မနေ့က သမ္မတထရမ့်က ကြေညာချက်တခု ထပ်ထုတ်ပါတယ်။ စာထုတ်တဲ့အချိန်ကစလို့ အီရန်အနေနဲ့ သင်္ဘော/ ကုန်/ ရေနံ စသည်ကို ပျက်စီးအောင်လုပ်ခဲ့သည်ရှိသော် အမေရိကန်က ထိန်းသိမ်းထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေထဲက ပေးလျော်သွားရမယ်၊ အပျက်အစီးက ကြီးရင်လည်း ကြီးနိုင်တယ်၊ ဒါပေမယ့် အဲဒီလို ပေးလျော်မှ မျှတမယ်လေလို့ ဆိုပါတယ်။
အဲဒီလို ပျက်စီးအောင် လုပ်ရင် လျော်ကြေးယူမယ်ဆိုတဲ့ထဲမှာ Bab-el-Mandab ရေလက်ကျားကို ဖြတ်တဲ့ ဆော်ဒီရေနံတင် သင်္ဘောနှစ်စီးကို ဟူသီတွေက ဒီနေ့ ဒုံးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာ ပါ/မပါ သေချာမသိရသေးပါဘူး။ ဟူသီတွေကို အောက်တိုဘာ ၇ နောက်ပိုင်းမှာကတည်းက ရေကြောင်း သွားလာမှုကို နှောက်ယှဥ်နေခဲ့လို့ အမေရိကန်က အတော်လေးအချိန်ယူဆုံးမထားတာကြောင့် အီရန်စစ်တလျောက်လုံး ငြိမ်နေခဲ့တာပါ။ ခါမေနီအသုဘကျမှ မပစ်ပါနဲ့ဆိုလို့ ခဏရပ်ပေးလိုက်တာမှာ အီရန်က ဟူသီတွေကို လေယာဥ်တွေနဲ့ လာပင့် ပြန်ပို့ရင်း လက်နက်တွေပါ ပို့ခဲ့လားမသိ၊ အခုလို တိုက်ခိုက်လာတော့တာပါပဲ။ ယီမင်မှာ သူတို့ရဲ့ လက်နက်စက်ရုံတွေမရှိတော့ အီရန်ကပို့မှ ရတဲ့အနေအထားပါ။
အီရန်က ဟော်မုဇ်နဲ့ ဘက်ပ်အယ်လ်မန်ဒက်ရေလက်ကြား ၂ခုကို ထိန်းလိုက်နိုင်ရင် ကမ္ဘာ့စွမ်းအင် အကြပ်အတည်းဖြစ်မယ်၊ အဲဒီလိုဖြစ်မှ ထရမ့်ကို ဖိအားပေးသလိုဖြစ်မှာဆိုတော့ အဲဒီ ၂ခုကို ထိန်းနိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားမှာပါပဲ။ အမေရိကန်က စွမ်းအင်ပိုလျှံတဲ့နိုင်ငံဖြစ်ပေမယ့် စွမ်းအင်ကို ပင်လယ်ကွေ့နိုင်ငံတွေက ဝယ်ယူနေရတဲ့ အီရန်ထက် စစ်အင်အားကြီးတဲ့ ဥရောပ ဆရာကြီးများက အီရန်အနိုင်ကျင့်သမျှ ငြိမ်ကုပ်နေတာနဲ့ ဒီမိုကရက်တွေ ပြည်တွင်းအကျိုးစီးပွားထက် အီရန်/ ရန်သူ ဘက်ကပဲ ပင်းချင်နေကြတာ သူတို့နောက်မှာ တူညီတဲ့ အကြောင်းရှိပါလိမ့်မယ်။ သူတို့အားလုံးက အမေရိကန်အကျိုးစီးပွားကို တက်ညီလက်ညီ တိုက်ခိုက်နေကြတာချင်းတော့ တူပါတယ်။
