အမေရိကန်ဘက်က အီရန်ရဲ့ ဒုံးကျည်သိုလှောင်ရုံတွေ၊ ပစ်ခတ်လွှတ်တင်ရာနေရာတွေကို အရှိန်အဟုန်မြှင့် ဗုံးကြဲနေသလိုပဲ အီရန်ကလည်း အဘရာဟင်လင်ကွန်းလေယာဥ်တင်သင်္ဘောကြီးကို ဒုံကျည် ၁၁၁စင်း ပစ်ခတ်ခဲ့ပါတယ်။ ကွာတာက အီရန်မှာ လေကြောင်းကာကွယ်ရေးစနစ်ရော ကိုယ့်ကိုကိုယ်ခုခံကာကွယ်နိုင်စွမ်းပါ ဖျက်ဆီးခံထားရတော့ အမေရိကန်တွေရဲ့ တိကျတဲ့ ပစ်ခတ်မှုတွေဟာ တလုံးဆိုတလုံး ထိရောက်တာဖြစ်ပါတယ်။ သူတို့မှာ အကာအကွယ်ဆိုလို့ သဘာဝ ကပေးထားတဲ့ ကျောက်တောင်တွေပဲ ရှိတော့တာပါ။ လင်ကွန်းသင်္ဘောကြီးကတော့ သူ့ဆီ ပစ်သမျှ ဒုံး ၁၁၁ စင်းလုံးကို လွယ်လင့်တကူ ဖျက်ချနိုင်ခဲ့ပါတယ်။
အမေရိကန်စစ်သင်္ဘောကို ပစ်တာမအောင်မြင်တဲ့ အီရန်တပ်တွေဟာ ကူဝိတ်၊ ဘာရိန်းနဲ့ ဂျော်ဒန်တို့မှာ ရှိတဲ့ အမေရိကန်စစ်စခန်းတွေကို လှမ်းပစ်ခဲ့ပါတယ်။ အမေရိကန်တိုက်တိုင်း အီရန်က အဲဒီလို အရှက်ပြေ ပြန်ဆော်တာ ထုံးစံပါ။ ဒါပေမယ့် ကျည်ကုန်တာပဲရှိတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒေါသတွေကို ထွက်ပေါက်ပေးလိုက်တာလည်း ပါတော့ ပါတာပေါ့။ အရှေ့အလယ်ပိုင်းတခွင်မှာ ဘယ်သူမှ ရန်ဖက်မဖြစ်ချင်တဲ့ စစ်အင်အားကြီးဘဝကနေ အမေရိကန်နဲ့ အစ္စရေးပြုသမျှ လှိမ့်ခံနေရတဲ့ ဘဝကို အခဲမကြေဖြစ်နေမှာတော့ သေချာတယ်လေ။
အီရန်အမတ်တဦးက အမေရိကန်ကို လက်စားချေရာမှာ တိုင်းပြည်ရဲ့ အခြေခံ အဆောက်အဦတွေ ပျက်စီးမှု၊ အထွေထွေ ရှားပါးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း၊ ပြည်သူတွေအနေနဲ့ အဲဒီလိုပေးဆပ်မှုတွေ ပြုလုပ်ဖို့ အဆင်သင့် ပြင်ဆင်ထားရမှာဖြစ်ကြောင်း အားတက်ဖွယ်ပြောကြားသွားပါတယ်။ အဲဒီလိုပြောပြီး မကြာပါဘူး၊ အမေရိကန်က ထိုးနှက်မှုတွေ တိုးမြှင့်လာခဲ့ပြီး အရင်က ညဖက်ပဲ ဗုံးကြဲရာက အခုဆို နေ့ဖက်မှာပါ မြင်သာထင်သာပစ်မှတ်တွေဖြစ်တဲ့ အီရန်တောင်ပိုင်း ဟော်မုဇ်နားက အချက်အချာဆိပ်ကမ်းမြို့ဖြစ်တဲ့ Bandar Abbas က တံတား ၃ခု၊ Iranshahr လေဆိပ်နဲ့ Qeshm ကျွန်းက ပစ်မှတ်တွေကို ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။
