ဩဂုတ် ၃၀ ညပိုင်းမှာ အမေရိကန်တပ်တွေက ဟော်မုဇ်ရေလက်ကြားရှိ အီရန်ပိုင် Larak ကျွန်းပေါ်က ဒုံးကျည်ပစ်လွှတ်စင် ၂ခုကို တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုက IRGC ဟာ ဟော်မုဇ်ထဲမှာ ဒုံးကျည်တွေနဲ့ sea mine တွေ ထပ်ချဖို့ကြိုးစားနေတယ်ဆိုတဲ့ တွေ့ရှိချက်အပေါ် တုန့်ပြန်တာ ဖြစ်ပါတယ်။ ၂၇ရက်နေ့တုန်းက CENT COM က ဟော်မုဇ်ထဲမှာ ရှိတဲ့ ရေမြှုပ်ဗုံး sea mine တွေအကုန်လုံးကို ရှင်းလင်းပြီးပြီဖြစ်လို့ ရေကြောင်းသွားလာမှု ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ကြောင်းနဲ့ ရေမြှုပ်ဗုံးထပ်ချဖို့ ကြိုးစားခဲ့ရင် ပြင်းထန်စွာ တုန့်ပြန်မယ်လို့ ကြေငြာခဲ့ပါတယ်။
Larak ကျွန်းကို တိုက်ခိုက်တာကို တုန့်ပြန်တဲ့အနေနဲ့ အီရန်က ဂျော်ဒန်ရှိ အမေရိကန်စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်လိုက်ပါတယ်။ လာသမျှဒုံးကျည်တွေကို ပစ်ချနိုင်ခဲ့တဲ့အတွက် ထိခိုက်မှု ကြီးကြီးမားမား မရှိပါဘူး။
အဲဒီမတိုင်ခင်ရက်က ဟော်မုဇ်ရေလက်ကြားမှာ အိုမန်ဘက် အပြင်အကျဆုံး Jazirat Musandam ဆိုတဲ့ ကျွန်းနဲ့ ပင်မမြေနဲ့ဆက်နေတဲ့နေရာကြားက အရင်မသုံးခဲ့ဖူးတဲ့ လမ်းကြောင်းတခုအဖြစ် သင်္ဘောတွေ သွားလာနိုင်ဖို့ ဖော်ဆောင်ပေးထားတယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီလမ်းကြောင်းက အကျယ် ပေ ၁၆၀၀ရှိပြီး ရေစူး ၉၃ပေ နက်ပါတယ်။ အဲဒီနေရာက သွားရင် အီရန်ရဲ့ စောင့်ကြည့်မှုကို ရှောင်ရှားနိုင်မယ်လို့ ဆိုကြပေမယ့် အမေရိကန်နဲ့ အိုမန်တာဝန်ရှိသူတွေက အတည်ပြုမထားသေးပါဘူး။ အမေရိကန်တပ် တွေဟာ ဒေသတွင်းလှုပ်ရှားမှုများကို စောင့်ကြည့်နေဆဲဖြစ်ပြီး ဟော်မုဇ်လို နိုင်ငံတကာ ရေပိုင်နက်မှာ ကုန်သင်္ဘောတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် အကာအကွယ်ပေးနိုင်ဖို့အတွက် အသင့်အနေအထားမှာ ရှိနေတာပါ။
အီရန်အစိုးရတီဗီက သမ္မတထရမ့်ရဲ့ အငယ်ဆုံးသား ဘာရွန့်အသက်ကို ရန်ရှာနိုင်ရင် ၁၀သန်းပေးမယ်လို့ ထုတ်လွှင့်လိုက်ပြီးနောက်မှာ အသက် ၂၀ရှိ ကောလိပ်ကျောင်းသား ဘာရွန်က အစောင့်အကြပ် ထူထူထပ်ထပ်နဲ့ သွားလာနေရတယ်လို့ သိရပါတယ်။ နောက်သတင်းတပုဒ်မှာတော့ ဘာရွန်တင်မက First Lady Melania ကိုပါ အသက်အန္တရာယ်ပေးဖို့ ပစ်မှတ်ထားနေကြောင်း ဖော်ပြထားပါတယ်။ လှုပ်တိုင်းမြုပ်နေတဲ့အခြေအနေမှာ မဲမိမဲရာ မဲတဲ့သဘောဖြစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က အီရန်အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မစွန့်လွှတ်သ၍ Operation Economic Outcast နဲ့ ကမ္ဘာ့စီးပွားရေးကွန်ယက်တွေကနေ အထီးကျန်အောင် ဖယ်ထုတ်တော့မယ်လို့ ကြေညာသွားပါတယ်။ အဲဒီစစ်ဆင်ရေးမှာ အီရန်အစိုးရကို အသက်ဆက်ပေးနေတဲ့ ရေနံကနေ ငွေဝင်တာတွေ၊ သင်္ဘောပို့ဆောင်တဲ့ ကွန်ယက်တွေ၊ ကြားက ဝင်ပြီး အထောက်အကူပေးတဲ့ လူ/အဖွဲ့အစည်းတွေ အားလုံးကို အီရန်နဲ့ ဆက်သွယ်လို့/ အလုပ်ဆက်လုပ်လို့ မရအောင် ဖြတ်တောက်ထားမှာဖြစ်ပါတယ်။
