Operation Epic Fury (108)

သမ္မတထရမ့်ဖွဲ့စည်းပေးထားတဲ့ Board of Peace က ဂါဇာမှာ ဟာမာ့စ်နဲ့ အခြားလက်နက်ကိုင်အုပ်စု အားလုံးကို လက်နက်အပြီးစွန့်လွှတ်ဖို့ သမိုင်းဝင်သဘောတူညီချက် ရရှိခဲ့ပြီလို့ ကြေငြာသွားပါတယ်။ အဲဒီသဘောတူညီချက်ကို ဟာမာ့စ်တွေ လက်နက်စွန့်မယ်၊ အစ္စရေးတပ်တွေ တဖြေးဖြေးဆုတ်မယ်၊ ပါလက်စ်တိုင်းအစိုးရသစ်က ဂါဇာအုပ်ချုပ်မှုကို လက်ဆင့်ကမ်းယူမယ် စတဲ့ အဆင့်တွေနဲ့  အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ဒါက ရေရှည်ခံမယ့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတခုလို့ ခေါ်လိုက်ပြီး အောက်တိုဘာ ၇ လိုကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူးလို့ ပြောသွားပါတယ်။

အဲဒီ ပါလက်စ်တိုင်းအစိုးရသစ်က ပါလက်စ်တိုင်းပြည်သူတွေကို ကူညီဖို့အတွက် Board of Peace နဲ့ အတူတကွ လက်တွဲဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဂါဇာလုံခြုံရေးအတွက် International Stabilization Force တခုက ပါလက်စ်တိုင်းရဲတပ်ဖွဲ့အသစ်နဲ့ အတူလက်တွဲလုပ်ဆောင်သွားမှာပါ။ ဖြစ်ပါတယ်။ အဲဒါတွေက သမ္မတထရမ့် ၂၀၂၅ စက်တင်ဘာ ၂၉မှာ ကြေငြာခဲ့တဲ့ 20 point plan for Gaza ထဲက အစီအစဥ်တွေပဲဖြစ်ပါတယ်။ ဟာမာ့စ်ပြုတ်သွားရင် အီရန်ရဲ့ အကြမ်းဖက်လက်တံတခု ပြုတ်တာပါပဲ။

အစ္စရေးက သူ့နယ်စပ်နဲ့နီးတဲ့ လက်ဘနွန်တောင်ပိုင်းက ဟဇ်ဘိုလာတွေသုံးတဲ့ မြေအောက်ကွန်ကရစ် လှိုဏ်ခေါင်းတွေကို ဖောက်ခွဲရေးပစ္စည်း တန်၇၀၀ခန့်သုံးပြီး ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။ လက်ဘနွန်အစိုးရနဲ့ လက်တွဲပြီး ဟဇ်ဘိုလာတွေကို နှိမ်နှင်းနိုင်ရင် အီရန်ရဲ့ နောက်ထပ်အဖျက်လက်တံ တခု လျော့သွားတော့မှာပါ။

ဒီနေ့မှာ အီရန်က ဂျော်ဒန်ထဲက the Muwaffaq Salti လေတပ်စခန်းကို ပဲ့ထိန်းဒုံးကျည်အပြုံလိုက်နဲ့ တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိခဲ့ပါဘူး။ သမ္မတထရမ့်က အီရန်ကို တိုက်ရိုက် သတိပေးခဲ့ပြီး ၁၂နာရီအကြာမှာ အီရန်က IRGC စစ်ဌာနချုပ်တွေ၊ ဒုံး/ ဒရုန်းပစ်လွှတ်ရာနေရာတွေ၊ ဟော်မုဇ်ကို တိုက်ခိုက်နိုင်တဲ့ နေရာတွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ စစ်ဖက်ပစ်မှတ်တွေကို ပြင်းပြင်းထန်ထန် ပစ်ခတ်ပြီး တုန့်ပြန်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က ဆွေးနွေးဖို့ စကားပြောနေတာက ပစ်တဲ့အုပ်စု မဟုတ်ကြောင်းနဲ့ ပစ်ခတ်မှုအတွက် တောင်းပန်ထားပြီးဖြစ်ကြောင်း၊ ဘာပဲဖြစ်ဖြစ် ပြန်တော့ နှက်ရမှာ ဖြစ်ကြောင်း၊ ပြင်းပြင်းပြန်ချရင်လည်း သူတို့ဘာမှ မခုခံနိုင်ကြောင်း ပြောသွားပါတယ်။

