Operation Epic Fury (103)

စစ်ပြန်လည်စတင်တဲ့ ၁၀ညမြောက်ညမှာ အမေရိကန်က တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပြီး အီရန်ဘက်ကလည်း ဂျော်ဒန်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့သလို ဘာရိန်းနဲ့ ကူဝိတ်ကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ သမ္မတထရမ့်က အီရန်အနေနဲ့ အမေရိကန်စစ်သည်တဦးကို သတ်တိုင်းသတ်တိုင်း အဆပေါင်းများစွာ ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့ ကျုံးဝါးသွားပြီး စစ်ရေးဝက၊ တပ်ပေါင်းချုပ်ဥက္ကဋ္ဌနဲ့ စစ်ဘက်ခေါင်းဆောင်တွေဆီ ညွှန်ကြားချက် ပေးအပ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အရင်နေ့က ကျဆုံးသွားတဲ့ အမေရိကန်စစ်သည် ၂ဦးမှာ တဦးက တက္ကဆက်စ်က ၁၉နှစ်သမီး Pvt. Isbella Gonzales ဖြစ်ပြီး နောက်တဦးက ဟာဝိုင်အီက အသက် ၂၅နှစ်သား 1st Lt. Tyler James Feehan ဖြစ်ပါတယ်။ ဂျော်ဒန်မှာ အမည်မသိလူရုပ်ကြွင်းတခု တွေ့ရတဲ့အတွက် ပျောက်ဆုံးစစ်သည်ရဲ့ ရုပ်ကြွင်းဖြစ်မလားလို့ စစ်ဆေးနေကြပါတယ်။ အီရတ်မြောက်ပိုင်းက အမေရိကန်စစ်သည် တဦး ဟာလည်း အီရန်ဘက်က မပေါက်ပဲ ပြုတ်ကျလာတဲ့ တလမ်းသွားဒရုန်းကို ထိန်းပြီးဖောက်ခွဲဖို့ ကြိုးစားစဥ်မှာ သေဆုံးသွားခဲ့ပြီး နောက်တဦးက အနည်းငယ်ဒဏ်ရာရသွားပါတယ်။ ကျဆုံးစစ်သည် တွေကို ဗုဒ္ဓဟူးနေ့မှာ အခမ်းအနားနဲ့ အမိမြေကို ပြန်လည်သယ်ဆောင်လာမှာ ဖြစ်ပါတယ်။

အမေရိကန်တပ်တွေက အီရန်ရဲ့ space & missile facility ရှိတဲ့ Tabriz ဒေသကို ပစ်မှတ်ထားပြီး အကြီးအကျယ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဖိုက်တာဂျက်တွေကို တိုးမြှင့်ချထားပြီး ဒါဇင်နဲ့ချီတဲ့ အမေရိကန် ဝေဟင်ဆီဖြည့် လေယာဥ်တွေ အစ္စရေးကို ရောက်ရှိလာတဲ့အပြင် ထပ်မံရောက်ရှိဦးမယ်လို့ သိရပါတယ်။ ဒီလအစောပိုင်းကတဲက အရှေ့အလယ်ပိုင်းမှာ အားဖြည့်ထားတဲ့ သင်္ဘောတွေမှာ ကမ်းတက်ယာဥ်အုပ်စုတွေ ပါတဲ့အတွက် လိုအပ်လာခဲ့ရင် အဆင်သင့်ဖြစ်နေပုံရပါတယ်။