နေ့ဖက်မှာပါ ဗုံးကြဲလာတဲ့အဓိပ္ပါယ်က အီရန်ဘက်မှာ ချောင်းပစ်မယ့်ဒုံး/ဒရုန်းတွေကို မှုစရာမလိုတဲ့ အဓိပ္ပါယ် ဖြစ်ပါလိမ့်မယ်။ ခုဆို ဗုံးကြဲလာတာ ၇ညရှိပြီဖြစ်ပြီး တညထက်တည ပိုပြီးအရှိန်အဟုန် မြှင့်လာတာပါ။ တံတားတွေကို ပြည်သူတွေအတွက် ရှောင်ခဲ့ရာက တရုပ်/ရုရှားကနေ လက်နက်တင်သွင်းရာ ပြည်တွင်းပို့ဆောင်တာတွေမှာ ပိုသုံးနေတော့ အကြမ်းဖက်လုပ်ရပ်တွေကို အရှိန်လျော့ဖို့အတွက် ဖျက်ခဲ့ပုံရပါတယ်။
တံတားတွေပြီးရင်တော့ ပါဝါပလန့်တွေအလှည့်ပါတဲ့။ ပါဝါပလန့်တွေမရှိရင် လက်နက်ထုတ်ဖို့ အများကြီးအဟန့်အတား ဖြစ်သွားမှာပါ။ ခုလို အကြီးအကျယ် ခံနေရတော့မှ အီရန်ထဲက သိပ်အစွန်းမရောက်သူတွေက အမေရိကန်ကို စိန်ခေါ်ခဲ့တဲ့ အမာလိုင်းသမား တွေကို ပြင်းပြင်းထန်ထန် ဝေဖန်လာကြပြီး တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် သံတမန်ရေးဟာ လိုအပ်ချက်တရပ် ဖြစ်လာပြီ လို့ ပြောလာကြပါပြီ။
အခုလို တံတားတွေ၊ လမ်းတွေ၊ ရထားလမ်းတွေ၊ ဟော်မုဇ်က သင်္ဘောအသွားအလာကို စောင့်ကြည့်တဲ့ တာဝါတွေကို ဖျက်ဆီးတဲ့အကြောင်းနောက်တခုက မြေပြင်စစ်ပွဲအတွက် ပြင်ဆင်နေတာများလားလို့ တချို့က ခန့်မှန်းနေကြပါတယ်။ သမ္မတထရမ့်ကတော့ မြေပြင်စစ်ပွဲ ရှိကောင်းရှိမယ်၊ ဒါပေမယ့် အမေရိကန်တပ်တွေ ဝင်တိုက်မယ်ဆိုတာထက် ကိုယ်စားတိုက်ပေးမယ့်သူတွေ ရှိတယ်လို့ ဆိုပါတယ်။ မာကိုရူဘီယိုကို ကာ့ဒ်တွေကို လက်နက်တပ်ဆင်ပေးမှာလားဆိုတော့ အမေရိကန်ကတော့ တပ်ဆင်ပေးမှာမဟုတ်ဘူး၊ အစ္စရေးကတော့ မပြောတတ်ဘူးလို့ ဖြေပါတယ်။ အရင်တခါပို့ထားတဲ့ လက်နက်တွေ အီရန်ပြည်သူတွေ မရောက်တာရော၊ ကာ့ဒ်တွေက နယ်စပ်တွေမှာ ပျံ့နှံ့ပြီး နေကြသူတွေ ဖြစ်တော့ တိုက်ခိုင်းပြီးရင် နယ်မြေတောင်းလာမှာကို တူရ်ကီက အာဒိုဝမ်က စိုးရိမ်တဲ့အတွက် သမ္မတထရမ့်ကို နားချခဲ့တာရောကြောင့် ကာ့ဒ်တွေနဲ့ လက်မတွဲတော့တာ ဖြစ်နိုင်ပါတယ်။