အီရန်နဲ့ ဆက်လက်ဆက်ဆံ/ အလုပ်လုပ်နေသေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဘဏ်တွေ၊ ကမ္ဘာတလွှားက အီရန်ရဲ့ ကုန်သွယ်ဘက်နိုင်ငံတွေအပြင် အီရန်အပေါ် ချမှတ်ထားတဲ့ ဆန်ရှင်ကို ရှောင်တိမ်းနိုင်အောင် ကူညီပေးနေတဲ့ နိုင်ငံတွေ အားလုံးကိုလည်း secondary sanction ချမှတ်မှာဖြစ်ပါတယ်။
ရေနံမှောင်ခိုရောင်းချရာမှာ ပါဝင်တဲ့ ဒါဇင်နဲ့ချီတဲ့ သင်္ဘောတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ရှဲဒိုးဘဏ်ကွန်ယက်တွေကိုပါ ဆန်ရှင်ချထားလိုက်ပါတယ်။ ဥပမာ အီရန်ရဲ့ တရားမဝင်ငွေလွှဲမှုတွေမှာ ကူညီပေးနေတဲ့ အီဂျစ်က Banque Misr ရဲ့ UAE ဘဏ်ခွဲကို US ဒေါ်လာစနစ်ကနေ ဖယ်ထုတ်ဖို့ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။
အီရန်မှာ ငွေဖောင်းပွမှုနှုန်းက မနှစ်ကထက် ၅၂.၈% တက်နေပြီဖြစ်ပါတယ်။ ဒီနှစ်ဆန်းမှာ တဒေါ်လာကို ရီရဲလ် ၁.၃သန်း ဖြစ်ခဲ့တာကနေ အခုဆိုရင် ၂သန်းကျော်သွားပါပြီ။ ပြည်သူတွေက အစိုးရဘက်က လက်နက်ကိုင်ဝန်ထမ်းတွေကတော့ အဆင်ပြေမှာပဲလို့ ထင်နေကြပေမယ့် သူတို့လည်း တော်တော် ခက်ခဲနေပါတယ်လို့ ရဲအရာရှိတဦးက ပြောသွားပါတယ်။ တိုင်းပြည်စီးပွားရေးကို ဒီထက်တော်တဲ့ တတ်တဲ့သူတွေ ဦးဆောင်သင့်တယ်လို့လည်း ဆန္ဒဖော်ထုတ်သွားပါတယ်။
ဆော်ဒီနဲ့ အရပ်ဖက်သုံး နျူစာချုပ်ကို ကွန်ဂရက်စ်မှာ ဆန်းစစ်သုံးသပ်ပေးဖို့ သမ္မတထရမ့်က ပို့လိုက်ပါပြီ။ ဒီစာချုပ်ကို အကောင်အထည်မဖော်ခင်မှာ ဆော်ဒီအနေနဲ့ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ရမယ်လို့လည်း ထပ်မံသတိပေးလိုက်ပါတယ်။
ဆီးရီးယားမှာ တူရ်ကီစပိုင်ကွန်ယက် ဘယ်လိုလှုပ်ရှားနေတယ်ဆိုတဲ့အကြောင်းကို ဖော်ထုတ်ထားတဲ့ ထောက်လှမ်းရေးသတင်းကို အစ္စရေးမိုဆက်အကြီးအကဲ Roman Gofman က ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး Assad al-Shaibani ကို တူရ်ကီစပိုင်တွေ ခိုးနားထောင်တဲ့ ပစ္စည်းတွေရဲ့ တည်နေရာ မြေပုံအတိအကျနဲ့တကွ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။ တူရ်ကီက ဟာမာ့စ်နဲ့တကွ အမေရိကန်နဲ့ ဥရောပက မွတ်အဖွဲ့အစည်းတွေရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ မွတ်ဘရားသားဟွတ်ရဲ့ အမာခံ ထောက်ပံ့သူဖြစ်ပါတယ်။
ဂါဇာကမ်းမြှောင်မှာ နေထိုင်တဲ့ ပါလက်စ်တိုင်းမိသားစုတခုနဲ့ NBC သတင်းထောက်တချို့ကို အစ္စရေးနံပါတ်နဲ့ ကားတစီးမှာ ပါလာတဲ့ အဲဒီမှာအခြေလာချနေကြတဲ့ မျက်နှာဖုံးစွပ် အစ္စရေးလူငယ်တချို့က တုတ်တွေနဲ့ ထွက်ရိုက်ကြတယ်လို့ သိရပါတယ်။ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ်ဟတ်ကဘီက အဲဒီလူတွေကို အစ္စရေးအကြမ်းဖက်တွေလို့ စွပ်စွဲလိုက်ပြီး အမြန်ဆုံး ဖော်ထုတ်အရေးယူနှိမ်နှင်းဖို့ အစ္စရေးအစိုးရကို တိုက်တွန်းလိုက်ပါတယ်။