သောက်ြာနေ့က ဂျော်ဒန်မှာရှိတဲ့ အမေရိကန်စစ်စခန်းကို အီရန်ဘက်က ပဲ့ထိန်းဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့နောက်မှာ အမေရိကန်စစ်သည် ၂ဦးကျဆုံးသွားပြီး တဦးပျောက်ဆုံးနေပါတယ်။ စစ်သည် ၄ဦးကို ထိခိုက်ဒဏ်ရာ ရ/မရ ဂျော်ဒန်ဆေးရုံမှာ ခေတ္တစစ်ဆေးပေးခဲ့ရပြီး ဒဏ်ရာအနည်းငယ် သာရတဲ့ စစ်သည်တွေကတော့ တာဝန်ပြန်လည်ထမ်းဆောင်နေကြပါပြီ။ ကျဆုံးစစ်သည် ၂ဦးအကြောင်း မိသားစုတွေကို အကြောင်းကြားပြီး ၂၄နာရီကြာပြီးမှသာ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြန်မယ်လို့ CENTCOM က တင်ထားပါတယ်။
အရင်နေ့ကလည်း ဂျော်ဒန်က အမေရိကန်လေကြောင်းတိုက်ခိုက်ရေးတပ်တွေ ထားရှိတဲ့ အဆိုပါစစ်စခန်းမှာ အာမီက ၁၀ဦး၊ နေဗီက ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန်သွေး မြေကျပြီ ဆိုတော့ သမ္မတကြီးရဲ့ သည်းခံနိုင်မှုက အဆုံးသတ်ပြီး အဆများစွာ ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လာတော့မှာဖြစ်ပါတယ်။ အခုလို စစ်ရှိန်မြင့်လာတဲ့အချိန်မှာ အမေရိကန် နိုင်ငံခြားရေးဌာနက အမေရိကန်တွေအနေနဲ့ အရှေ့အလယ်ပိုင်းကို သွားရောက်ဖို့ အစီအစဥ်ရှိရင် ပြန်စဥ်းစားကြဖို့ တိုက်တွန်းထားပါတယ်။
အီရန်အပေါ် ၈ညဆက်တိုက် တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ၈ညမြောက်မှာ ကမ်းခြေစောင့်ကြည့်ရေး စခန်းတွေ၊ လေကြောင်းကာထောက်ကူပစ္စည်းတွေ၊ ရေကြောင်းသွားလာမှုကို ထိန်းချုပ်နိုင်မယ့် စွမ်းရည်တွေ၊ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေကို အီရန်ရဲ့ စစ်စွမ်းရည်လျော့ချဖို့အတွက် ဖျက်ဆီးပစ်ခဲ့ပါတယ်၊ ဒါ့အပြင် မနေ့က ဂျော်ဒန်က အမေရိကန်တပ်တွေကို တိုက်ခိုက်ခဲ့တဲ့ IRGC တပ်တွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ် လို့ CENTCOM က ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်းမှာ အမေရိကန်စစ်သည် ကျား/မ ပေါင်း ၅သောင်းကျော်ရှိပြီး အားလုံးက အသင့်အနေအထားနဲ့ ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အရင်က အီရန်ရဲ့ စစ်ရေးစွမ်းရည် ကျဆင်းအောင် လက်နက်တွေကိုပဲ အဓိကထား ဖျက်ဆီးခဲ့ပေမယ့် အရပ်ဖက်ပစ်မှတ်တွေကို တိုးမြှင့်တိုက်ခိုက်လာတဲ့နောက် လမ်း/တံတားတွေပါ ပါလာပြီး စစ်သည် ကျဆုံးမှု ရှိလာတော့မှ ရန်သူပစ်မှတ်တွေကို တိုက်ခိုက်လာခဲ့တာပါ။
