တိဘက်/နိပေါ မြေပြို/တောင်ကျရေကြီးမှု (၂)

အစပိုင်းမှာ သတင်းတွေတက်လာစဥ်ကရော သတင်းအတော်များများမှာပါ မြေပြို/ရေကြီးမှုဟာ နိပေါဘက်က စခဲ့ပြီး သူတို့ဘက်တောင် ထိသလိုလို ပြောကြ ရေးကြပါတယ်။ အဲဒါကလည်း တရုပ်က သတင်းအမှောင် ချထားတာအပြင် တရုပ်ကို မဝေဖန်ဝံ့ကြတဲ့ မီဒီယာတွေရဲ့ အဂတိလိုက်စားမှုကြောင့် ပါပဲ။ တကယ်တော့ တောင်ကြော တောင်ထွဋ်တွေရဲ့ တဖက်ခြမ်းက တိဘက်၊ တဖက်ခြမ်းက နိပေါ ဖြစ်ပြီး တောင်ရဲ့ အောက်ခံကျောက်သားစပြိုတာက တိဘက်ဖက်ခြမ်းမှာဖြစ်ပါတယ်။ အဲဒါကနေ ၂၂မိနစ်ကြာမှ ရေခဲချပ်ကြီး ပြိုကျတာဖြစ်လို့ တရုပ်ဘက်က နိပေါကို သတိပေးမယ်ဆိုရင် မိနှစ် ၂၀ဆိုတာ လူ့အသက်အများကြီးကို ကယ်လိုက်နိုင်ဖို့ အရမ်းကို တန်ဖိုးရှိလှတဲ့အချိန်ဖြစ်ပါတယ်။

မြေပြိုတာနဲ့ တောင်ကျရေကြီးတာက တိဘက်ကစတာဆိုရင် အဲဒီမှာရော သေကျေပျက်စီးတာတွေ မရှိဘူးလားလို့ မေးစရာရှိပါတယ်။ ပြည်ပ(အိန္ဒိယ)ရောက်တိဘက်ဗဟိုအစိုးရခေါင်းဆောင်ဟောင်း Lobsang Sangay က တိဘက်ထဲမှာလည်း သေဆုံးသူရာဂဏန်းရှိကြောင်း၊ စဖြစ်ပြီး နောက်တရက်မှာ အင်တာနက်တွေ အဖြတ်ခံရပြီး မြေပြို/ရေကြီးတဲ့ ပုံတွေကို တရုပ်အင်တာနက်ပေါ်က အကုန်ရှင်းပစ်ခဲ့ကြောင်း၊ အဲဒီဘေးဒုက္ခနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ သူတို့ပြတာက တရုပ်တပ်သားတွေ နိပေါမှာ သွားကူနေတဲ့ပုံတချို့၊ ရွှံ့မပေတဲ့ ဖိနပ်တွေနဲ့ တာဝန်ရှိသူလူကြီးမင်းက သွားရောက်မေးမြန်းတာ၊ ဟန်တရုပ်စစ်သားက တိဘက်တွေကို ဘေးလွတ်ရာကို ဝေဠုကျော် လုပ်နေတဲ့ ပုံတွေ ဗီဒီယိုတွေပဲ တင်ထားတယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့ အင်တာနက်ပိတ်ပြီး ဝါဒဖြန့်ပုံတွေပဲ တင်တာလဲဆိုတော့ ဒေသခံတွေ ဆူပူကုန်ကြမှာ စိုးလို့ပါတဲ့။

တိဘက်မှာ ရေကာတာ/ ရေအားလျှပ်စစ်စက်ရုံပေါင်း ၃၀၀ကျော် ရှိတာမှာ အကြီးစားရေကာတာ ၁၉၃ခုက ၂၀၀၀ခုနှစ် နောက်ပိုင်းမှာမှ ဆောက်ပြီး/ ဆောက်ဆဲ/ ဆောက်မလို့ စီမံကိန်းချထားတာ ဖြစ်ပါတယ်။ တိဘက်ကုန်းမြင့်က မြန်မာပြည်ရဲ့ ၃.၆၉ဆ ကြီးပေမယ့် လူဦးရေက ၃.၆သန်းသာ ရှိပြီး စက်မှုထွန်းကားတဲ့ဒေသမဟုတ်လို့ ဟိမဝန္တာတကြောမှာ ရေကာတာတွေလှိမ့်ဆောက်နေတာက တိဘက်တွေအတွက်မဟုတ်ပဲ​ အေအိုင်ဒေတာစင်တာတွေအတွက်လို့ Lobsang Sangay က ပြောသွားပါတယ်။