ဒီတကြိမ်စစ်ပွဲမှာ မပါသေးတဲ့ အစ္စရေးက အီရန်ရဲ့ လှုပ်ရှားမှုတွေအကုန်လုံးကို စောင့်ကြည့်နေကြောင်း နဲ့ ပြန်ဝင်တိုက်ဖို့ အသင့်ရှိနေကြောင်း IDF အကြီးအကဲ Lt. Gen. Eyal Zamir က ပြောသွားပါတယ်။ သူတို့စောင့်ကြည့်တဲ့ထဲမှာ ပင်လယ်နီဒေသက ဂျော်ဒန်ဆိပ်ကမ်းမြို့ဖြစ်တဲ့ Aqaba ကို ပစ်ခတ်ခဲ့တာ ပါဝင်ပြီးနောက် အစ္စရေးလေ/ကာစနစ်ကို အဆင်သင့်ပြင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အီရန်ဘက်က အမေရိကန်တောင်းဆိုချက်တွေကို ပယ်ချခဲ့ရင် အမေရိကန်က အစ္စရေးကို ပူးပေါင်းတိုက်ခွင့်ပြုဖို့ မီးစိမ်းပြမယ်လို့ နောက်ဆုံးသတင်းမှာ ဖော်ပြထားပါတယ်။

အစ္စရေးစောင့်ကြည့်တဲ့ထဲမှာ ဆူပရင်းမ်လီဒါ မော့တာဘာဟာ ပြည်တွင်းမှာပဲ ရှိနေသေးပေမယ့် အားအင်မရှိ၊ ပုန်းကွယ်နေရပြီး ထုတ်ပြန်ချက်တွေ ညွှန်ကြားချက်တွေအတွက် အာမက် ဗဟီဒီအပေါ် အားကိုးနေရတယ်လို့ ဆိုပါတယ်။ အဲဒီကြေငြာချက်က အစ္စရေးထလရကို ကိုးကားတယ်ဆိုတဲ့ ဆော်ဒီရဲ့ သတင်းဖြစ်တဲ့ မော့တာဘာဟာ အီရန်မှာ မရှိတော့ဘူးဆိုတဲ့ သတင်းနဲ့ ကွဲလွဲနေပါတယ်။

မော့တာဘာဆီက လာတယ်ဆိုတဲ့ မက်ဆေ့ချ်မှာ “သူဟာ မူအားဖြင့် မတူညီတဲ့ အမြင် ရှိပေမယ့် အမေရိကန်နဲ့ MOU ကို လက်ခံတယ်” လို့ ပါတဲ့အတွက် အမာလိုင်းတချို့က ဝေဖန်နေကြပါတယ်။ အာရာ့ချီကတော့ ဆူပရင်းမ်လီဒါက အီရန်အနေနဲ့ စစ်ဆင်နွှဲမလား၊ အပစ်ရပ် ဆွေးနွေး မလားဆိုတာကို နောက်ဆုံး ဆုံးဖြတ်ချက်ပေးသူဖြစ်တယ်လို့ ပြောလိုက်ပြီး ဂါလီဘတ်ဖ် ကတော့ ဆူပရင်းမ်လီဒါရဲ့ အမိန့်ကို နာခံကြဖို့နဲ့ ရန်သူကို ရင်ဆိုင်တဲ့နေရာမှာ စည်းလုံးကြဖို့ တိုက်တွန်း သွားပါတယ်။ အခု MOU ကို ဖျက်လိုက်ပြီဆိုတော့ ဆူပရင်းမ်လီဒါကို အတော်နာခံကြပုံပါပဲ။

အီရန်နိုင်ငံခြားဝက အာရာ့ချီက အခုလို နှစ်ဖက်ပစ်ခတ်မှုတွေ ပြင်းထန်နေပေမယ့် ဆွေးနွေးပွဲကတော့ လုပ်ရမယ်လို့ ပြောသွားပြီး သူ့ဌာနက ပြောရေးဆိုခွင့်ရှိသူကလည်း ပဋိပက္ခကျယ်ပြန့်မလာစေဖို့ ကြားဝင်ညှိနှိုင်းပေးသူတွေရဲ့ အဆိုပြုချက်တွေ ရရှိထားတယ်လို့ ဆိုပါတယ်။ အဲဒီအဆိုပြုချက်က MOU ကို ပြန်လည်အသက်သွင်းဖို့အတွက် ၁၀ရက်ကြာ အပစ်ရပ်ဖို့ဖြစ်ပါတယ်။

