Operation Epic Fury (104)

ဒီနေ့မှာ သမ္မတထရမ့်က အီရန်အပေါ် ရာဇသံပေးလိုက်ပါပြီ။ အခုကစပြီး ဟော်မုဇ်ကို ဖြတ်သွားတဲ့ သင်္ဘောတစီးကို ဒုံး/ဒရုန်း/ဘာလက်နက်နဲ့ပဲဖြစ်ဖြစ် ပစ်ခခတ်ခဲ့ရင်  မြို့တော်တီဟီရန်နားက (သို့) ထဲက တံတားတွေ ပါဝါပလန့်တွေ အပါအဝင် တံတားတစင်း (သို့) ပါဝါပလန့်တခု ဗုံးကြဲ ဖျက်ဆီးခံရမယ် ဆိုတဲ့ ရာဇသံပါ။ ဒီရာဇသံဟာ ရှင်းနေတဲ့အတွက် နားလည်မှုလွဲသယောင်ယောင်နဲ့ ဝါးချ ဘွာခတ်လို့ ရမှာမဟုတ်ပါဘူး။​

အမေရိကန်က စစ်သည်တွေ ဆုံးရှုံးလိုက်ရပြီးတဲ့နောက် သမ္မတထရမ့်က “ငရဲပြည်ပို့မယ့် တံခါးတွေ အကုန်ဖွင့်ပေးလိုက်” လို့ CENTCOM ကို ညွှန်ကြားထားပြီး ဗုံးတွေနဲ့ တနိုင်ငံလုံး သိမ့်သိမ့်တုန်အောင် တိုက်ခိုက်လျက်ရှိပါတယ်။ အီရန်က အရမ်းအရမ်းကို တွေ့ဆုံဆွေးနွေးချင်နေပါပြီတဲ့။ သမ္မတရော မာကိုရောက အီရန်တွေ အရင်လို ရှုံ့ချီနှပ်ချီဆက်လုပ်နေမယ်ဆိုတာ သိတဲ့အတွက် အဓိပ္ပါယ်ရှိရှိ တွေ့ချင်တာမျိုးကလွဲရင် ငါတို့ စိတ်မဝင်စားဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ အရင်လို အရူးလုပ်လို့မရပဲ တကယ်ကို ခိုင်ခိုင်မာမာ တခုခုကမ်းလှမ်းနိုင်မှ စဥ်းစားပေးမယ်ဆိုတဲ့ သဘောပါ။

ပါကစ္စတန်က အီရန်နဲ့ ကြားဝင်စေ့စပ်ပေးတဲ့အတွက် ၁၀ဘီလီယံကို Bilateral Exchange Stabilization Support Facility အဖြစ် ၅နှစ်အတွင်းပေးဖို့ အမေရိကန်ကို တောင်းထားပါတယ်။ ပါကစ္စတန်ဘဏ္ဍာရေးဝကက အမေရိကန်ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်နဲ့ တွေ့ဆုံစဥ်မှာ အခုလို တောင်းဆိုတဲ့စာကို ပေးအပ်လိုက်တာဖြစ်ပါတယ်။ အီရန်က သူတို့စကားနားထောင်လို့ သူတို့ရဲ့ ကြားဝင်စေ့စပ်မှုက အောင်မြင်တယ်ဆိုရင်တောင် ပေးဖို့ တန်ချင်တန်ပါဦးမယ်၊ အခုလို အောင်မြင်မှု မရှိတဲ့ စေ့စပ်မှုမျိုးကို ပိုက်ဆံတောင်းတာက မျက်နှာပြောင်လွန်းတယ်လို့ ထင်ပါတယ်။

တူရကီရဲ့ အနောက်မြောက်နယ်စပ်နဲ့ ကပ်နေတဲ့ ဘူလ်ဂေးရီးယားနိုင်ငံက သူ့နိုင်ငံပိုင်နက်ကို အီရန်စစ်အတွက် အမေရိကန်ရဲ့ ဝေဟင်ဆီဖြည့်လေယာဥ်တွေ အသုံးပြုခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။ စပိန်၊ ပြင်သစ်၊ ဩစတီးယားနဲ့ အီတလီတို့က သူတို့နိုင်ငံထဲက စစ်စခန်းတွေရော ဝေဟင်ပိုင်နက်ကိုပါ အီရန်စစ်အတွက် အမေရိကန်ကို အသုံးပြုခွင့်ပေးဖို့ ငြင်းပယ်ထားတာပါ။ ဘူလ်ဂေးရီးယားက နေတိုးအဖွဲ့ဝင်ဖြစ်လို့ အီရန်က တိုက်မယ်ဆိုရင် ဒါဟာ နေတိုးတဖွဲ့လုံးရဲ့ ပြဿနာဖြစ်လာနိုင်ပေမယ့် ပိတ်ထားတဲ့နိုင်ငံတွေနဲ့စာရင် ဘူလ်ဂေးရီးယားက အီရန်နဲ့ ပိုနီးတာဆိုတော့ အမေရိကန်တပ်တွေ အတွက် ပိုအဆင်ပြေမှာပါ။

