အမေရိကန်က အီရန်ကို ၁၃ညဆက်တိုက် ဗုံးကြဲပြီးနောက် မနေ့က သောက်ြာနေ့မှာတော့ ရပ်တံ့ထားတာကို တွေ့ရပါတယ်။ အဲဒါက အိုမန်က ကြားဝင်ပေးတဲ့ တီဟီရန်နဲ့ ဆွေးနွေးမှုတွေက ဟော်မုဇ်ပြန်ဖွင့်ဖို့ သဘောတူညီချက် ရကောင်းရနိုင်တဲ့ အခြေအနေအထိ တိုးတက်လာခဲ့လို့ ဖြစ်ကြောင်း Axios က တင်ပြထားပါတယ်။ အရင်နေ့တွေက နေ့ခင်းတိုင်းမှာ တိုက်ဖို့ အမိန့်ကို ၂ပတ်ကြာ အတည်ပြုပေးခဲ့ပေမယ့် ဒီနေ့မှာတော့ ရပ်ထားဖို့ အမိန့်ပေးတာဖြစ်ပါတယ်။ သဘောတူညီချက် ရရှိလာခဲ့ရင် သမ္မတထရမ့်က အတည်ပြုပေးရမှာ ဖြစ်ပါတယ်။
နယူးယောက်ပို့စ်ကတော့ ကျောက်တောင်တွေအောက်မှာ ထားရှိတဲ့ အီရန်နျူဆိုက်တွေကနေ သန့်စင်ထားတဲ့ ယူရေနီယံကို ရယူဖို့အတွက် ကြီးမားတဲ့ အထူးစစ်ဆင်ရေးမစ်ရှင်တခုလုပ်ဖို့ စဥ်းစားနေတယ်လို့ တင်ပြထားပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် နျူဆိုက်တွေကို စီးနင်းဖို့၊ ထောင်ချောက်တွေကိုဖယ်ရှားဖို့၊ ထောက်ပို့လမ်းကြောင်းတွေကို ကာကွယ်ဖို့ ထောင်ချီတဲ့ တပ်အင်အားတွေ လိုမှာဖြစ်တယ်လို့ စစ်ရေးစီမံသူတွေနဲ့ နီးစပ်သူတွေကို ကိုးကားပြီး တင်ပြတာပါ။ အဲဒီထဲက သီးသန့်အထူးအဖွဲ့လေးက ယူရေနီယံရယူမှာဖြစ်လို့ စစ်သမိုင်းမှာ အသိမ်မွေ့အရှုပ်ထွေးဆုံး စစ်ဆင်ရေးဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဖြစ်နိုင်တဲ့ ပစ်မှတ်တွေက Isfahan, Fordo နဲ့ Natanz နား Pickaxe တောင်အောက်က နေရာတွေဖြစ်ပါတယ်။ အဲဒီထဲက တချို့နေရာတွေက ကျောက်တောင်လို ကွန်ကရစ်ထုလိုမျိုး သေချာ အခိုင်အမာလုပ်ထားတာဖြစ်ပြီး လာသိမ်းမှာကို ဟန့်တားဖို့ ဖောက်ခွဲရေးပစ္စည်းတွေလည်း တပ်ထားနိုင်တဲ့အတွက် ဒီမစ်ရှင်က အန္တရာယ်အလွန်များပြီး မြေအောက်စက်ရုံတွေကို ဖျက်ဆီးတာမျိုး ပိုဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
သမ္မတထရမ့်က အီရန်တွေ တွေ့ဆုံဆွေးနွေးချင်နေပြီလို့ ပြောသွားသလိုပဲ အီရန်သမ္မတကလည်း အရင်ဆူပရင်းလီဒါ အလီခါမေနီက အများပြည်သူရှေ့မှာသာ ဝါရှင်တန်နဲ့ တွေ့ဆုံဆွေးနွေးမှု မလုပ်ဘူးလို့ ငြင်းနေပေမယ့် ကွယ်ရာမှာတော့ အရာရှိတွေကို အမေရိကန်နဲ့ ဆွေးနွေးဖို့ တိုးတိုးတိတ်တိတ် မှာသွားတယ်လို့ တီဗီထုတ်လွှင့်ချက်လို့ ယူဆရတဲ့ ဗီဒီယိုတခုမှာ ပြောသွားပါတယ်။ အမေရိကန်နဲ့ ဆွေးနွေးတာကို အမာလိုင်းသမားများက မကြိုက်ကြတာကြောင့် မရှိတော့တဲ့ ခါမေနီနာမည်ယူသုံးထားပုံရပါတယ်။