ရုရှားကလည်း ရေနံအကြပ်အတည်းဆူနာမီကြီးဖြစ်ပြီး ရေနံဈေးတွေ မတရားတက်လာတော့မယ်လို့ ခြိမ်းခြောက်သလို သတိပေးသလို ပြောထားတော့ သူလည်း တကျိတ်ထဲ တဉာဏ်ထဲ ဖြစ်နိုင်ပါတယ်။ ရေနံဈေးတက်ရင် သူပိုက်ဆံပိုရမယ်၊ ပင်လယ်ကွေ့နိုင်ငံတွေက ရေနံ ကမ္ဘာ့ဈေးကွက်ကို မစီးဆင်းနိုင်ရင် သူတို့ ပိုရောင်းရမယ်ဆိုတော့ ဖြစ်စေချင်မှာပါပဲ။ အီရန်က ငါတို့ရေနံမရောင်းရရင် ဘယ်သူမှ ရေနံမရောင်းရဘူးလို့ ကျုံးဝါးထားပြီး ဟော်မုဇ်က စစ်မဖြစ်ခင်ကလိုအခြေအနေမျိုး ဘယ်တော့မှ ပြန်မဖြစ်ရဘူးလို့ သတိပေးထားပါတယ်။ စွမ်းအင်အကြပ်အတည်းက လူသားတွေရဲ့ အကြပ်အတည်းဖြစ်လို့ အမေရိကန်က အဲဒီလိုအဖြစ်ခံမယ်လို့တော့ မထင်ပါဘူး။
တကယ်တော့ ဟော်မုဇ်ကို ထိန်းချုပ်ဖို့ကြိုးစားမှုက တခြားနိုင်ငံတွေထက် အီရန်ကိုပဲ ပိုထိစေတာပါ။ အီရန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက် တရုပ်က ပေါက်ဈေးနဲ့ ဘယ်ကရေနံသွားဝယ်ဝယ် ရနိုင်ပေမယ့် အီရန်က ရောင်းချင်သလောက် ရောင်းနိုင်တဲ့ အခြေအနေမရှိပါဘူး။ ဧပြီမှာ အီရန်က တရုပ်ကို တနေ့ စည် ၁.၇၄သန်း ရောင်းနေရပေမယ့် ဇူလိုင်အစောပိုင်းမှာ တနေ့ စည် ၅သိန်းခွဲလောက်ပဲ ရောင်းရပါတော့တယ်။ အခုဆို အဲဒီထက် ပိုနည်းနေနိုင်ပါတယ်။ အီရန်ရဲ့ ရေနံကို မှောင်ခိုရောင်းဖို့ သယ်ဆောင်ပေးနေတဲ့ သင်္ဘောရာဂဏန်းကိုလည်း အမေရိကန်က အရေးယူတော့မှာပါ။
အခုစစ်ထဲမှာ ဟူသီတွေက ဆော်ဒီသင်္ဘောတွေကို တိုက်ခိုက်လာပြီး စစ်ထဲကို ပါဝင်လာပြီဆိုတော့ ရှေ့ကို စစ်ပွဲက ကျယ်ပြန့်လာနိုင်တဲ့အတွက် အမေရိကန်က တပ်တွေ၊ ဆေးတပ်တွေ၊ လက်နက် ယာဥ် ယန္တရားတွေ တိုးချဲ့နေတာဖြစ်သလို အစ္စရေးကလည်း ဗုံးခိုကျင်းတွေအားလုံးကို အသင့်ဖွင့်ထားလိုက်ပြီ ဖြစ်ပါတယ်။ သမ္မတထရမ့်က Epic Fury ထက်ကို ကြီးမားတဲ့ တိုက်ခိုက်မှုမျိုး လာနိုင်တယ်လို့ ဆိုလိုက်ပြီး ဗုံးပေါင်ချိန် ၇၅၀၀၀ တင်ဆောင်နိုင်တဲ့ B-1 Lancer heavy bomber တွေဟာလည်း ယူကေကနေ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်နိုင်စွမ်းကို လာရောက်ဖျက်ဆီးနေပြီဖြစ်ပါတယ်။
ဇွန်လနှောင်းပိုင်းမှာ အီရန်က ကူဝိတ်နဲ့ ဘာရိန်းက အရပ်ဖက်ပစ်မှတ်တွေနဲ့ အခြေခံအဆောက်အဦ တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ဒီလအစောပိုင်းမှာ ကူဝိတ်နဲ့ ဘာရိန်းက အီရန်ရဲ့ ဒုံး/ဒရုန်း သိုလှောင်ရုံတွေကို လျို့ဝှက်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ဗုံးကြဲဖျက်ဆီးခဲ့ကြပါတယ်။ ကူဝိတ်နဲ့ ဘာရိန်းကို ဘယ်နေရာတွေပစ်ရမယ်ဆိုတာကို ယူအေအီးက သတင်းပေးတဲ့အပြင် လေကြောင်းကာကွယ်မှုပါ ပေးခဲ့တာပါ။ အီရန်အတွက် အများနဲ့တယောက် ဖြစ်လာနေပါပြီ။