အမေရိကန်က အခုလို အီရန်က ပစ်လိုက် လက်တုန့်ပြန်လိုက်နဲ့ မပြီးနိုင်မစီးနိုင်ဖြစ်နေတာကို CENTCOM ကွန်မန်ဒါ ဘရက်ကူးပါးက ၂ပတ်ကြာ အကြီးအကျယ်ဖိဖိစီးစီး နှိမ်နှင်းဖို့ အကြံပြုထားပါတယ်။ ရိုက်တာကသတင်းတခုမှာ တရုပ်က လေယာဥ်ပစ် ပခုံးထမ်းလောင်ချာ QW-12 နဲ့ FN-16 (MANPADS) ၄၀၀ (သန်း၆၀ဖိုး) ကို အီရန်ကို လာမယ့်အပတ်တွေမှာ ပေးပို့မယ်လို့ တင်ပြထားပါတယ်။ ဧပြီတုန်းက F-15 အီရန်မှာ ပျက်ကျရတာ အဲဒီပခုံထမ်းလောင်ချာတွေကြောင့် ဖြစ်ပါတယ်။ သမ္မတထရမ့်က တရုပ်ရှီဆီရေတဲ့စာထဲမှာ အီရန်ကိစ္စဝင်မပါဖို့ ပြောခဲ့ပြီး ရှီရဲ့ပြန်စာမှာ မပါပါဘူးလို့ ပြန်ပြောခဲ့တာကြောင့် ယခုသတင်းသာမှန်တယ်ဆိုရင် တရုပ်ကို ဘယ်လိုအရေးယူမယ်ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ဒီလ ၂၆-၂၇မှာ မင်နီဆိုးတားက အများပြည်သူရေပေးဝေရေးစနစ် ၃၀ကျော်ကို ဆိုင်ဘာအတက်ခ် ပြုလုပ်ခဲ့တာ အီရန်ဖြစ်တယ်လို့ ရိုက်တာက တင်ပြထားပါတယ်။ သောက်သုံးရေက သောက်သုံးဖို့မသင့်တဲ့အခြေအနေမျိုးရှိတယ်လို့ မတွေ့ရကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

အီရန်ထဲကလာတဲ့ သတင်းတခုမှာ ယူကရိန်းက အီရန်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကျယ်ပြန့်လာမှာကို မလိုလားတဲ့ လက္ခဏာတွေ တီဟီရန်မှာ တွေ့လာရပြီး အမေရိကန်နဲ့ အစ္စရေးကို အမြဲအပြစ်တင်နေတဲ့ အပြောင်းအလဲမလိုလားသူတွေနဲ့ မီဒီယာကတောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါလို့ ပြောနေကြကြောင်း သိရပါတယ်။ အမေရိကန်နဲ့ အစ္စရေးက အရပ်ဖက်ပစ်မှတ်တွေ မထိအောင် လူအသေအပျောက်နဲအောင် သတိထားပစ်ပေမယ့် လက်စောင်းထက်တဲ့ ယူကရိန်းသာ စစ်ထဲပါလာရင် သူတို့ဆရာ ရုရှားတွေ ပြာနေသလိုမျိုး ဖြစ်လာမှာ စိုးရိမ်ကြပုံပါပဲ။ အဲဒါကြောင့် ယူကရိန်းကို လက်တုန့်ပြန်ဖို့ စဥ်းစားပြီးနောက်မှ ခုလိုဖြစ်လာတာပါ။