ရေပြည့်နေတဲ့ ရေကာတာတွေကြီးတွေက ငလျှင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်စေတယ် ဆိုတဲ့ reservoir-induced seismicity or reservoir-triggered seismicity ဖြစ်စဥ်ဟာ မှတ်တမ်းမှတ်ရာ ကောင်းကောင်းမွန်မွန် ရှိပြီးသားဖြစ်တဲ့အပြင် ဟိမဝန္တာဒေသက ကမ္ဘာ့အလျင်လှုပ်မှုအများဆုံး တောင်တန်းတွေဖြစ်လို့ အဲဒီလိုနေရာမှာ ရေကာတာတွေအများကြီး သွားဆောက်တာဟာ ဒေသတွင်းနိုင်ငံတွေအားလုံးအတွက် တော်တော်အန္တရာယ်များတဲ့ကိစ္စပါ။

ဒေသတွင်းမှာ အရေးပါတဲ့ မြစ်ကြီးတွေဖြစ်ကြတဲ့ ယန်ဇီ၊ မြစ်ဝါ၊ မဲခေါင်၊ ဗြဟ္မပုတ္တရ၊ အင်္ဒု၊ သံလွင်၊ ဂင်္ဂါနဲ့တကွ ဧရာဝတီမြစ်ပါ တိဘက်ကုန်းမြင့်က ရေခဲမြစ်ကန်တွေကနေ မြစ်ဖျားခံတဲ့အတွက် တိဘက်ကုန်းမြင့်ကို အာရှရဲ့ ရေစင်ကြီးလို့ သိထားကြတာပါ။ တိဘက်ဒေသမှာ ရေခဲမြစ်ကန် glacier lake ၁၃၀၀၀ခန့်ထဲက ပေါက်ကွဲပြီး ပတ်ဝန်းကျင်ကို ရေလွှမ်းနိုင်ခြေမှာ ၁၂၅၆ က high risk ဖြစ်ပြီး ၁၈၂ က extremely high risk ဖြစ်ပါတယ်။

ကမ္ဘာ့ရေစင်ကြီးကို ထိန်းချုပ်ထားတဲ့ တရုပ်က UN ရဲ့ Water Sharing Convention ကို လက်မှတ်မထိုး အတည်မပြုထားတဲ့အပြင် ဒေတာတွေကိုလည်းမမျှဝေ၊ ဘေးဆိုးကြုံလာရရင်တောင် သတိပေး လက်တို့တာ မလုပ်တာကလည်း တရုပ်ကို သိပ်ကြည်ညိုစေချင်ကြတဲ့သူတွေ သိထားသင့်တဲ့ အချက်ပါပဲ။ ပိုဆိုးတာက ရေကာတာတွေကို အချိန်ကိုက် ဖောက်ချခြင်းနဲ့ မြစ်ခြေက သူတို့ ပညာပေးချင်သူတွေကို ပေးနိုင်တာပါ။

မြေပြို/ရေကြီးမှုမှာ ပျက်စီးသွားတဲ့ တိဘက်နဲ့ နိပေါနယ်စပ်က Gyirong Port နဲ့ က အဲဒီရဲ့ အရှေ့တောင် ဘက်က Zhangmu Port တွေက တရုပ်ရဲ့ Belt and Road Initiative မှာ အရေးပါတဲ့ ကုန်းတွင်း ဆိပ်ကမ်းတွေဖြစ်လို့ ၆လမ်းသွားအမြန်လမ်းတွေ၊ ရထားလမ်းတွေ၊ တောင်ဖြတ်လှိုဏ်ခေါင်းတွေ ရေအားလျှပ်စစ်စက်ရုံဆောက်ဖို့ ရေကာတာကြီးတွေ ဆောက်ကြတာဆိုတော့ အဲဒါတွေဖြစ်လာဖို့ တောတွေရှင်းရ၊ တောင်တွေကို ဒိုင်းနမိုက်တွေနဲ့ ခွဲရဆိုတာတွေက ဒေသတွင်းရေလွှမ်းနိုင်မယ့် အန္တရာယ်ကို အမြန်လာဖို့ ဖိတ်ခေါ်နေသလိုပါပဲ။

