ကြောင်းကျိုးဆက်ဆေးပညာနဲ့ သမားရိုးကျဆေးပညာ

ကြောင်းကျိုးဆက် ဆေးပညာ Functional Medicine နဲ့ သမားရိုးကျ Conventional Medicine တွေဟာ အခြေခံအယူအဆ ကိုယ်၌က မတူတဲ့အတွက် ရောဂါကို ချဥ်းကပ်ပုံတွေမှာ ကွာခြားပါတယ်။ Conventional Western Medicine က ပေါ်နေတာ နှစ်ရာနဲ့ချီရှိပြီဖြစ်လို့ လက်ရှိ ဆေးကျောင်းတွေရဲ့ သင်ရိုးတွေ၊ သက်ဆိုင်ရာအထူးပြု ရောဂါအလိုက် အဖွဲ့အစည်းတွေက ထုတ်ထားတဲ့ လမ်းညွှန်ချက်တွေ၊ သုတေသနစာတမ်းတွေ၊ ကုသမှုအဆင့်ဆင့်နဲ့ သုံးစွဲတဲ့ ဆေးဝါးတွေ၊ အဆုံးစွန်ပြောရရင် သွေးစစ်ချက်နံပါတ်တွေမှာ ပုံမှန်လို့ သတ်မှတ်တာတွေကအစ သမားရိုးကျ Conventional Medicine က လာတာတွေဖြစ်ပါတယ်။

ပုံမှန်အားဖြင့် လူတွေဟာ နေထိုင်မကောင်း/ နာမကျန်းဖြစ်တာ (သို့) ဆေးစစ်ချက်တွေမှာ ပုံမှန်မဟုတ်တာတွေ ကစပြီး ဆေးကုသတဲ့လောကထဲကို ရောက်လာကြပါတယ်။ နေမကောင်းဘူး ဆိုတာ များသောအားဖြင့် ခန္ဓာကိုယ်က အချက်ပေးနေတဲ့ လက္ခဏာ Symptom တွေပါပဲ။ သမားရိုးကျ ဆေးပညာမှာ ရောဂါလက္ခဏာတခုချင်း/ အစုပေါ်မှာ ဆရာဝန်က ဘာရောဂါရယ်လို့ သုံးသပ်ဆုံးဖြတ်ပြီး သက်ဆိုင်ရာရောဂါအလိုက်အဖွဲ့အစည်းတွေက သတ်မှတ်ပေးထားတဲ့ လမ်းညွှန်ချက်အတိုင်း ကုသမှုပေးရပါတယ်။ သမားရိုးကျဆရာဝန်တွေက အဲဒီဘောင်ကို အပြည့်အဝ လိုက်နာရပြီး မလိုက်နာရင် ဆေးကုသခွင့်လိုင်စင် ဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

Functional Medicine က ပေါ်လာတာ အနှစ် ၃၀ကျော်လောက်ပဲ ရှိသေးပြီး လူသိများလာတာက ၁၀နှစ်ကျော်ပဲ ရှိပါသေးတယ်။ ငွေရင်းတောင့်တဲ့ နောက်ခံအဖွဲ့အစည်းကြီးကြီးမားမား မရှိသေးပဲ Functional Medicine ကုသတဲ့ ဆရာဝန်အများစုကလည်း ကိုယ်ကိုယ်တိုင်ရောဂါနဲ့ဆေးနဲ့ နပမ်းလုံးနေရာက မသက်သာလို့ ဒီလောက်သိပ္ပံပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ alternative medicine တခုခုတော့ ရှိရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှာဖွေရင်း စမ်းသပ်ရင်း Functional Medicine နဲ့ အဆင်ပြေလာကြလို့ ပြန်လည်မျှဝေကြတာ ဖြစ်ပါတယ်။ မြန်မာနွယ်ဖွားတွေထဲက functional medicine ရဲ့ pioneer ဖြစ်တဲ့ ကျေးဇူးရှင်ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းလည်း ထိုနည်းတူပါပဲ။