အီရန်က အမေရိကန်လေတပ်စခန်းဖွင့်ဖို့ကို လက်ခံရင် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားသော်လည်း ဘူလ်ဂေးရီးယားသမ္မတက သူတို့ရဲ့ Bezmer လေတပ်စခန်းကို အမေရိကန်ရဲ့ စစ်ဆင်ရေးတွေအတွက် အသုံးပြုခွင့်ပေးဖို့ အတည်ပြုလိုက်ပါတယ်။
9/11 ဖြစ်ရပ်ပြီးတဲ့နောက် အမေရိကန်တွေက သူတို့ကို တိုက်ခိုက်ဖို့ အာဖဂန်နဲ့ အီရတ်ကို လာခဲ့ကြောင်း၊ အီရန်က အာဖဂန်တိုက်ခိုက်ရေးသမားတွေနဲ့ အီရတ်က Popular Mobilization Forces တွေကို အမေရိကန်တပ်တွေကို ရင်ဆိုင်ဖို့ လေ့ကျင့်ပေးထားကြောင်း၊ အဲဒါကြောင့် အမေရိကန်တွေ အာဖဂန်နဲ့ အီရတ်က ထွက်သွားရတာဖြစ်ကြောင်း အီရန်အမတ်နဲ့ IRGC ကွန်မန်ဒါဟောင်း Esmail Kowsari က ပြောသွားပါတယ်။ အနှစ် ၂၀နီးပါးကြာတဲ့ အဲဒီ ၂နိုင်ငံက စစ်ဆင်ရေးတွေမှာ အမေရိကန်တပ်သား ၇ထောင်ကျော် ကျဆုံးပြီး ၅သောင်းကျော် ဒဏ်ရာရခဲ့တာပါ။
အမေရိကန်တပ်တွေ ထွက်ခွာရတာတော့ ဝင်ကတည်းက မှားတာရယ်၊ ခေါင်းဆောင်မှု ညံ့ဖျင်းတာရယ် ကြောင့်လည်း ပါပါတယ်။ ကိုဆရီပြောသွားတဲ့ရည်ရွယ်ချက်က အီရန်ကို လာမတိုက်နဲ့ဆိုတဲ့ သဘောပါ။ အရင်ရက်ကမှ ဝါရှင်တန်ကို လာသွားတဲ့ အီရတ်ဝကခ Ali al-Zaidi က အီရန်သမ္မတကို မနေ့က သွားရောက်တွေ့ဆုံစဥ်မှာ အီရတ်ဝကခက အီရတ်နယ်မြေကို အသုံးပြုပြီး အီရန်ကို ခြိမ်းခြောက်တာတွေ ပြုလုပ်ဖို့ ဘယ်တော့မှ ခွင့်မပြုဘူးလို့ ပြောသွားပါတယ်။ နောက်ဆုံးသတင်းမှာ အီရန်က အမေရိကန်တပ်တွေ ရှိနေတဲ့ အီရတ်ကစစ်စခန်းနားမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ တွေ့ရပါတယ်။
ဆော်ဒီနဲ့ နျူသဘောတူညီချက်အကြောင်း မှန်းဆနေကြသူတွေကို သမ္မတထရမ့်က အဆိုပါ သဘောတူညီချက်ဟာ အီရန်တို့ UAE တို့လို အရပ်ဖက်သုံး (စွမ်းအင်ထုတ်)ဖို့သက်သက်အတွက်ကိုပဲ အတည်ပြုပေးမှာဖြစ်ကြောင်း၊ အဲဒါသည်လည်း ဆော်ဒီက အစ္စရေးနဲ့ ပုံမှန်ဆက်ဆံတဲ့ Abraham Accords ကို လက်မှတ်ထိုးပြီးမှသာ ဖြစ်လာမှာဖြစ်ကြောင်း၊ အမေရိကန်က အရပ်ဖက်သုံး နျူစက်ရုံတွေဆောက်လုပ် အသုံးပြုတာကို မဆန့်ကျင်ပါကြောင်း ရှင်းပြသွားပါတယ်။ ယူအေအီး၊ ဘာရိန်း၊ မော်ရိုကိုနဲ့ ဆူဒန်တို့က Abraham Accords ကို လက်မှတ်ထိုးထားပေမယ့် ဆော်ဒီကတော့ လက်မှတ်ထိုးဖို့ အကြိမ်ကြိမ်ငြင်းဆိုနေခဲ့တာပါ။