ဒီလထဲမှာ ပြန်စတဲ့ တိုက်ခိုက်မှုတွေမှာ အစ္စရေးတပ်တွေ မပါတော့ပဲ အမေရိကန်တပ်တွေသီးသန့် တိုက်ခိုက်နေတာဖြစ်ပါတယ်။ အစ္စရေးမပါတာက တလောက လက်ဘနွန်မှာ အစ္စရေးက အမေရိကန်စီစဥ်တာ နားမထောင်ပဲ ဟဇ်ဘိုလာလာစတိုင်း ဆတိုးကိန်းနဲ့ လက်တုန့်ပြန်နေခဲ့လို့ သမ္မတထရမ့်က ဘီဘီကို ပြင်းပြင်းထန်ထန် ပြောခဲ့တာနဲ့ ဆက်စပ်နေနိုင်ပါတယ်။ သမ္မတထရမ့်က အီရန်ရဲ့ ပရောက်ဆီတွေကို ခွဲထုတ်ဖို့ ကြိုးစားနေချိန်ဖြစ်လို့ အဲဒီနိုင်ငံတွေနဲ့ ပတ်သက်ရင် ထိန်းထိန်းသိမ်းသိမ်း လုပ်စေချင်ပုံ ရပါတယ်။ အစ္စရေးကတော့ အီရန်က သူတို့ကိုလာပစ်ရင်တော့ မဖြစ်မနေ လက်တုန့်ပြန်မယ်လို့ ဆိုထားပါတယ်။
အမေရိကန်က အီရန်အပေါ် တိုးမြှင့်တိုက်ခိုက်နေသလိုပဲ အီရန်က ဂျော်ဒန်၊ ကူဝိတ်နဲ့ ဘာရိန်းက အမေရိကန်ပစ်မှတ်တွေကို ပိုမိုတိုးမြှင့် တိုက်ခိုက်လာနေပါတယ်။ IRGC Aerospace Force က ကွန်မန်ဒါ Seyed Majid Mousavi က ပင်လယ်ကွေ့က အာရပ်နိုင်ငံတွေ အပေါ် ပိုမိုပြင်းထန်စွာ သတိပေးလိုက်ပြီး အီရန်ရဲ့ နောက်ဆုံးအကြိမ်သတိပေးမှုကို အလေးအနက်ထားဖို့ အကြံပြုလိုက်ပါတယ်။ အမည်မဖော်လိုတဲ့ အီရန်လုံခြုံရေးအရာရှိတဦးက အမေရိကန်က အီရန်ရဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်လာခဲ့ရင် ဒူဘိုင်းနဲ့ အဘူဒါဘီ လေဆိပ်တွေရော၊ Fujairah နဲ့ Jebel Ali ဆိပ်ကမ်းတွေကပါ လူတွေအမြန်ဆုံး ရှောင်ပြေးကြဖို့ သတိပေးထားပါတယ်။
IRGC က ပြည်ပမှာ အဲဒီလိုခြိမ်းခြောက်နေပေမယ့် ပြည်တွင်းမှာကျတော့ Supreme National Security Council က မီဒီယာ ထုတ်ဝေသူတွေနဲ့ အယ်ဒီတာတွေကို အရပ်ဖက် အဆောက်အဦတွေနဲ့ အခြေခံအဆောက်အဦတွေ ပျက်စီးတာကို ထိန်းထိန်းသိမ်းသိမ်း သတင်းပို့ကြဖို့ (တတ်နိုင်သလောက် ဖုံးဖိထားဖို့)နဲ့ အရေးကြီးတဲ့သတင်းတွေ မပါစေဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။ အကြောင်းပြချက်ကတော့ ရန်သူရဲ့တိုက်ခိုက်မှုက ထိရောက်တယ်ဆိုတာ ရန်သူကို မသိစေချင်လို့ပါတဲ့။ ကျန်းမာရေးဌာနနဲ့ အရေးပေါ်ဌာနကလွဲလို့ ပြည်သူဘယ်လောက်ထိခိုက်သွားတယ်ဆိုတာ မသိစေရဘူးလို့ ဆိုပါတယ်။
