နိပေါနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ မြေပြို/ရေကြီးမှုရဲ့ မြစ်ဖျားခံရာကတော့ နိပေါမြောက်ဘက် တိဘက်/ တရုပ်နယ်စပ်နားရှိ ဟိမဝန္တာ တောင်တန်းတွေထဲက Langtang Lirung နဲ့ Tsangbu Ri တောင်ထိပ် တွေပဲ ဖြစ်ပါတယ်။ အဲဒီတောင်ထိပ်မျိုးဟာ အောက်ခံက ကျောက်သားဖြစ်ပေမယ့် မြင့်လွန်းတဲ့ အတွက် အပေါ်က ရေခဲတွေဖုံးနေပြီး ရာသီဥတု ပူနွေးလာတဲ့အခါ အဲဒီရေခဲတွေရဲ့ အတွင်းပိုင်းက ပျော့လိုက်လာပြီး အပေါ်က ရေခဲထုကြီးပါ အောက်ဘက်ကို ရွေ့လျား စီးဆင်းတဲ့ ရေခဲမြစ် glacier ဖြစ်လာတတ်ပါတယ်။ Langtang Valley လန်တန်းချိုင့်ဝှမ်းမှာ Lirung လိုတောင်တွေ ရှိတဲ့အတွက် Valley of Glaciers လို့ ခေါ်တတ်ကြပြီး မြို့တော်ခတ္တမန္ဒူနဲ့ မိုင် ၄၀ဝန်းကျင်ပဲ ဝေးတဲ့အတွက် ကမ္ဘာအနှံ့က ခရီးသွားတွေ လာရောက်တောင်တက်လေ့ရှိတဲ့ နေရာတခု ဖြစ်ပါတယ်။
ဟိမဝန္တာတောင်တန်းတွေမှာ မိုးများတဲ့ အခုလိုအချိန်တွေမှာ မြေပြို ရေကြီးတာတွေက ဖြစ်လေ့ရှိတယ် ဆိုပေမယ့် ဒီတခါလို ဆူနာမီလို့ခေါ်ရလောက်တဲ့အထိ ထုထည်ကြီးမားမြန်ဆန်လွန်းတဲ့ မြေပြို/ ရေကြီး တာက ခုနောက်ပိုင်းမှာမှ ပိုတွေ့လာရတာပါ။ ဩဂုတ် ၂၆ရက် နံနက်က စတင်တဲ့ မြေပြို/ရေကြီးမှုဟာ ၁ နာရီလောက်အလိုအထိ ဘာမှ ထူးခြားမှုမရှိသေးတာကို တရုပ်ခရီသွားတဦးရဲ့ ပုံတွေမှာ တွေ့ရပါတယ်။ နာရီဝက်သာသာအလိုမှာ ရိုက်ထားတဲ့ပုံကျမှ တောင်အောက်ပိုင်းနားမှာ မြူလိုလို ဖုံလုံးတွေလို စထွက်လာတာ တွေ့ကြရပါတယ်။ တောင်အောက်ခြေက ကျောက်ထုပြိုပျက်သွားတော့ အပေါ်က ရေခဲထုကြီး ပြိုဆင်းလာတာက ၅.၂ ငလျင်အားလောက်ရှိတော့ ပထမတော့ ဒေသခံတွေက ငလျင်ကြောင့် ဖြစ်သလိုလို ထင်ကြပါတယ်။
အဆိုပါဒေသမှာ နောက်ဆုံးလှုပ်ခဲ့တဲ့ ငလျင်က ၂၀၁၅မှာဖြစ်ပြီး ၇.၈အင်အား ဖြစ်ပါတယ်။ အဲဒီတုန်းက ရေခဲထုကြီး ပြိုကျ ရေလွှမ်း၊ ရွာတွေပျက်စီးနဲ့ လူ ၃၀၀နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။ ခုဖြစ်ရပ်မှာ အနည်းဆုံး လူထောင်ကျော်သေဆုံးမယ်လို့ ခန့်မှန်းထားကြတာပါ။ ဖြစ်ရတဲ့အကြောင်းရင်းကို Grenoble Alpes University က geomorphologist Kristen Cook နဲ့ ကမ္ဘာတလွှားက ရာနဲ့ချီတဲ့ အခြားဘူမိပညာရှင်တွေ ဝိုင်းပြီးအဖြေထုတ်ကြတာက အရင်ဖော်ပြကြသလို ရေခဲတောင်ပြိုပြီး ရေခဲမြစ်ဖြစ်တာမဟုတ်ပဲ မြေပြိုတာလို့ ဆိုကြပါတယ်။