သုံးသပ်သူတဦးက အီရန်မှာ ဂါလီဘတ်ဖ်တို့ အာရာ့ချီတို့က ဆွေးနွေးဖို့ ဆန္ဒရှိသူ (သို့) အစွန်းမရောက်သူတွေအဖွဲ့နဲ့ ဆွေးနွေးပွဲပြီးတိုင်း လှမ်းကန့်ကွက်ပြီး တောပြောတောင်ပြောနဲ့ ထထပစ်တဲ့အဖွဲ့လို့ ၂ဖွဲ့ကွဲနေသလိုလို လူတွေကထင်အောင် လုပ်ထားတာဖြစ်ကြောင်း၊​ တကယ်တော့ အားလုံးက တကျိတ်တည်း တဉာဏ်တည်းဖြစ်ကြောင်း၊ အဲဒါသည်ပင် သူတို့လုပ်နေကျပုံစံဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အီရန်အမတ်တဦးရဲ့ ခန့်မှန်းချက်မှာတော့ အမေရိကန်ဟာ ဟော်မုဇ်ကို ထိန်းချုပ်အပြီးမှာ မြေပြင်စစ်ပွဲကို တောင်ဖက်၊​ အနောက်ဖက်နဲ့ အရှေ့ဖက်ကနေ ဝင်လာနိုင်ကြောင်း ပြောသွားပါတယ်။ မြောက်ဖက်မှာ ကက်စ်ပီယန်ပင်လယ်နဲ့ ရုရှား/ယခင်ဆိုဗီယက်နိုင်ငံတွေပဲ ရှိတာဆိုတော့ သူရဲ့ ပစ်မလွဲခန့်မှန်းချက်က မမှားနိုင်ဘူးပေါ့လေ။ အီရန်ကလည်း နိုင်ငံတကာမျက်နှာစာမှာ သူတို့ထိန်းချုပ်စရာ ဟော်မုဇ်ပဲကျန်တာရော ရေနံစီးဆင်းမှုနဲလို့ ဈေးတက်ရင် ထရမ့်ကို ဖိအားပေးနိုင်ပြီလို့ တွက်တာရော ဆိုတော့ အဲဒါကိုပဲ မရအရ စွဲကိုင်ထားဦးမှာပါ။

အီရန်က အခုတချီမှာ ကူဝိတ်ကို ဖိတိုက်နေတဲ့ သဘောက ကူဝိတ်မှာ အမေရိကန်တပ်အင်အား အတော်များတာရယ်၊ အီရန်နဲ့လည်း ကပ်နေတာရယ်၊ သူ့ရဲ့ စွမ်းအင်၊ လျှပ်စစ်နဲ့ ရေအခြေခံ အဆောက်အဦတွေက နေရာကျဥ်းကျဥ်းလေးမှာ တစုတစည်းထဲ ရှိနေတာရယ်၊ အီရန်ကတိုက်လို့ သူ့စစ်တပ်နဲ့သူ ချက်ချင်း လက်တုန့်ပြန်ိနုင်မယ့်နိုင်ငံ မဟုတ်တာရယ်ကြောင့် အမေရိကန်ကို ဖိအားပေးဖို့ အကောင်းဆုံးပစ်မှတ်ဖြစ်နေကြောင်း The Institute for National Security Studies က သုံးသပ်ထားပါတယ်။

နောက်ဖြစ်နိုင်တာတခုက အမေရိကန်တပ်တွေ ရှိနေလည်း မင်းတို့ကို ကာကွယ်ပေးလိမ့်မယ်လို့ အာမမခံနိုင်ပါဘူး၊ အီရန်အတွက် အကျိုးရှိမယ်ဆိုရင် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် သူတို့ရဲ့ပစ်မှတ် ဖြစ်လာလိမ့်မယ်လို့ ကျန်တဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ပြချင်တာ ဖြစ်ပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေ တနိုင်ငံချင်းတုန့်ပြန်နေလို့ကတော့ ချော့တာပဲဖြစ်ဖြစ်၊ စေ့စပ်ဆွေးနွေးတာပဲဖြစ်ဖြစ်၊ စစ်ကို တားဖို့/ ရှောင်ဖို့ ကြိုးစားတာပဲဖြစ်ဖြစ် အီရန်က ပိုဖိလာမှာပါပဲ။ အဲဒါကြောင့် GCC နိုင်ငံတွေအနေနဲ့ တနိုင်ငံကို ထိရင် အားလုံးကို ထိတယ်လို့ သဘောထားပြီး ညီညီညွတ်ညွတ် တုန့်ပြန်ကြဖို့၊ လေကြောင်း ကာကွယ်ရေး၊ ထလရနဲ့ စစ်ဆင်ရေးတွေမှာပါ အတူတကွ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြဖို့၊ ဒါမှ အီရန်ရဲ့ တွက်ကိန်းပြောင်းသွားမှာလို့ INSS က အကြံပြုထားပါတယ်။