ဆော်ဒီသင်္ဘော ၂စင်းကို ဟူသီတွေက တိုက်ခိုက်ခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ ဆော်ဒီက ယီမင်ရဲ့ Hodeida ဆိပ်ကမ်းမြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒါကို လက်တုန့်ပြန်တဲ့အနေနဲ့ ဒီနေ့မှာ ဟူသီတွေက ဆော်ဒီက ရေနံချက်စက်ရုံတွေနဲ့ Jeddah လေဆိပ်တို့ကို ဟိုက်ပါဆိုးနစ်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေ၊ ကာမီကာဇီဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ Jizan မှာ ပေါက်ကွဲမှု အကြီးစား ၅ခုနဲ့အထက် ဖြစ်ပွားခဲ့ပြီး မီးတွေပြတ်တောက်သွားခဲ့ပါတယ်။ ဒါ့အပြင် Khamis Mushait လေတပ်စခန်း၊ Yanbu ဆိပ်ကမ်းမြို့၊ King Abdullah လေဆိပ်နားက Dhamad နဲ့ Hay Al-Matar စတဲ့ ပစ်မှတ်တွေကိုလည်း တိတိကျကျ ထိအောင် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ Jeddah လေဆိပ် တဝိုက်မှာလည်း လေကြောင်းပျံသန်းမှုတွေ ရပ်နားထားရပါတယ်။
ယီမင် Leadership Council ရဲ့ ဥက္ကဋ္ဌ Rashad al-Alimi က အီရန်နောက်ခံပေးထားတဲ့ ဟူသီတွေဟာ ယီမင်ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ အလောင်းအစားပြုနေတယ်လို့ ပြစ်တင်လိုက်ပြီးနောက် ယီမင်လေတပ်က Marib နဲ့ L-Jawf ရှေ့တန်းတလျောက်မှာရှိတဲ့ ဟူသီတွေရဲ့ ဒုံးနဲ့ ဒရုန်းပစ်လွှတ်ရာ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုက်တာက ယီမင်စစ်ဖက်အရာရှိ ၂ဦးကို ကိုးကား ဖော်ပြသွားပါတယ်။
အီရန်နဲ့ အပေါင်းပါတွေက ဟော်မုဇ်နဲ့ Bab-al-Mandeb တို့ကို ထိန်းချုပ်ပြီး ရေနံဈေးတက်အောင် ကစားလိုက်ရင် ထရမ့်က ကြားဖြတ်ရကပမှာ အခြေမလှမှာစိုးလို့ သူတို့ကို လိုက်လျောပေးရမယ်လို့ တွက်ပုံရပါတယ်။ တကယ်လည်းသူတို့က သူတို့ဘက်သား ဒီမိုကရက်တွေကို နိုင်စေချင်တာပါ။ ဒါပေမယ့် အမေရိကန်တွေက သမ္မတအပေါ် ယုံကြည်မှုအပြည့်ရှိနေတယ်ဆိုတာ ပဏာမရကပတွေနဲ့ စတော့မားကက်ကိန်းဂဏန်းတွေက သက်သေခံနေပါတယ်။ အီရန်က သမ္မတထရမ့်ဟာ မစ်တမ်းအတွက် သတိကြီးကြီးထားနေရလို့ သူတို့ကို မတိုက်လောက်သေးဘူးထင်ပြီး အိမ်နီးချင်းတွေကို ဆော်နေတာလည်း ဖြစ်နိုင်ပါတယ်။
တဖက်ကကြည့်ရင်လည်း အီရန်က သူတို့ကိုဆော်လေ အိမ်နီးချင်းတွေက အမေရိကန်နဲ့ အစ္စရေးဘက် ပိုရောက်လေဖြစ်တာက အီရန်အတွက် အရှုံးပါပဲ။ တဖြည်းဖြည်းနဲ့ ကိုယ့်ဖက်မှာ ဘယ်သူမှ မရှိတော့တာကို မာန်ကြီးနေတဲ့ လူတစုက သတိပြုမိဟန်မတူသေးပါဘူး။ မှန်တာပြောပြန်ရင် နီးရာဓါး ကြောက်ရတဲ့စနစ်မှာ အခြေအနေမှန်ကို မသိဘူးဆိုရင်လည်း အံ့ဩစရာ မရှိပါဘူး။