Functional Medicine မှာက Institute for Functional Medicine နဲ့ American Academy of Functional Medicine ဆိုတဲ့ ဦးဆောင်အဖွဲ့အစည်း ၂ခုရှိပေမယ့် ငွေရင်းတောင့်တဲ့ ဆေးကုမ္ပဏီကြီးတွေက ပံ့ပိုပေးတာမျိုး မရှိသေးတဲ့အတွက် ကုသပျောက်ကင်းခဲ့သူတွေရဲ့ အကြောင်းကို ဆိုင်ရာဆရာဝန်တွေက ပြန်လည်မျှဝေတာမျိုး၊ peer-reviewed studies တွေကို conventional medical journal တွေမှာ ရေးတာတွေသာရှိပြီး သက်ဆိုင်ရာ ရောဂါအလိုက် အဖွဲ့အစည်းတွေက တရားဝင် အသိအမှတ်ပြုထားတာ မရှိသေးပါဘူး။ Functional Medicine နဲ့ ကုသမယ်ဆိုရင် အာမခံတွေက ပြန်မပေးတဲ့ အတွက် ဆေးလောကကနေ သီးသန့်ကွဲထွက်နေသလို ဖြစ်နေတာပါ။

ကြောင်းကျိုးဆက် ဆေးပညာက ရောဂါလက္ခဏာတွေကို ကုတာထက် ရောဂါတွေရဲ့ ဇစ်မြစ်က ဘာဖြစ်မလဲ ဆိုတာကို ရှာဖွေဖော်ထုတ်ပြီး အကြောင်းရင်းကို ကုသပြင်ဆင်ပေးခြင်းဖြင့် အကျိုးဆက်တွေကို ကောင်းအောင် တဖြည်းဖြည်း ပြုပြင်ယူသွားတာ ဖြစ်ပါတယ်။ ကြောင်းကျိုးဆက် ဆေးပညာမှာ တွေ့ရှိရတတ်တာက ရောဂါကြီးတွေခံစားနေရသူတွေမှာ ကိုယ်ခံအား နည်းနေတတ်တာရယ်၊ အစာခြေစနစ်/ အူလမ်းကြောင်း ကျန်းမာရေး ချို့ယွင်းနေတာရယ်တွေကို ပြင်ဆင်ပေးပြီး နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲစေတဲ့အပြင် လိုအပ်တဲ့ ဖြည့်စွက်စာတွေကို သောက်သုံးစေခြင်းဖြင့် ကျန်းမာရေး ပြန်လည်တည်ဆောက်စေတာ ဖြစ်ပါတယ်။

သမားရိုးကျဆေးပညာမှာ ရောဂါလက္ခဏာတွေကို မြန်မြန်ဆန်ဆန် သက်သာစေနိုင်တဲ့ အားသာချက် ရှိပြီး နာတာရှည်ရောဂါတွေကိုကျတော့ ပျောက်ကင်းဖို့ထက် ထိန်းထားနိုင်ဖို့ကို ရှေ့ရှုကြပါတယ်။ ကြောင်းကျိုးဆက် ဆေးပညာကတော့ တကိုယ်လုံးကျန်းမာရေးအတွက် အချိန်ယူပြုပြင်ရတာဖြစ်လို့ ကုသသူဘက်ကရော လူနာဘက်ကပါ အချိန်ပေးနားလည်အောင် လုပ်ရတဲ့အတွက် ကြာပါတယ်။ အာမခံကမပေးတာတွေ၊ ဆေးထပ်စစ်ရတာတွေ၊ အာဟာရပြည့်အောင် စားရတာတွေ၊ ဖြည့်စွက်စာတွေစားရတာတွေကလည်း ပိုက်ဆံကုန်ပါတယ်။ ဒါပေမယ့် ကောင်းသွားတဲ့အချိန်မှာ ကိုယ့်ကျန်းမာရေးကို သတိထားစောင့်ရှောက်တတ်လာပြီဖြစ်လို့ ဘဝအရည်အသွေးမြင့်မားပြီး ဖြစ်လာနိုင်တဲ့ ဆေးရုံစားရိတ်တွေ ကိုယ်နဲ့ မိသားစုဝင်တွေရဲ့ ဒုက္ခတွေကို ရှောင်ရှားနိုင်လာပါတယ်။