အီရန်ဆူပရင်းမ်ခေါင်းဆောင်ရဲ့ စစ်ရေးအကြံပေး Mohsen Rezaei က အမေရိကန်ဟာ အီရန်နဲ့ အပစ်ရပ်ကာလကို အကြောင်းပြပြီး စစ်လက်နက်တွေ တိုက်ရေယာဥ်တွေ၊ ဝေဟင်ဆီဖြည့် လေယာဥ်တွေ ပြန်လည်ဖြည့်တင်းနေတယ်လို့ မနေ့က အစိုးရတီဗီကနေ ပြောသွားပါတယ်။ လူရွှင်တော်ကို မှားပြီး စစ်ရေးအကြံပေးခန့်မိထားသလားပါပဲ။
သူ့ဆရာ ဆူပရင်းမ်ခေါင်းဆောင်ကြီးကလည်း လူလုံးသာ ထွက်မပြရဲတာ၊ သူ့လက်ရေးနဲ့ ရေးတယ်လို့ ပြောထားတဲ့ စာက ထွက်လာပါတယ်။ စာထဲမှာ “စေတန်ကြီးက နားလည်မှုကို အကြိမ်ကြိမ် ဖောက်ဖျက်တာဟာ အမေရိကန်သမ္မတရဲ့ လက်မှတ်က ဘယ်လောက်တန်ဖိုးမရှိတာကို ပြတာပါ” လို့ ဆိုပါတယ်။ ဘူလီလုပ်တယ်၊ နယ်ချဲ့တယ်၊ ရက်စက်ကြမ်းကြုတ်တယ်လို့လည်း စွပ်စွဲသွားပြီး အမေရိကန်က သရုပ်သကန်အစစ်ကို ပြလိုက်တဲ့နောက် အီရန်က မမေ့နိုင်တဲ့ သင်ခန်းစာမျိုး ပေးရဦးမှာပေါ့လို့ ခြိမ်းခြောက်သွားပါတယ်။
မီဒီယာမှာသာ အခုလို ခြိမ်းခြောက်နေပေမယ့် ဖောက်စ်က ထရေရင့်စ်နဲ့ ၁၄ရက်နေ့က အင်တာဗျူးမှာ ထရေရင့်စ်က အီရန်နဲ့ အဆက်အသွယ် ရှိနေသေးသလားလို့ မေးခဲ့ပါတယ်။ သမ္မတထရမ့်က အီရန်ဘက်က ဆွေးနွေးဖို့ တချိန်လုံး ဆက်သွယ်နေတာ ပြီးခဲ့တဲ့ တနာရီလောက်ကပဲ နောက်ဆုံးဆက်သွယ်လာတာလို့ ဆိုပါတယ်။ ရှေ့မှာခြိမ်းခြောက် နောက်ကွယ်မှာ ဆွေးနွေးဖို့ပြော ဆိုတော့ ဘာကိုယုံကြရမှာပါလဲ။
အီရန်ရဲ့ တိုက်ခိုက်မှုက အရပ်ဖက်ပစ်မှတ်တွေ ထိလာတဲ့အပေါ် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ GCC နိုင်ငံတွေက ပြစ်တင်ရှုတ်ချလိုက်ပြီး သူတို့အဖွဲ့အနေနဲ့ ဘာရိန်း၊ ကူဝိတ်နဲ့ ဂျော်ဒန်တို့ရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လိုအပ်တာတွေ ဆောင်ရွက်မယ့်အပေါ် အဆိုပါနိုင်ငံတွေနဲ့ အတူရပ်တည်သွားမယ်လို့ ကြေငြာသွားပါတယ်။
IRGC က ဟော်မုဇ်ကို ဖြတ်သန်းမယ့် သင်္ဘောတွေကို ခြောက်လှန့်တဲ့အနေနဲ့ ရေနံတင်သင်္ဘောကြီး ၂စီး ဟော်မုဇ်က နိုင်ငံတကာရေပိုင်နက်မှာ မိုင်းထိပြီး ပေါက်ကွဲသွားတယ်လို့ ဆိုပါတယ်။ CENTCOM က အဲဒီသတင်းက IRGC ရဲ့ တခြားထုတ်လွှင့်ချက်တွေလိုပဲ အမှားကြီးပါလို့ ပယ်ချသွားပါတယ်။