သမ္မတထရမ့်က လွှတ်တော်ကို အီရန်အပေါ်တိုက်ခိုက်မှုတွေ ပြန်လည်စတင်နေပြီဖြစ်ကြောင်း အသိပေးလိုက်ပြီး စစ်ရေးပစ်မှတ်တွေအပြင် လက်နက်သယ်ယူရာမှာ အသုံးပြုတဲ့ တံတား၊ ရထားလမ်း၊ လေဆိပ် စတာတွေကို တိုးမြှင့်ဖျက်ဆီးခဲ့ပါတယ်။ Isfahan ခရိုင်က Natanz နျူစက်ရုံနဲ့ ကီလိုမီတာအနည်းငယ်ပဲဝေးတဲ့ Pickaxe ဂရက်နိုက် ကျောက်တောင်ရဲ့အောက်မှာ ဘန်ကာဘတ်စ်တာ ဗုံးဒဏ် ခံနိုင်အောင် အခိုင်အမာဆောက်လုပ်ထားတဲ့ မြေအောက်ကွန်ယက်ကိုပါ ဗုံးကြီးတွေနဲ့ ကြဲကောင်းကြဲနိုင်တယ်လို့ သမ္မတထရမ့်က ပြောသွားပါတယ်။ ကျောက်တောင်ကို မထိုးဖောက်နိုင်ပေမယ့် ဝင်ပေါက်ထွက်ပေါက်တွေကို ဗုံးကြီးကြီးချပြီး ပိတ်ပစ်မယ်လို့ ဆိုတာပါ။ အီရန်ဘက်က နျူစစ်ဆေးသူတွေ ဝင်ခွင့်မပြုရင် ပြောခဲ့သလိုတိုက်ခိုက်မယ်လို့ သတိပေးလိုက်တာပါ။
ဇန်နဝါရီလ လူထုဆန္ဒပြမှုတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့နောက် ဧပြီနဲ့ မေမှာ ARA Research က ပြုလုပ်ခဲ့တဲ့ စစ်တမ်းပေါ်အခြေခံပြီး အီရန်သမ္မတရုံးရဲ့ What Iran Wants ဆိုတဲ့ လျှို့ဝှက်အစီရင်ခံစာ ပြီးခဲ့တဲ့အပတ်က ပေါက်ကြား လာပါတယ်။ အဲဒီစာမှာ ပြည်သူ့ဒေါသက ဘယ်နိုင်ငံနဲ့မှ မတူအောင် အမြင့်မားဆုံး ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ အီရန်ပြည်သူ ၁၀ဦးမှာ ၉ဦးက အပြောင်းအလဲကို လိုချင်တယ်လို့ ပါရှိပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေကို အကြံပြုချက်မှာတော့ ဒေါသဖြစ်ရခြင်းအကြောင်းရင်း တွေကို ဖြေရှင်းပေးဖို့ မပါရှိပဲ အဲဒီဒေါသကိုပဲ နိုင်အောင် ကိုင်တွယ်ဖို့ ပါရှိပါတယ်။
အဲဒီစစ်တမ်းမှာ လက်ရှိအတိုင်းထားဖို့၊ ပြုပြင်ပြောင်းလဲဖို့၊ နက်နက်ရှိုင်းရှိုင်းပြုပြင်ပြောင်းလဲဖို့နဲ့ စနစ်တခုလုံး လုံးဝ အသစ်ပြောင်းပစ်ဖို့ဆိုပြီး ရွေးစရာ ၄ခုပေးထားတာမှာ ၉% ကပဲ လက်ရှိအတိုင်း ထားချင်တာ ဖြစ်ပါတယ်။ ခုအချိန်ရကပလုပ်ရင် ဘယ်သူနိုင်မယ်ထင်ပါသလဲ။
ဒီတခါမှာ အရင်ကနဲ့မတူတဲ့ အမေရိကန်ရဲ့တောင်းဆိုမှုတခုအကြောင်း ဖတ်လိုက်ရပါတယ်။ အဲဒါက အီရန်တွေ အရပ်ဖက်သင်္ဘောတွေကို ပစ်ခတ်တာ မှားပါတယ်လို့ ကမ္ဘာသိ ဝန်ခံခိုင်းတာပါ။ ခက်တာက ကွယ်ရာမှာသာ ကောင်းပီကောင်းရဲ့နဲ့ လက်မှတ်ထိုး၊ ပြီးတာနဲ့ မီဒီယာပေါ်တက်ပြီး လေပွတော့တာပါပဲ။