သမားရိုးကျဆေးပညာမှာ ရောဂါအတော်များများရဲ့ အခြေခံဖြစ်တဲ့ ဆီးချိုကို ကုသပုံက fasting blood sugar တိုင်းမယ်၊ HbA1c တိုင်းမယ်၊ သွေးတွင်းသကြားဓါတ်များတာသေချာရင် Metformin တိုက်တာ၊ အစားဆင်ခြင်တာ၊ ကိုယ်လက်လှုပ်ရှားတာတွေနဲ့ပဲ ထိန်းရတယ်၊ ပျောက်အောင်ကုဖို့ထက် တသက်လုံး ဆေးသောက်ပြီး ထိန်းရတယ်ဆိုတဲ့ ယူဆချက်အပေါ် အခြေခံထားကြောင်း၊

ကြောင်းကျိုးဆက်ဆေးပညာမှာတော့ fasting glucose နဲ့ HbA1c အပြင် fasting insulin ပါတိုင်းမယ်၊ insulin resistance ရှိ/မရှိကို HOMA-IR တွက်ကြည့်မယ်၊ chronic inflammation ရှိ/မရှိ စစ်မယ်၊ chronic stress ရှိ/မရှိ Cortisol တိုင်းမယ်၊ ဆီးချိုရှိတယ်ဆို keto diet စားခိုင်းမယ်၊ ဒိန်ချဥ်/ ချဥ်ဖတ် စတဲ့ အကျိုးပြုပိုးတွေ စားစေမယ်၊ Metformin လိုအလုပ်လုပ်တဲ့ သဘာဝကရတဲ့ Berberine supplement ပေးမယ်၊ Chromium တို့ Alpha-Lipoic Acid ပေါင်းထည့်မယ်၊ အိပ်ရေးဝဝ အိပ်ခိုင်းမယ် စသဖြင့် ဒီလ ၁၆ရက်နေ့က ဒေါက်တာမိုးကျော်သူက နှိုင်းယှဥ်ရေးပြထားပါတယ်။

နောက်တခုက သမားရိုးကျဆေးပညာမှာ အထူးကုတွေနဲ့ ကုကြတဲ့သဘာဝအရ လူနာတဦးမှာ အထူးကု ၂ဦးနဲ့အထက် တပြိုင်တည်း ပြနေတတ်ကြပါတယ်။ အဲဒီအခါမှာ သမားတော်တဦးနဲ့တဦး ချိတ်ဆက်ကုသတာမျိုး မဟုတ်ခဲ့ရင် ပေးထားတဲ့ဆေးတွေ ထပ်တာ၊ ဆန့်ကျင်ဘက်အာနိသင်ရှိတဲ့ ဆေးတွေ ပေးမိတာ၊ စတဲ့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ အမေရိကန်မှာ အခု နာမည်ကြီးနေတဲ့ ရင်သွေးငယ် ၃ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့တဲ့ မိခင် Lindsey Clancy ဟာ ဆရာဝန်ဆေးလက်မှတ်ဝယ်ရတဲ့ ဆေးဝါး ၃၂မျိုး ပေးထားခံရသူဖြစ်ပြီး အဲဒီထဲက ၁၃ မျိုးက စိတ်ရောဂါနဲ့ဆိုင်တဲ့ဆေးတွေ ဖြစ်လို့ တူတာ ထပ်တာ ဆန့်ကျင်တာတွေ ပါနေနိုင်ပါတယ်။ သတိပြုစရာပါ။