သမ္မတထရမ့် တူရ်ကီသွားစဥ်က F-35 ရောင်း/မရောင်းကိစ္စဖြစ်ခဲ့တာမှာ အခုတော့ နိုင်ငံခြားရေးဌာနက ကွန်ဂရက်စ်ကို ပေးပို့တဲ့စာမှာ တူရ်ကီဟာ F-35တွ ဝယ်ယူပိုင်ဆိုင်ဖို့ ဥပဒေကြောင်းအရ လိုအပ်ချက်တွေနဲ့ မပြည့်မီကြောင်းနဲ့ သူတို့မှာ ရုရှားလုပ် ကာကွယ်ရေးစနစ်တွေနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ဥပဒေတွေနဲ့ အပြည့်အဝကိုက်ညီအောင် မလုပ်သေးသ၍ F-35 တစီးမှ မလွှဲပြောင်းပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
အီရန်မှာ OEF စတင်ကတည်းက အမျိုးသမီးတွေ ခေါင်းမခြုံပဲ အပြင်ထွက်ကြတာတွေကို ယာယီလွှတ်ထားပေးခဲ့ပေမယ့် အခုတော့ ကလားရစ်ခ်တွေက ပြန်တင်းကြပ်ဖို့ ပြောလာတဲ့နောက် တီဟီရန်က ကဖေးဆိုင်တွေမှာ ခေါင်းမခြုံမနေရအမိန့်ကို မဖြစ်မနေလိုက်နာဖို့ တင်းကြပ်နေကြပြီး မခြုံတဲ့သူတွေကို အရေးယူရုံတင်မကပဲ လက်ခံတဲ့ ကဖေးတွေကိုပါ ပိတ်ပစ်နေကြတာပါ။ ၂၀၂၄က ယူကျုမှာ patriotic သီချင်းတပုဒ်ကို လိုက်ဖ်လွှင့်ဖျော်ဖြေခဲ့တဲ့ Parastoo Ahmadi ကို ပြီးခဲ့တဲ့လက ကြိမ်ဒဏ် ၇၄ချက် ပေးလိုက်ပါတယ်။ တူတူပါဝင်ခဲ့ကြတဲ့ တီးဝိုင်းသမား ၈ဦးနဲ့ အဖွဲ့ဝင်တွေအားလုံးဟာလည်း အလားတူ ပြစ်ဒဏ်ခံခဲ့ကြရပါတယ်။
အဲဒီလို တလွဲဆံပင်ကောင်းနေကြပေမယ့် အီရန်အလုပ်သမားတွေမှာတော့ လခမရတာ ကြာနေပြီဖြစ်ပြီး အစိုးရက ဝင်ဖြေရှင်းမပေးဘူးဆိုရင် အလွန်ဆုံး နောက် ၂လပဲ တောင့်ခံနိုင်တော့မယ်လို့ အလုပ်သမားရေးရာကိုယ်စားလှယ်တဦးက သတိပေးလိုက်ပါတယ်။
၂၀၂၂တုန်းက လုပ်ကြံခံရတဲ့ စာရေးဆရာကြီး Salman Rushdie ကို ဓါးထိုးမှုနဲ့ ပြစ်ဒဏ်ချခံရတဲ့ Hadi Matar ဟာ မသတ်ခင်မှာ အီရန်ကတဦးကို နောက်ဆုံးဆက်သွယ်ပြီး ရပ်ရှ်ဒီးကို သတ်ဖို့ ဖာ့တွာထားခဲ့တာ အကျုံးဝင်သေးလားလို့ လှမ်းမေးခဲ့ကြောင်း အမေရိကန်ဖက်ဒရယ် ရှေ့နေတွေက ဆိုပါတယ်။ အဲဒီဖာ့တွာက အရင်ခေါင်းဆောင် ရူဟိုလာခိုမေနီနဲ့ ဟဇ်ဘိုလာတွေက ထုတ်ထားခဲ့တာပါ။ Matar က သူ ရပ်ရှ်ဒီးကို သတ်ခဲ့တာဟာ ဟဇ်ဘိုလာရဲ့ တာဝန်ကိုထမ်းဆောင်တဲ့အနေနဲ့ လုပ်ခဲ့တာလို့ အားလုံးကို သိစေချင်ပြီး သူ့ကို အစ္စလာမ္မစ်အာဇာနည်လို့ မြင်စေ့ချင်တာဖြစ်ကြောင်း အစိုးရရှေ့နေက ဆိုပါတယ်။