အခုလို အန္တရာယ်တွေ အများကြီးရှိနေတဲ့ကြားက ၆၀ဂီဂါဝပ်ထုတ်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စက်ရုံ Medog (also called Motuo) Hydropower Station ကို ဗြဟ္မပုတ္တရမြစ်ပေါ်မှာ တရုပ်က တည်ဆောက်နေပါတယ်။ အဲဒီဧရာမရေကာတာကြီးနဲ့ ယှဥ်လိုက်ရင် the Three Gorges Dam က ဘာမှကို မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ The Three Gorges Dam က ရေပြည့်ချိန်မှာ ရေထုတန်ချိန် ၃၉ဘီလီယံကို ထမ်းထားတာဖြစ်လို့ မြေပုံတွေမှာတောင် ရွေ့သွားတာ မြင်နေရတဲ့အထိ ကမ္ဘာမြေအပေါ် သက်ရောက်မှုကြီးတာပါ။

ဒါပေမယ့်လည်း မုန်းလျှင်အပြစ် ချစ်လျှင်အကျိုးဆိုတော့ တရုပ်ခေါင်းဆောင်တွေက လူသားအကျိုး မဟုတ်တဲ့ သူတို့လူတစုအကျိုးအတွက် ဖြစ်လာနိုင်တဲ့ ဧရာမအန္တရာယ်တွေကို မျက်ကွယ်ပြုပြီး ဒေတာစင်တာတွေဆောက်တာကို ဝေဖန်သူသိပ်မရှိပဲ အမေရိကန်မှာ ပြည်သူကို အကျိုးပြုမယ့် ဒေတာစင်တာတွေ ဆောက်တာကိုမှ ထပြီး ပူလောင်စပ်ခါးဖြစ်နေသူတွေလည်း ရှိနေပါတယ်။

ပျက်စီးမှုတွေကို ပြန်လည်တည်ဆောက်ဖို့ နိပေါနိုင်ငံ GDP ရဲ့ ၁၀% ကုန်ကျမှာ ဖြစ်တဲ့အပြင် ခရီးသွားလုပ်ငန်းကို အားထားနေရတဲ့ ကုန်းတွင်းပိတ်နိပေါနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းက ဝင်ငွေတွေ ဆုံးရှုံးနိုင်ခြေနဲ့ ရင်ဆိုင်ရဦးမှာပါ။ နိပေါအစိုးရကတော့ ဒီလိုဖြစ်ရတာ ကလိုင်းမိတ်ချိန့်ကြောင့်ပါဆိုပြီး အမေရိကန်၊ တရုပ်နဲ့ အိန္ဒိယကို လျော်ကြေးတောင်းပါတယ်။ အဓိကက သူ့ဆရာတြုပ် သဘောခွေ့အောင် အမေရိကန်ဆီက တောင်းချင်ပုံပါပဲ၊ မကောင်းတတ်လို့ တရုပ်နဲ့ အိန္ဒိယကို ထည့်ထားပေမယ့် ဆင်းရဲတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တော့ တရုပ်နဲ့ အိန္ဒိယ စိတ်ဆိုးအောင် လုပ်မယ့်ပုံ မရှိပါဘူး။

တိဘက်ဒေသမှာ မျက်မှောက်ခေတ်ရဲ့ အရေးပါတဲ့ ဗျူဟာမြောက်ဓါတ်သတ္တုတွေဖြစ်တဲ့ လစ်သူယံ၊ ကောပါး၊ ခရိုမီယမ်၊ ဘိုရက်စ်၊ မြေရှားတွေ ပေါကြွယ်ဝတဲ့အပြင် ခဲ၊ သွပ်၊ iron ore, ရွှေနဲ့ ဂရက်ဖိုက် စတာတွေလည်း အများအပြားထွက်ရှိတဲ့အတွက် အဲဒါတွေကို ထုတ်ဖော်ဖို့ လမ်းတွေ၊ ရထားလမ်းတွေ ဖောက်ရတာအပြင် ဓါတုပစ္စည်းတွေကိုလည်း အများအပြား သုံးရတာဖြစ်လို့ ကမ္ဘာ့ရေစင်ကြီး ညစ်ညမ်းသွားမှာကို ဒေသခံတွေနဲ့ သဘာဝမြတ်နိုးသူတွေက စိုးရိမ်နေကြတာပါ။

Leave a comment