ကြောင်းကျိုးဆက်ဆေးပညာကို လိုက်စားတဲ့ဆရာဝန်တွေအများစုက ကိုယ်တိုင်စမ်းသပ်ရာက သိလာကြတာဖြစ်သလို ကျင့်သုံးကြသူတွေကလည်း ကျန်းမာရေး အဆင်ပြေမနေလို့၊ မိဘ/ သားသမီးတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးချင်လို့၊ ရောဂါတွေ တတ်နိုင်သလောက် ဖြစ်မလာအောင် ကြိုတင်ပြင်ဆင်ချင်လို့၊ စတဲ့ ရည်ရွယ်ချက်မျိုးစုံနဲ့ နားလည်အောင် လေ့လာကျင့်သုံး နေကြတာပါ။

ကြောင်းကျိုးဆက် ဆေးပညာမှာ ဖြည့်စွက်စာ supplement တွေ စားတာကို သမားရိုးကျဆေးပညာ သမားတချို့က ဝေဖန်ကြပါတယ်။ အပြောအများဆုံးကတော့ ဗိုက်တာမင် ဒီပဲ ဖြစ်မယ်ထင်ပါတယ်။ ဒီနေရာမှာ တခုရှင်းပြချင်တာက ကျမက ဆရာမကြီးပြောသမျှ ကြည့်ဖြစ်တာ များပါတယ်။ ဆရာမက ဗိုက်တာမင်ဒီကို သွေးမစစ်ပဲ မသောက်သင့်တာ၊ အရမ်းနည်းနေရင် high dose ၅ရက်တပတ်လောက် သောက်ပြီးမှ ပုံမှန် dose ဆက်သောက်ဖို့၊ များနေတယ်ထင်ရင် သွေးစစ်ကြည့်ဖို့ အမြဲမှာတဲ့သူပါ။ စိတ်ရောဂါဝေဒနာ ခံစားနေရသူတွေ၊ ကင်ဆာလူနာတွေ၊ အော်တိုအင်မြူမ်းသမားတွေမှာ ဗိုက်တာမင်ဒီ အရမ်းနည်း နေတတ်တာ ပုံမှန်လိုတွေ့ရတတ်ပါတယ်။

နေရောင်ခံရင်ရတာပဲလို့ ဆိုပေမယ့် ဗိုက်တာမင်ဒီရဖို့ အကောင်းဆုံးအချိန်က နေခေါင်းပေါ်ရောက်တဲ့ နေ့လည် မွန်းတည့်တဝိုက်လည်း ဖြစ်ရမယ်၊ အဝတ်မဖုံးတဲ့ နေရောင်ကာခရင်မ် သနပ်ခါး စသည် မလိမ်းထားတဲ့ ပကတိအသားကို တိုက်ရိုက်ထိတွေ့တာလည်း ဖြစ်ရမယ်ဆိုတော့ တော်ရုံလူအတွက်က အဆင်ပြေဖို့ မလွယ်ပြန်ပါဘူး။

တကယ်တော့ ဖြည့်စွက်စာအတော်များများမှာ half-life ဆိုတာ ရှိပါတယ်။ ဗိုက်တာမင်စီတို့ ဘီကွန်ပလက်စ်တို့လို ရေမှာပျော်တဲ့ ဗိုက်တာမင်တွေရဲ့ half life က နာရီအနည်းငယ်သာပါ။ အဆီမှာပဲ ပျော်ဝင်နိုင်တဲ့ ဗိုက်တာမင် ဒီကျတော့ half-life က ၂ပတ်ပါ။ ဆိုလိုတာက အခု သွေးထဲမှာ ဗိုက်တာမင်ဒီ 100ng/ml ရှိရင် ၂ပတ်မသောက်ပဲ နားလိုက်ပြီးရင် 50ng/ml ဖြစ်သွားမှာပါ။