ဖြစ်နိုင်ခြေရှိတာက အောက်ဆုံးအလွှာက ပူနွေးလာတာကြောင့် အပေါ်က ထုထည်ကြီးမားထူထပ်တဲ့ ရေခဲချပ်ကြီးက အောက်ခံကျောက်သား ပေါ်ကနေ လျောကျပြီး တောင်ခြေက ချိုင့်ဝှမ်းထဲကို ကျရောက်ပြိုကွဲခဲ့ပါတယ်။ အဲဒီကနေ ပြန့်ကြဲထွက်လာတဲ့ ရေခဲနဲ့ ကျောက်တွေက အဲဒီထက်နိမ့်တဲ့ Lhende Khola ချိုင့်ဝှမ်းကို တနာရီ ၁၅၀ကီလို အရှိန်နဲ့ စီးဆင်းသွားရာက ရေကြီးမှုဖြစ်ပြီး ရေမျက်နှာပြင်က နာရီဝက်အတွင်းကို ၉မီတာအထိ တက်သွားခဲ့ပါတယ်။ အမြင့်ဆုံးစီးဆင်းတဲ့နှုန်းက တနာရီကို ၁၉၀ကီလို/ မိုင်၁၂၀ အထိ ဖြစ်သွားခဲ့တာပါ။ စီးဆင်းတဲ့တလျောက်မှာ ပါလာတဲ့ အပျက်အစီး/ မြေကြီး/ နုံးတွေက Trishuli/ Lhende Khola မြစ်ကို ပိတ်ဆို့သွားစေတဲ့အတွက် တမံ/ တာပျော့ပျော့လို ဖြစ်သွားပြီး နောက်ကရေ/ရွှံ့/အပျက်အစီးထုက ထပ်တိုးလာတဲ့အခါ တာကျိုးသလို ဖြစ်ပြီး ဘေးအန္တရာယ်တွေ ဆင့်ကဲဆင့်ကဲ ဖြစ်ဖို့ တံခါးဖွင့်ပေးလိုက်သလို ဖြစ်လာပါတယ်။
ခုနောက်ပိုင်းမှာ အခုလို ကုန်းတွင်းဆူနာမီတွေ ပိုဖြစ်လာရတဲ့ အကြောင်းရင်းတွေကတော့ ဒီ river valley ကျဥ်းကျဥ်းလေးတွေထဲမှာ ရေအားလျှပ်စစ်စက်ရုံတွေ အများကြီးပြုံဆောက်ထားတာက အဓိကကျပါလိမ့်မယ်။ နိပေါက မြန်မာပြည်ရဲ့ ၅ပုံ၁ပုံသာသာပဲရှိတဲ့ နိုင်ငံလေးဖြစ်ပေမယ့် ၁မီဂါဝပ်အထက် ထုတ်လုပ်နိုင်တဲ့ ရေအားလျှပ်စစ်စက်ရုံ ၁၈၉ခုရှိပြီး ဆောက်လုပ်ဆဲက ၂၆၀ကျော် ဖြစ်ပါတယ်။ အဲဒီထဲက အများစုက ဟိမဝန္တာတောင်ကြောတလျောက်က မတ်စောက်တဲ့ မြစ်တွေ ပေါ်မှာ တည်ဆောက်ထားတာပါ။ ရေအားလျှပ်စစ်စက်ရုံတွေဆောက်တော့ ဆောက်လုပ်ရေး ပစ္စည်းတွေသယ်ဖို့ လူသွားဖို့ လမ်းတွေဖောက်ရ၊ တောင်တွေကိုတူးပြီး လှိုင်ခေါင်းတွေဖောက်ရဆိုတော့ တုန်ခါမှုတွေရှိတာရော၊ ဒီနှစ်က El Nino ဆိုတော့ အရင်ကထက် ပိုပူတာရော အကုန်စုသွားတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒီလို မကြုံစဖူးကြီးမားတဲ့ မြေပြို/ရေကြီးခြင်းကပ်ဘေးကြောင့် ခရိုင် ၁၀ခုအတွင်းက လက်ရှိလည်ပတ်နေတဲ့ ရေအားလျှပ်စစ်စက်ရုံ ၁၇ခုနဲ့ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်စက်ရုံ ၁၅ရုံ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး အလုပ်သမားပေါင်း ၉၀၀ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ စုစုပေါင်းပျောက်ဆုံးသူကတော့ ၄၇၀၀ကျော်သွားပါပြီ။ တိုင်းပြည် လျှပ်စစ်ထုတ်လုပ်မှုရဲ့ ၁၀-၁၂% ဖြစ်တဲ့ ၄၃၁မီဂါဝပ် ဆုံးရှုံးသွားတာဖြစ်လို့ အိန္ဒိယကနေ ဝယ်ယူသုံးစွဲနေရပါတယ်။