အစ္စရေးက ဂါဇာကမ်းမြှောင်က မြေအောက်လှိုဏ်ခေါင်းကွန်ယက်တွေကို ဖျက်ဆီးပစ်လိုက်ပြီး နောက်ပိုင်း ဟာမာစ်တွေက သူတို့ရဲ့ ဗျူဟာကွန်မန်းနေရာတွေကို တူရ်ကီသို့ အဓိကထားပြီး ရွှေ့ပစ်ခဲ့ပါတယ်။ ဟာမာ့စ်က ပါလက်စ်တိုင်းမွတ်ကလာရစ်တဦးနဲ့ တခြားမွတ်ဘရားသားဟွတ်ဝင်တွေ ပေါင်းပြီး ၁၉၈၇မှာ တည်ထောင်ထားတာပါ။ တူရ်ကီနဲ့ ကာတာတို့က မွတ်ဘရာသာဟွတ်ကို အဓိက ထောက်ပံ့ပေးနေတာဖြစ်လို့ တူရ်ကီက အကြမ်းဖက်ဟာမာ့စ်ကို လက်ခံပေးထားတာ အံ့ဩစရာ မရှိပါဘူး။ မွတ်ဘရားသားဟွတ်က ၁၉၇၀ခုနှစ်တွေမှာ သွေးထွက်သံယိုအကြမ်းဖက်လမ်းစဥ်ကို စွန့်လွှတ်ကြောင်း ကြေငြာခဲ့ပေမယ့် နောက်ပိုင်းမှာ တဖက်လှည့်နဲ့ ဟာမာ့စ်ကို ဖွဲ့စည်းပေးထားတာပါ။

အစ္စရေးရဲ့ သူလျိုလုပ်ခဲ့သူလို့ သတင်းထွက်ခဲ့ဖူးတဲ့ အီရန်သမ္မတဟောင်း အာမာဒီနာဂျာဒ်က နျူက မကောင်းလို့ အီရန်မပိုင်သင့်ဘူးဆိုရင် အမေရိကန်မှာဘာလို့ ရှိနေရတာလဲ၊ အီရန်မှာ ဘာလို့ မရှိရမှာလဲ လို့ မေးခွန်းထုတ်လိုက်ပါတယ်။ နျူစွမ်းအင်က ကောင်းပါတယ်၊ အဲဒါကြောင့်လည်း အစ္စရေးက အီရန် နျူစွမ်းအင်စက်ရုံထောင်မယ်ဆို ကူညီမယ်လို့ ပြောခဲ့တာပေါ့။ နျူလက်နက်ကတော့ မတူပါဘူး။ လူသားမျိုးနွယ်တခုလုံးအတွက် ပြဿနာရှိတဲ့အရာပါ။ အီရန်မပိုင်သင့်ဘူးဆိုတာက ထစ်ကနဲရှိ လက်နက်အားကိုးနဲ့ အကြမ်းဖက်တတ်တဲ့သူကို သေနတ်ပေးမကိုင်သင့်သလိုပါပဲ။ သမ္မတထရမ့် ပြောသလိုပေါ့၊ သူတို့က ရှိရင် သုံးမယ့်သူတွေတဲ့။ နိုင်ငံကြီးတွေမှာ နျူလက်နက်ဆိုတာ ခြောက်လှန့်ရုံ ကိုင်ပြထားကြတာပါ။ တကယ်သုံးဖို့ဆိုတာက တော်တော်ကြီးအဆင်အခြင်မဲ့တဲ့သူက စပစ်မှပဲ ဖြစ်လာမှာပါ။