အီရန်က ဟော်မုဇ်ကို ပိတ်ထားပြီလို့ ဖြတ်ရင်နာမယ်ဆိုပြီး သဟောက်သဟမ်းလုပ်ပြနေပေမယ့် သင်္ဘောတွေက ဖြတ်သန်းနေဆဲပါလို့ CENTCOM က ဆိုပါတယ်။ ကာတာရဲ့ LNG တင်တန်ကာကြီးက ဟော်မုဇ်ကို ဖြတ်သန်းသွားနိုင်ခဲ့တဲ့အတွက် ဇူလိုင် ၁၁နောက်ပိုင်းမှာ AIS ဖွင့်ပြီး မောင်းတဲ့ ပထမဆုံး LNG တင်သင်္ဘောဖြစ်ပါတယ်။

အီရန်က အာဏာရှင်နိုင်ငံပီပီ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် သူခိုးလက်က သူဝှက်လုတဲ့ အမှုမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ ဆန်ရှင်တွေရှိတဲ့အတွက် ရေနံရောင်းရတဲ့ဝင်ငွေတွေကို နိုင်ငံတကာဘဏ်စနစ်မှာ လွှဲပြောင်းလို့မရပဲ ပြင်ပက တရားမဝင် ကွန်ယက်တွေအသုံးပြုပြီး ရွှေ့ပြောင်းရပါတယ်။ အဲဒီမှာ ကြားဝင်ဆောင်ရွက်ပေးသူတချို့က အနည်းဆုံး ၁.၆ဘီလီယံကို အလွဲသုံးစားလုပ်ပြီး တိုင်းပြည်ကနေ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ကြားခံတဦးထဲကတင် အစိုးရပိုက်ဆံ သန်း ၂၀၀ကျော် ကို ပြန်မပေးပဲ​ နိုင်ငံခြားသို့ ထွက်သွားခဲ့ကြောင်း၊ အပ်နှံထားတဲ့ ကုမ္ပဏီတွေက မန်နေဂျာတွေကို ရာဇဝတ်မှု ၅၉ခုနဲ့ စွဲထားပြီး တချို့လည်း အဖမ်းခံရကာ ကြားခံ ၁၅ဦးကို အင်တာပိုမှာ တိုင်ထားကြောင်း State Inspection Organization အကြီးအကဲက အစိုးရတီဗီမှာ ပြောသွားပါတယ်။

အီရန်မှာ အခုဖြစ်နေတဲ့ ငွေဖောင်းပွမှုက အမေရိကန်မှာ ဘိုင်ဒန်လက်ထက် ၂၀၂၂တုန်းက ဖြစ်ခဲ့တဲ့ အဆိုးဆုံး အခြေအနေမျိုးကို လတိုင်းကြုံနေရတာလို့ ဆိုပါတယ်။ စားသုံးကုန်ပစ္စည်းတွေဟာ မနှစ်ကထက် ၈၉% မြင့်တက်နေတဲ့အတွက် ရီယယ်ငွေကို ဘယ်သူမှ မကိုင်ထားချင်ကြဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၅နှစ်က တဒေါ်လာကို ရီယယ် တသောင်း၊ ဒီနှစ် ဧပြီမှာ တဒေါ်လာကို ရီယယ် ၁သန်းကျော်သွားခဲ့ပြီး ခုတော့ ၂သန်းဖြစ်လာနေပါပြီ။ ပြီးခဲ့တဲ့ ၁၅နှစ်အတွင်းမှာ ၂.၂၅နှစ်တိုင်းမှာ ဒေါ်လာဈေး ၂ဆဖြစ်တာကနေ အခုတော့ ၁၅လနဲ့ ၂ဆနီးပါး တက်လာပြီဖြစ်ပါတယ်။ ဒီတိုင်းသွားရင် တဒေါ်လာ ရီရယ် ၃သန်းဖြစ်ဖို့ ၅-၈လလောက်ပဲ လိုတော့မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ အစိုးရလုပ်သူတွေမှာ အာရုံရှိပုံမရပါဘူး။

Leave a comment