အစ္စရေးနဲ့ လက်ဘနွန်တို့က ဟဇ်ဘိုလာကို လက်နက်စွန့်စေဖို့ ပိုင်းလော့ဇုံ ၂ခုနဲ့ စတင်မယ်လို့ သဘောတူညီထားကြပါပြီ။ အဲဒီဇုံတွေမှာ လက်ဘနွန်တပ်တွေက ဝင်လာမှာဖြစ်ပြီး အစ္စရေးက တဖြည်းဖြည်း တပ်ရုပ်ဖို့ ဖြစ်ပါတယ်။ ဆီးရီးယားက အီရတ်ဘက်ကနေ ဟဇ်ဘိုလာတွေအတွက် ဒရုန်းတွေ တာဝေးပစ်ဒုံးကျည်တွေ တင့်ကားပစ်ဒုံးကျည်တွေကို တင်ဆောင်လာတဲ့ ထရပ်ကားတစီးကို ကြားဖြတ်ရပ်တံ့စေခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယားတို့ကို အချုပ်အခြာအာဏာကို ချိုးဖောက်နေတဲ့ အဆိုပါကိစ္စကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။
မော်ရိုကိုကလည်း အစ္စရေးနဲ့ ပုံမှန်ဆက်ဆံမယ့် Abraham Accords ကို လက်မှတ်ထိုးလိုက်ပြီး ဟာမာ့စ်အလွန် ဂါဇာကမ်းမြှောင်ကို တပ်တွေစေလွှတ်ဖို့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။
အီဂျစ်က အစ္စရေးနဲ့ စီးပွားရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားနေပြီး အရင်လအနည်းငယ်တုန်းက အစ္စရေးဆီက ၁၅နှစ်ခန့်အတွင်း သဘာဝဓါတ်ငွေ့ ၁၃၀ဘီလီယံ ကုဗစ်မီတာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၅ဘီလီယံဖိုး ဝယ်ယူဖို့ စာချုပ်ခဲ့ပြီးဖြစ်ပါတယ်။
သမ္မတထရမ့်ကို အီရတ်ဝန်ကြီးချုပ်က လာရောက်တွေ့ဆုံအပြီးမှာ အမေရိကန်ရေနံကုမ္ပဏီ Chevron နဲ့ အီရတ်က KBR တို့ ပူးပေါင်းပြီး အီရတ်က ရေနံတွင်း ၂ခုကို ဝင်ရောက်ဖို့နဲ့ ရလာမယ့်ရေနံတွေကို မြေထဲပင်လယ်ဘက်သို့ ပိုက်နဲ့ပို့နိုင်ဖို့အတွက် လိုအပ်တဲ့ လေ့လာမှုတွေ ပြုလုပ်ဖို့ MOU ထိုးလိုက်ကြပြီ ဖြစ်ပါတယ်။
အီရန်က ဒီတချီမှာ အိမ်နီးချင်းပင်လယ်ကွေ့နိုင်ငံတွေကို တိုက်ခိုက်မှုတွေ ပြုခဲ့ပေမယ့် ပါကစ္စတန်ကို လုံခြုံရေးစာချုပ်ချုပ်ပြီး ငှားရမ်းထားတဲ့ ဆော်ဒီကို ကွင်းချန်ထားခဲ့တာ ဒီနေ့အဆုံးသတ်သွားပါပြီ။ နောက်ဆုံး တက်လာတဲ့သတင်းမှာ ဆော်ဒီက အမေရိကန်စစ်စခန်းကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ လှမ်းဆော်တယ်လို့ တွေ့ပါတယ်။