သဘာဝဘေးအန္တရာယ်နဲ့ ကြုံလာရပြီဆိုရင် စဖြစ်တာကနေ ၇၂နာရီအတွင်းက အရေးအကြီးဆုံး အချိန်ပါပဲ။ အဲဒီအချိန်မှာ ကယ်နိုင်တဲ့သူတွေကို ကယ်ပေးဖို့နဲ့ ကျန်ရှိသူတွေ ပြင်ပထောက်ပံ့မှု ရမလာခင်မှာ အသက်ဆက်ရှင်နိုင်ရေးအတွက် သူတို့ဖာသူတို့ ဆောင်ရွက်နိုင်အောင် လိုအပ်တာတွေ လုပ်ပေးထားဖို့ လိုအပ်ပါတယ်။
စဖြစ်တာက ရေခဲပြိုတာ မြေပြိုတာတွေက တိဘက်/တရုပ်နယ်မြေထဲမှာ စဖြစ်ခဲ့တာဆိုပေမယ့် အပျက်အစီး အသေအဆုံးအများဆုံးဖြစ်တာက နိပေါနယ်မြေထဲမှာ ဖြစ်ပါတယ်။ နိပေါက အခုလို ဘေးအန္တရာယ်တွေနဲ့ ကြုံနေကျဖြစ်တော့ စဖြစ်တာနဲ့ အပေါ်ကအမိန့်ကို စောင့်နေစရာမလိုပဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ခြင်း စတင်ကြပါတယ်။ လုံခြုံရေးတပ်အင်အား ၂၂၀၀၀ကျော် သုံးထားပြီး အစိုးရ website မှာလည်း ပျောက်ဆုံး/ သေဆုံး/ တွေ့ရှိ လူစာရင်းကို နာမည်၊ အသက်၊ လိင်၊ နိုင်ငံ၊ လက်ရှိရှိနေတဲ့နေရာ စသဖြင့် အချိန်နဲ့ တပြေးညီ တင်ထားပေးပါတယ်။
တရုပ်ပြည်ကလည်း နိပေါမှာ ရှာဖွေကယ်ဆယ်ရေးအတွက် လုံခြုံရေးတပ်အင်အား ၂၀၀၀လောက် လွှတ်ပါတယ်။ AI လူပုံစက်ရုပ်တွေ အင်မတန်တိုးတက်နေပါတယ်ဆိုတဲ့ တရုပ်ပြည်က နိပေါရေလွှမ်းမိုးမှုမှာ ရဟတ်ယာဥ်တွေ၊ ဒရုန်းတွေ၊ အနံ့ခံခွေးတွေ၊ အပူဓါတ်အာရုံခံကိရိယာ၊ လူရှာစက်ရုပ်၊ စက်သီးတွေကစလို့ ဘာယန္တရားအကူအညီမှ မပါတဲ့အပြင် အကောင်းဆုံး ရှာဖွေချိန် ၇၂နာရီကို ကျော်သလောက်ရှိမှ ရောက်လာခဲ့တာကို တွေ့ကြရပါတယ်။
ရောက်လာပြန်တော့လည်း ရွှံ့နွံ့တွေ ထုနဲ့ထည်နဲ့ ဖုံးလွမ်းသွားတဲ့နေရာက အပျက်အစီးတွေကို လက်တွေနဲ့ ဖယ်ပြီး ဘယ်သူတွေရှိသေးလဲဆိုတာကို ပါးစပ်နဲ့ အော်မေးနေတာက မိသားစုဝင်တွေ ပျောက်နေကြတဲ့ တရုပ်တွေအတွက် စိတ်အားတက်စရာမြင်ကွင်းတခု ဟုတ်မနေပါဘူး။ ၂ရက်ကျော်မှ ဆိုတော့ ရွံ့နွံတွေအောက် လူပိတ်မိနေရင်တောင် ပြန်အော်အသိပေးနိုင်ဖို့ အင်အားရှိမှာ မဟုတ်ပါဘူး။
ဒီလို ကယ်ဆယ်ရေးလုပ်သားတွေက အချိန်ကြာကြာ ဆက်တိုက် အလုပ်လုပ်နိုင်ဖို့ လေ့ကျင့်ထားတာ ဖြစ်ပေမယ့် ဘယ်သူတဦးတယောက်ကိုမှ မကယ်နိုင်ခင် လမ်းဘေးတွေမှာ အတုန်းအရုန်း အိပ်နေကြတာကိုလည်း တရုပ်ပြည်သူတွေ စိတ်တိုကြရပါတယ်။ အပေါ်က အမိန့်ပေးမှ လုပ်လို့ရတဲ့ တရုပ်တပ်တွေ ရှာဖွေတွေ့ရှိတာက အခုထိ ၇ဦးပဲ ရှိသေးပေမယ့် အပေါ်ကအမိန့် စောင့်စရာမလိုတဲ့ နိပေါတွေက ၁၁,၀၀၀ကျော် ကယ်ဆယ်နိုင်ခဲ့ပါပြီ။