နောက်ဆုံးတက်လာတဲ့ သတင်းမှာ ယီမင်က ဟူသီစစ်သွေးကြွတွေက ဆော်ဒီရေနံပို့လို့မရအောင် ပင်လယ်နီဘက် တလျောက်ကို ချက်ချင်း ပိတ်ဆို့ထားမှာဖြစ်ကြောင်း ကြေငြာသွားပါတယ်။ ဆော်ဒီက ယီမင်အစိုးရကို နောက်ခံပေးထားပြီး ဟူသီတွေအပိုင်စီးထားတဲ့ လေဆိပ်နဲ့ သင်္ဘောဆိပ်တွေကို ပိတ်ဆို့ဖို့ ကြိုးစားတာကို တုန့်ပြန်တဲ့အနေနဲ့ အခုလိုဆောင်ရွက်ရတာလို့ ဆိုပါတယ်။ ယီမင်အစိုးရက Sanaa လေဆိပ်ကို အများပြည်သူတရားဝင်ပြန်လည်သုံးစွဲနိုင်အောင် ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်းနဲ့ ဟူသီတွေက မြို့တော်လေဆိပ်ကို သူတို့ခေါင်းဆောင်တွေသုံးဖို့အတွက် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာထဲက ဖဲ့ထုတ်နေတယ်လို့ စွပ်စွဲသွားပါတယ်။

အီရန်ရဲ့ လက်တုန့်ပြန်မှုကို အများဆုံးခံရတဲ့ တနိုင်ငံဖြစ်တဲ့ ယူအေအီးက ဟော်မုဇ်ကို ဖြတ်ဖို့မလိုပဲ အိုမန်ပင်လယ်ကွေ့ကနေ ရေနံတင်ပို့နိုင်မယ့် ပိုက်လိုင်းကို အလျင်အမြန် တည်ဆောက်နေတာ ၅၀%ကျော် ပြီးစီးနေပြီဖြစ်ပြီး လာမယ့် ၂၀၂၇ခုနှစ်မှာ စတင်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ Fujairah ဆိပ်ကမ်းကနေ ပို့ကုန် ၂ ဆတိုးပြီး တနေ့ကို စည် ၁.၈သန်း တင်ဖို့ဖို့ ရည်မှန်းထားတာပါ။

ဒီနေ့ညနေမှာ အီရန်က ပြင်သစ်သံရုံးဝန်ထမ်း ၂ဦးဟာ နာရီအတန်ကြာထိန်းသိမ်းခံခဲ့ရပြီး ၁ဦးက ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတယ်လို့ ပြင်သစ်နိုင်ငံခြားဝက Jean-Noel Barrot က ပြောသွားပြီး ဒါဟာ သူတို့ရဲ့ သံတမန်ကင်းလွတ်ခွင့်ကို သိသိသာသာ ချိုးဖောက်လိုက်တာပဲလို့ ဆိုပါတယ်။ အဲဒီသံရုံးဝန်ထမ်း ၂ဦးကို ပြန်မလွှတ်ခင်မှာ စစ်ကြောမေးမြန်းခဲ့ပြီး အခုတော့ ပြင်သစ်ကို ပြန်ဖို့စောင့်နေတယ်လို့ သိရပါတယ်။ အဲဒီ ၂ဦးဟာ အီရန်ဟာ အနုပညာနဲ့ သိပ္ပံပညာ စတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းကို အထောက်အပံ့ဖြစ်တဲ့ အစီအစဥ်တွေကို ဦးဆောင်နေတာဖြစ်ပါတယ်။ အစိုးရက ကြောက်ပြနေရင်တော့ အခုလိုပဲ ဆက်ဆံခံရမှာပါ။

Leave a comment