အီရန်ရဲ့ သဘောထားတင်းမာသူ အမတ် Hamid Rasaei က ဂါလီဘတ်ဖ်ကို သူလက်မှတ်ထိုးလိုက်တဲ့ MOU ဟာ အမေရိကန်အပေါ် လက်တုန့်ပြန်မှုကို ဟန့်တားထားတဲ့အတွက် အဲဒီလို ဘာမှလှုပ်လို့မရတဲ့ အခြေအနေက ကျည်တချက်မဖောက်ရပဲ အာဏာသိမ်းတာမျိုးအထိ ဖြစ်သွားနိုင်တယ်လို့ စွပ်စွဲလိုက်ပါတယ်။ အဲဒီ MOU က ခြိမ်းခြောက်မှုအမြဲရှိနေစေချင်တယ်၊ အဲဒီလိုရှိနေသ၍ လွှတ်တော်ခေါ်ရင်လည်း လုံခြုံမှုမရှိဘူးဆိုတာနဲ့ ခေါ်လို့မရ၊ တရားရေးကလည်း သူ့အလုပ်သူမလုပ်နိုင်၊ အစိုးရယန္တရား မလည်ပတ်နိုင်ဆိုရင် အာဏာအကုန်လုံးကို (တဦး/တဖွဲ့ဆီ) စွန့်လွှတ်လိုက်ရမယ့်ပုံ ဖြစ်နေတယ်၊ ဒါက လှလှလေး အာဏာသိမ်းသလိုဖြစ်အောင် အုတ်မြစ်ချနေတာလို့ ဆိုပါတယ်။

တကယ်တော့ MOU ကို လက်မှတ်ထိုးတာက သမ္မတထရမ့်နဲ့ မော့တာဘာခါမေနီတို့ပါ။ ဒါပေမယ့် မော့တာဘာက လူလုံးမပြနိုင်ပဲ IRGC ခေါင်းဆောင် အာမက်ဗာဟီဒီက ချယ်လှယ်နေတာ ဖြစ်နိုင်တဲ့အတွက် IRGC က အာဏာအားလုံးကို အုပ်စီးချင်နေသလိုမျိုး ပြောချင်တာဖြစ်နိုင်ပါတယ်။ အီရန်ပြည်သူဘက်က ကြည့်ရင်တော့ ဖိနှိပ်ခံက ဖိနှိပ်ခံပဲဖြစ်လို့ ဘာမှသိပ်ထူးခြားမယ်မထင်ပါဘူး။

ဟူသီတွေက ဆော်ဒီသင်္ဘောတွေကို ပင်လယ်နီကနေ အာရေဗျပင်လယ်ဘက် မထွက်နိုင်အောင် တားဆီးထားမယ်ဆိုတဲ့ ခြိမ်းခြောက်မှုအပြီးမှာ ဆော်ဒီခေါင်းဆောင်တဲ့ မဟာမိတ်တွေက Bab-el-Mandeb ရေလက်ကြားကိုဖြတ်ဖို့ သင်္ဘောတွေမှာ အစောင့်အရှောက်တွေ ထားရှိဖို့ စလုပ်နေပြီဖြစ်ပြီး တိုက်ခိုက်လာခဲ့ရင် အင်နဲ့အားနဲ့ တုန့်ပြန်မယ်လို့ ကြေညာလိုက်ပြီး သင်္ဘောတွေလည်း သွားလာနေဆဲလို့ ဆိုပါတယ်။ နောက်သတင်းတပုဒ်မှာတော့ ဆော်ဒီရေနံတင်သင်္ဘော ၂စီးက အဲဒီရေလက်ကြားကို မဖြတ်ပဲ ပြန်လှည့်သွားတယ်လို့ ဆိုပါတယ်။ စူးအက်စ်တူးမြောင်းဘက်က လှည့်သွားမလို့ ဖြစ်ပါလိမ့်မယ်။

ဒီနေ့ လှုပ်ခတ်သွားတဲ့သတင်းတပုဒ်က အမေရိကန်နဲ့ ဆော်ဒီကြား အရပ်ဖက် နျူပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နဲ့ ၎င်းနဲ့အတူ ပူးတွဲပါလာတဲ့ နှစ်နိုင်ငံ လုံခြုံ/ကာကွယ်ဖို့ သဘောတူညီချက်ကို စွမ်းအင်ဝန်ကြီးနှစ်ဦး လက်မှတ်ထိုးလိုက်တဲ့သတင်းပါ။  စာချုပ်က နျူစွမ်းအင် စက်ရုံဆောက်ဖို့ဆိုပေမယ့် အရင်အရပ်ဖက်နျူစာချုပ်တွေလို တင်းကြပ်တဲ့ နျူမပြန့်ပွားရေး စံနှုန်း gold standard တွေ မပါတဲ့အတွက် နောက်ပိုင်း ဆော်ဒီက နျူသန့်စင်ဖို့ လုပ်လာနိုင်မလားလို့ စိုးရိမ်နေကြတာပါ။ ဒီကိစ္စကို လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲရဦးမှာ ဖြစ်ပါတယ်။ ဆော်ဒီကတော့ အီရန်က နျူလက်နက်ပိုင်ပြီဆိုတာနဲ့ သူတို့လည်း ရှိအောင်ကို လုပ်ရမယ်လို့ ပြောထားပါတယ်။ ဘယ်သူ့ဆီကဖြစ်ဖြစ် ရအောင်လုပ်မယ်ဆိုရင် ရုရှား၊ တရုပ်၊ မ/ကိုရီးယား ဘယ်ကရရ ယူမယ့်သဘောမျိုး ဖြစ်နေပါတယ်။

Leave a comment