တရုပ်ပြည်က ပျောက်ဆုံး/ သေဆုံး/ တွေ့ရှိစာရင်းကို တရားဝင်မထုတ်ပြန်ပဲ စုစုပေါင်းနံပါတ်ပဲ ပြောတဲ့အတွက် မိသားစုဝင်တွေပျောက်နေတဲ့ တရုပ်ပြည်သူတွေက ဘယ်သွားမေးရမလဲ မသိနေကြသလို နိပေါက website ကိုလည်း နိုင်ငံခြားကဖြစ်လို့ ဆင်ဆာသိပ်များလို့ intranet သဘော လောက်ပဲ ရကြတဲ့ တရုပ်ပြည်ကနေ ဝင်မကြည့်နိုင်ကြပြန်ပါဘူး။ နိပေါက ရေအားလျှပ်စစ်စက်ရုံတွေ ဆောက်လုပ်ရာမှာ တရုပ်လုပ်သားတွေ အများကြီးပါသလို တောင်တက်ခရီးသွားတွေထဲမှာလည်း တရုပ်တွေ ပါကြပါတယ်။
ပုံမှန်အားဖြင့် ကမ္ဘာတလွှား အခုလိုသဘာဝဘေးအန္တရာယ်တွေ ဖြစ်တိုင်း အမေရိကန်က ငွေ/ဆေး/ ရိက္ခာအကူအညီအပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ပို့လွှတ်လေ့ရှိသလိုပဲ အခုလည်း နိပေါကို ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေပို့ဖို့ ကမ်းလှမ်းပါတယ်။ အဲဒါကို တရုပ်ရဲ့ အနီးကပ်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ နိပေါက ငြင်းပယ်ပါတယ်။ တချို့ကလည်း ဟိမဝန္တာတောင်တန်းတွေအောက်က လှိုဏ်ခေါင်းတွေမှာ တရုပ်ရဲ့ ကလီစာမှောင်ခိုလုပ်ငန်းတွေရှိနေတာကို အမေရိကန်တွေ မသိစေချင်လို့ လို့ ဆိုကြပြီး ကိုယ်တိုင်တွေ့ခဲ့ဖူးသူတဦးကတော့ “မတော်တဆ/ရုတ်တရက်” သေဆုံးသွားခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
တရုပ်စစ်တပ်မှာ ရဟတ်ယာဥ်ပေါင်း ၁၅၀၀လောက် ရှိနေတဲ့အတွက် အခုလို မတ်စောက် မညီညာတဲ့ နေရာမျိုးမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ ရဟတ်ယာဥ်တွေ ဘာလို့မပို့ကူတာလဲဆိုတာကိုလည်း တချို့က မေးခွန်းထုတ်နေကြပါတယ်။ သုံးသပ်သူတဦးကတော့ တရုပ်လုပ်ရဟတ်ယာဥ်တွေနဲ့ ပို့ကူရင်း ပျက်ကျတာတွေဖြစ်လာခဲ့ရင် တရုတ်လုပ်ပစ္စည်းတွေ စိတ်မချရတာ လူသိမှာစိုးလို့လို့ ပြောပါတယ်။ သူ့အမြင်က ဟာသလို ဖြစ်နေပေမယ့် ဖြစ်နိုင်ခြေကလည်း ရှိနေတာပါပဲ။
နိပေါဘက်က သတင်းသမားတွေ ဝင်ခွင့်ပေးပြီး လူတွေနဲ့ တွေ့ဆုံမေးမြန်းခွင့် ရကြပါတယ်။ တရုပ်မှာ ဒီလိုမျိုး မြင်တွေ့ရဖို့ မဖြစ်နိုင်ကြောင်း၊ နိပေါလို ဆင်းရဲတဲ့ နိုင်ငံငယ်လေးက အင်တိုက်အားတိုက် ရှာဖွေရေးလုပ်ပြီး သတင်းစီးဆင်းမှုမြန်ဆန်တာကို တရုပ်ပြည်သူတွေက သဘောကျနေကြတာပါ။တကယ်ဆို မြေပြိုမှုအစက တရုပ်ဖက်က ဖြစ်တဲ့အပြင် ရာနဲ့ချီတဲ့ ရေအားလျှပ်စစ်စက်ရုံဆောက်တာတွေကလည်း တရုပ်က စားထားရတာဖြစ်ပြီး သူတို့နိုင်ငံသားတွေ အများအပြား ပါဝင်နေတဲ့ကိစ္စဖြစ်လို့ ရှာဖွေ/ကယ်ဆယ်ရေးမှာ ဒီထက်ပိုပြီး အင်တိုက်အားတိုက် ကူညီသင့်တယ်လို့ မြင်ကြပါတယ်။