လက်ရှိ NIH ရဲ့အဆိုအရ Vitamin D အဆိပ်သင့်မှုက 150ng/ml လို့ ဆိုပြီး ဖြစ်တတ်တဲ့ လက္ခဏာတွေက ကျောက်ကပ်ထိ၊ ကျောက်ကပ်ကျောက်တည်၊ မူးဝေ၊ အော့အံ၊ ခံတွင်းပျက်၊ ရေငတ်၊ ဆီးလွန်၊ ကြွက်သားအားမရှိ၊ နုန်းချိ၊ ဗိုက်နာ၊ ဝမ်းချုပ်၊ ခေါင်းမကြည် စတာတွေလို့ ဆိုပါတယ်။ ကျမက မနှစ်က လူအများနဲ့ နေရတဲ့အချိန်မှာ နာဖျားခြင်းမဖြစ်အောင် ဗိုက်တာမင်ဒီများများသောက်လိုက်တော့ 140ng/ml အထိ တက်သွားခဲ့လို့ ၂ပတ်ကျော်ကျော်နားပြီးမှ ပုံမှန် dose ပြန်သောက်ခဲ့တာပါ။ အပေါ်က လက္ခဏာတွေ တခုမှမဖြစ်ပဲ eGFR ကလည်း ၁၀၀ကျော်ပါတယ်။ ဒါပေမယ့် ကျမခန္ဓာကိုယ်က ဗိုက်တာမင် စီတို့ ACV တို့ကိုတော့ အနည်းငယ်ပဲ လက်ခံနိုင်ပါတယ်။

သမားရိုးကျဆေးပညာမှာ သတိပြုစရာတခုက ဆေးကုမ္ပဏီကြီးတွေရဲ့ ပါဝင်ပတ်သက်မှုတွေပါ။ လွှတ်တော်မှာ လော်ဘီတွေကို သန်းချီပေးတာ၊ FDA မှာ ဆေးကုမ္ပဏီကလူတွေ ပါနေတတ်တာကစပြီး သင်ရိုးတွေ ကုထုံးတွေမှာ သူတို့အတွက် အကျိုးများမယ့် ဥပဒေတွေ စံနှုန်းသတ်မှတ်ချက်တွေကို ထားရှိဖို့ အားထုတ်ကြပါတယ်။ သွေးစစ်ရလာဒ်တွေက ပုံမှန်စံနှုန်းဆိုတာတွေ သတ်မှတ်ပေးတာမှာလည်း အငြင်းပွားစရာတွေ ရှိနေပါတယ်။

ကြောင်းကျိုးဆက်ဆေးပညာဟာ ဖြည့်စွက်စာတွေနဲ့ မကင်းတဲ့အတွက် တချို့တွေ ဆရာမကြီးကို ဖြည့်စွက်စာတွေကနေ ပိုက်ဆံရနေသလိုလို စွပ်စွဲကြပါတယ်။ ဖြည့်စွက်စာဆိုတာ သဘာဝကရတဲ့ ပစ္စည်းတွေ ဘယ်သူကမှ မူပိုင် patent လုပ်ထားတဲ့ဆေးတွေ မဟုတ်ကြလို့ ဘာတံဆိပ်ကိုပဲ သောက်သောက် ဖြစ်နေတဲ့အတွက် ဘယ်လိုလုပ်ပြီး ပိုက်ဆံရမလဲဆိုတာ လေ့လာရင် အလွယ်တကူ သိနိုင်ပါတယ်။ သူကိုယ်တိုင်လည်း အမေဇုန်တို့ဘာတို့ကနေ အများနည်းတူ ဝယ်သောက်ရတာပါပဲ။