အမေရိကန်တပ်တွေက အီရန်ဆိပ်ကမ်းတွေကို ဆက်လက်ပိတ်ဆို့ထားတာမှာ အခုထိ ကုန်သင်္ဘော ၅စီးကို လှည့်ပြန်ခိုင်းလိုက်ပြီး ၁စီးကို ပစ်ခတ်ပြီး ဆက်မသွားနိုင်အောင် လုပ်ခဲ့ရပါတယ်။ ပစ်ခတ်ခဲ့တဲ့ ၁စီးက ၁၅ရက်နေ့က အီရန်မှာ ရေနံတင်ဖို့ သွားနေတဲ့ Curacao အလံတင် M/T Belma ဖြစ်ပြီး အကြိမ်ကြိမ်သတိပေးတာကို လစ်လျူရှုပြီး ဆက်မောင်းနေခဲ့တဲ့အတွက် Hellfire ဒုံးကျည်တွေနဲ့ သင်္ဘောခေါင်းတိုင်ကို ပစ်ခတ်ခဲ့တာပါ။
အမေရိကန်တပ်တွေကို အားဖြည့်ဖို့ ဒါဇင်နဲ့ချီတဲ့ တိုက်လေယာဥ်တွေနဲ့ ဝေဟင်ဆီဖြည့်ပေးတဲ့ လေယာဥ်တွေ ထပ်မံရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒဏ်ရာရစစ်သည်တွေကိုလည်း ဆေးဘက်လေယာဥ် medevac ၃စီးနဲ့ လာရောက်ခေါ်ဆောင်သွားခဲ့ပါပြီ။ အီရန်က တံတား အနည်းဆုံး ၆ခုလည်း ပျက်စီးသွားပြီဖြစ်ပြီး အစိုးရမီဒီယာအဆိုအရ လူ ၇-၈ဦး သေဆုံးပြီး အချို့ ဒဏ်ရာရရှိသွားကြပါတယ်။
အီရတ်မှာ Chevron က ဝင်တော့မှာဖြစ်လို့ ပရောဂျက်တွေအတွက် ငွေကြေးပိုင်းအဆင်ပြေစေရန် JP Morgan က ဘဏ်ခွဲတခုဖွင့်လှစ်မှာဖြစ်တယ်လို့ အီရတ်ဝကခရုံးက ကြေငြာသွားပါတယ်။ သမ္မတထရမ့်ရဲ့ စစ်ပွဲတွေအစား အားလုံးအကျိုးအတွက် စီးပွားရေးလုပ်ကြဖို့အစီအစဥ်မှာ အီရန်ရဲ့ proxy တွေ ကျက်စားတဲ့ နေရာတွေ အများကြီး ပါလာရင် အီရန်အတွက် အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဖို့ နယ်ကျဥ်းသွားမှာက ကြိုဆိုရမယ့်ကိစ္စတခုပါပဲ။
ကိုလံဘီယာနိုင်ငံက အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထူထောင်မယ့်အပြင် ဂျေရုဆလင်မှာ သံရုံးဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် တောင်အာဖရိကက အစ္စရေးကို ICJ မှာ စွဲထားတဲ့ အမှုအပေါ် ဝင်စွက်တာကနေလည်း ရုပ်သိမ်းပေးမယ်လို့ ဆိုပါတယ်။ အရင်က အစ္စရေးနဲ့ သံဆက်ဆံရေးရော လက်နက်ဝယ်ယူမှုတွေပါ ရှိခဲ့ရာက လက်ဝဲသမ္မတ Gustavo Petro လက်ထက်မှာ ရပ်ဆိုင်းလိုက်တာပါ။ အစိုးရသစ် ဩဂုတ် ၇ မှာတက်မှာဖြစ်လို့ အဲဒီအတွက် စီစဥ်နေတာဖြစ်ပါတယ်။