သမ္မတထရမ့်ဘက်က ကြည့်ရင် အီရန်စစ်တခုပဲနိုင်သွားတာထက် အရှေ့အလယ်ပိုင်းရဲ့ အခင်းအကျင်း တခုလုံးကို ပြောင်းပစ်လိုက်နိုင်တာက အားလုံးအတွက် ရေရှည်ကောင်းမယ့်လမ်းကြောင်းဖြစ်ပြီး အဲဒါကိုလည်း သူကလွဲလို့ ဘယ်သူမှ လုပ်နိုင်မှာမဟုတ်ပါဘူး။ အဲဒီလို ဖြစ်လာဖို့ အခုအချိန်ဟာ အကောင်းဆုံးဖြစ်တဲ့အတွက် အဖက်ဖက်ကနေ စိတ်ရှည်ရှည်နဲ့ အကွက်ရွှေ့နေပုံရပါတယ်။ အီရန်စစ်မှာလည်း တခြားအရေးကြီးကိစ္စတွေလိုပဲ ဆုံးဖြတ်သူက သမ္မတထရမ့်ဖြစ်လို့ မနက်ဖြန်ဘယ်မှာ ဘာလုပ်မယ်ဆိုတာ သူကလွဲလို့ ဘယ်သူမှ မသိနိုင်တာက အားသာချက်တခုပါ။
ယူကရိန်းကလည်း ရုရှားက အီရန်ကို ဘယ်လိုကူညီနေသလဲဆိုတဲ့ ထလရသတင်းကို အမေရိကန်နဲ့ မျှဝေပေးမယ်လို့ ကမ်းလှမ်းလိုက်ပြီး မော်စကိုက တီဟီရန်ကို စစ်ဘက်အထောက်အပံ့တွေ ပေးနေတယ်ဆိုတဲ့ သင်္ဘောတွေကို ကက်စ်ပီယံပင်လယ်မှာ တိုက်ခိုက်လိုက်ပါတယ်။ ဇယ်လင်းစကီးပြောတဲ့ ပစ်မှတ်တွေထဲမှာ ရုရှားစစ်သင်္ဘောတစီးနဲ့ အီရန်ကို စစ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ သင်္ဘောတွေ ပါဝင်တယ် ဆိုပေမယ့် ဘာသင်္ဘောဆိုတာရယ်၊ ဘာလက်နက်နဲ့ တိုက်ခိုက်တာရယ်၊ ဘယ်လောက်ပျက်စီးသွားတယ်ဆိုတာတွေတော့ မပါပါဘူး။
ဇယ်လင်းစကီးက ရုရှားဂြိုလ်တုဟာ ပါရှန်းပင်လယ်ကွေ့က နိုင်ငံတွေနဲ့ အမေရိကန်စစ်ဘက် အဆောက်အဦတွေကို ဇူလိုင်လဆန်းကစပြီး ထောက်လှမ်းနေခဲ့တာကို ယူကရိန်းက မှတ်တမ်းတင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဂြိုလ်တုဓါတ်ပုံတွေကို ရုရှားက အီရန်ကို လွှဲပြောင်းပေးလိုက်ပြီး အဲဒီလုပ်ရပ်နဲ့ အီရန်ရဲ့ တိုက်ခိုက်မှုတွေ၊ မတိုက်ခင်ပြင်ဆင်မှုတွေနဲ့ တိုက်ပြီး အပျက်အစီးခန့်မှန်းမှုတွေ အားလုံးက နီးနီးစပ်စပ် ကိုက်ညီနေကြောင်း၊ ဇူလိုင် ၁၉ နဲ့ ၂၀ နှစ်ရက်ထဲမှာတောင် လေတပ် အခြေစိုက်စခန်း ၄ခု (နှစ်ခုက ဘာရိန်း၊ တခုက ဂျော်ဒန်၊ တခုက ကူဝိတ်) က ရုရှားဂြိုလ်တုတွေရဲ့ စိတ်ဝင်စားခံနေရကြောင်း ဇယ်လင်းစကီးက စွပ်စွဲသွားပါတယ်။
အဲဒီသတင်းနဲ့ ပတ်သက်လို့ ၁) ရုရှားနဲ့ တရုပ်က ဘယ်လိုပဲ မကူပါဘူးပြောပြော ရတဲ့နည်းနဲ့ ကူကြမှာ သံသယဖြစ်စရာမရှိပါဘူး၊ ၂) အမေရိကန်စပေ့ဖို့စ်တို့ စီအိုင်အေတို့ မိုဆက်တို့က မသိပဲ သူတို့ကပဲ သိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ၃) ဇယ်လင်းစကီးက အမေရိကန်နဲ့ အနောက်ကမ္ဘာကိုပါ ရုရှားနဲ့ ဖြစ်တဲ့စစ်ထဲဆွဲထည့်ဖို့ ကြိုးစားနေသူဖြစ်တော့ သူ့ခြေလှမ်းကို စောင့်ကြည့်ရဦးမှာပါပဲ။ ဇူလိုင် ၂၂ တုန်းကတော့ ရိုက်တာက အီရန်ဒရုန်းတွေ ပါရှန်းပင်လယ်ကွေ့က စီအိုင်အေဌာနတွေကို တိုက်ခိုက်ခဲ့တာက ဘယ်ကိုတိုက်ရမယ်ဆိုတဲ့ သတင်းနဲ့ အဆင်မြင့်ဒရုန်းနည်းပညာကို ရုရှားကများ ကူညီပေးခဲ့သလားဆိုတာကို စစ်ဆေးကြဖို့ဖြစ်လာတယ်လို့ တင်ပြထားခဲ့တာပါ။