အသက် ၈၀ရှိပြီဖြစ်တဲ့ ဆရာမကြီးက သက်သက်သာသာ နားနေနိုင်တဲ့အချိန်မှာ အချိန်တွေ ပိုက်ဆံတွေ အများကြီးအကုန်ခံပြီး စာတွေ လိုက်ရှာဖတ်၊ ဆေးပညာမတတ်သူတွေပါ နားလည်အောင် ရှင်းပြနေသူကို မဆင်မခြင် စွပ်စွဲပုတ်ခတ်ကြတာ ဝမ်းနည်းစရာပါ။ ဆရာမကြီးကျေးဇူးနဲ့ ရောဂါပျောက်ကင်းသက်သာလာသူတွေ မနည်းပါဘူး။ အခုဆိုရင် ဆရာမကြီးက ကြောင်းကျိုးဆက်ဆေးပညာကို အဘိဓမ္မာ ရုပ်တရား နာမ်တရားတွေ ရှုထောင့်ကနေ ရှင်းလင်းပြသပေးနေပါတယ်။

နောက်တချက်က သိပ္ပံပညာဆိုတာ အမြဲတမ်း အသစ်အသစ်တွေ တွေ့နေတယ်ဆိုတာ လက်မခံလို့မရတဲ့ အမှန်တရားတခုပါ။ အရင်က နာဖျားမကျန်းဖြစ်ရင် ဆေးထိုးကြ antibiotics တွေ လွယ်လွယ်ပေးခဲ့ကြတဲ့ ခေတ်ကနေ နောက်ပိုင်းကျတော့ ဒီတိုင်းပဲ ရေသောက် အားရှိတာစားပြီး အနားယူဖို့ ပြောလာကြသလိုပါပဲ။ ဖျားရင်တောင် အဖျားကျဆေး အလျင်စလို မပေးကြတော့ပါဘူး။ အရင်က ကလေးတွေ အာသီးရောင်တာမျိုးဆို ဖြတ်ပစ်တတ်ကြပေမယ့် အခုတွေ့ရှိလာတာတွေမှာ အာသီးဖြတ်ထားတဲ့ကလေးတွေက ပိုပြီးချူချာတာ တွေ့လာကြလို့ မဖြတ်သင့်ဘူးလို့ အကြံပြုလာကြပါပြီ။

သမားရိုးကျနဲ့ပဲ သွားမလား၊ ကြောင်းကျိုးဆက်နဲ့ စမ်းကြည့်မလား၊ တွဲကုမလား၊ တခြားတခုခုနဲ့ သွားမလားဆိုတာက အခြေအနေ အချိန်အခါအရကာယကံရှင်ရဲ့ ရွေးချယ်မှုလို့ပဲ ထင်ပါတယ်။ အနတ္တလောကမှာ risk ကတော့ ရှိနေမှာပါပဲ။ တွက်ချက်ထားတဲ့ Calculated risk ဆိုရင်တော့ ခံသာပါလိမ့်မယ်။

ကြောင်းကျိုးဆက်ဆေးပညာမှာ အရေးကြီးတာက ကိုယ်ဘာလုပ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် သိနားလည်ပြီး စစ်ဆေးနေဖို့ လိုသလို ကြားဖူးနားဝတို့ လူပြောသူပြောတို့နဲ့ ရမ်းမလုပ်ဖို့လည်း လိုပါတယ်။ တယောက်နဲ့တယောက်က စားတာချင်းတူရင်တောင် ကံ စိတ် ဥတု မတူကြတဲ့အပြင် ဒီနည်းနဲ့ ကုသပေးတဲ့ဆရာဝန်လည်း ရှားပါးတဲ့အတွက် အရင်နားလည်အောင်လုပ်၊ နဲနဲချင်းစမ်းကြည့်၊ အနေအထိုင် အစားအသောက် ကိုလည်း ဂရုစိုက်ပြုပြင်ရင်း တဖက်မှာ သမားရိုးကျ ဆေးတွေကို လက်မလွှတ်ပဲ တဖြည်းဖြည်းနဲ့ ညှိယူသွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်ထင်ပါတယ်။

Leave a comment