ့ ဓါတ်မတည့်တာမျိုး မရှိဘူး၊ သွေးထွက်သံယိုမရှိဘူး၊ လဲကျထားလို့ အတွင်းသွေးယိုနေတာမျိုး မရှိဘူးဆိုရင် လူကြီးသောက် 300mg ၁လုံး (သို့) ဘေဘီအက်စ်ပရင် ၂လုံး ဝါးစားခိုင်းပါ။ (အက်ပ်စရင်က သွေးကြဲစေတဲ့အတွက် ပိတ်ဆို့နေတဲ့ သွေးကြောတွေထဲ သွေးပြန်စီးဆင်းဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ )

၆။ လူနာရဲ့ အသက်ရှူတာနဲ့ တုန့်ပြန်တာတွေကို သေချာစောင့်ကြည့်ပါ။ သတိလစ်/ အသက်ရှူရပ်သွားရင် CPR လုပ်ပေးဖို့ အဆင်သင့်ရှိနေပါစေ။

Leave a comment