ဒီနေ့ ကူဝိတ်ရဲ့ လျှပ်စစ်ဓါတ်အားပေးစက်နဲ့ ရေငံကရေချိုပြောင်းတဲ့ စက်ရုံကို ပစ်ခတ်ခဲ့လို့ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လျှပ်စစ်ထုတ်လုပ်တဲ့ ယူနစ်အချို့ ပျက်စီးသွားခဲ့ပါတယ်။ အဲဒါကြောင့် ကူဝိတ်လျှပ်စစ်၊ ရေနဲ့ ပြန်လည်ဆန်းသစ်နိုင်တဲ့စွမ်းအင်ဝန်ကြီးက အရေးပေါ်အစီအစဥ်တွေကို စတင်ခဲ့ရပြီး ပြည်သူတွေကို ရေနဲ့ လျှပ်စစ်ချွေတာဖို့ တိုက်တွန်းထားရပါတယ်။ အမေရိကန်က ခုထိ ပါဝါပလန့်နဲ့ ရေချိုစက်ရုံတွေကို မပစ်ရသေးပါဘူး။ တခြားပစ်မှတ်တွေပစ်ရင်းနဲ့ ပါဝါတိုင်တချို့ ထိသွားတာလောက်ပဲ ရှိတာပါ။
အမေရိကန်က ကူဝိတ်ဆီကို ဆက်တိုက်တိုက်ခိုက်နေတဲ့ အီရန်ဒုံးတွေရန်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ Patriot ဒုံးခွင်းဒုံံးတွေ ပေးထားတယ်ဆိုတဲ့ သတင်းတက်လာတာ ၃ရက်ပဲ ရှိပါသေးတယ်။ အခြေမကျခင် ပစ်လို့ ထိတာလား၊ ပဲ့ထိန်းဒုံးကျည်တွေကို ဖျက်ချနေတုန်းမှာ ရောလွှတ်လိုက်တဲ့ အနိမ့်ပျံဒရုန်းတွေကိုပါ ဖျက်ချဖို့ ခက်ခဲလို့ ထိသွားတာလား၊ ဖျက်ချရာက ထွက်လာတဲ့ အစိတ်အပိုင်းတွေ ထိလို့လားတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ဘက်က စပြီဆိုတော့လည်း အမေရိကန်က ၂ဆတိုးပြီး ပြန်ဒဏ်ခတ်မယ် ထင်ပါတယ်။
အမေရိကန်/ဂျူးမနိုင် အီလွန်မဲ အီရန်အစိုးရပိုင်မီဒီယာက အရှေ့အလယ်ပိုင်းက အီလွန်ရဲ့ ကုမ္ပဏီတွေကို စစ်ရေးပစ်မှတ်တွေအဖြစ် တိုက်ခိုက်သွားမယ်လို့ ကြေငြာသွားပါတယ်။ အဲဒီထဲမှာ အစ္စရေး၊ ကာတာ၊ ဂျော်ဒန်၊ ယူအေအီးနဲ့ အိုမန်က Starlink Ground Stations တွေ ပါဝင်ပါတယ်။ အဲဒီစတေရှင်တွေက အာကာသထဲက စတားလင့်ခ်ဂြိုလ်တုတွေနဲ့ မြေပြင်ပေါ်က ဖိုင်ဘာအော့ပ်တစ် ကွန်ယက်တွေကို ပေါင်းကူးပေးပြီး ဒေသတခွင်ကို မြန်နှုန်းမြင့်အင်တာနက်ပေးတာ ဖြစ်ပါတယ်။ အီလွန်က အဖိနှိပ်ခံ အီရန်ပြည်သူတွေ လွတ်မြောက်ဖို့ကြိုးစားရာမှာ အထောက်အကူဖြစ်နိုင်ဖို့ အခမဲ့ ပေးသုံးခဲ့တာပါ။ ဒါပေမယ့် အီရန်မှာ စတားလင့်ခ်ကို တရားမဝင်သတ်မှတ်ထားပြီး အင်တာနက် ဆစ်ဂ်နယ်တွေကို ဖျက်၊ သုံးစွဲသူတွေကို နှောက်ယှက်၊ ဖမ်းဆီးတာတွေ လုပ်နေတာဖြစ်ပါတယ်။