ဒီတပတ်ထဲမှာ အီရန်က ဘာရိန်းက US 5th Fleet စစ်ဌာနချုပ်နဲ့ ဂျော်ဒန်က အမေရိကန်တပ်စခန်းတို့ကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေကြောင့် 5th Fleet ဌာနချုပ်မှာ အခြေခံအဆောက်အဦပိုင်း အကြီးအကျယ် ပျက်စီးသွားပြီး USS Abraham Lincoln လို လေယာဥ်တင်သင်္ဘောတွေ ဝင်လာရင် ဒေါက်တင်ဖို့ နေရာမရှိတော့တဲ့အထိ ဖြစ်ခဲ့တာပါ။ အရင်တိုက်ခိုက်မှုတွေကလည်း Riffa နဲ့ Isa လေတပ်အခြေစိုက်စခန်းတွေမှာရှိတဲ့ Patriot ဒုံးကျည် ကာကွယ်ရေးစနစ်တွေနဲ့ ဂြိုလ်တုဆက်သွယ်ရေးစလောင်းတချို့ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဘာရိန်းတိုက်ခိုက်မှုမှာ စစ်သည်/ အရပ်သားအပါအဝင် လူသူ ထိခိုက်မှုရှိတယ်လို့တော့ မကြားမိပါဘူး။
ဂျော်ဒန်ကို တိုက်ခိုက်မှုမှာတော့ A-10 Thurderbolt II “Warthog” ဂျက်တိုက်လေယာဥ်တစီး အတောင်ပံ ပြုတ်သွားပြီး F-15 ၈စီးခန့် အနည်းအကျဥ်း ထိခိုက်မှုရှိခဲ့ပါတယ်။ အဲဒီ ၈စင်းကတော့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးပြီးချင်း တာဝန်ပြန်လည်ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။ ဂျော်ဒန်စစ်တပ်က အီရန်ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် အစင်း ၂၀မှာ ၁၈စင်းကို ပစ်ချနိုင်ခဲ့ပြီး ၂စင်းကတော့ လူသူမရှိတဲ့ နေရာမှာ ပျက်ကျခဲ့တာပါ။ လူသူထိခိုက်မှူတော့ မရှိပါဘူး။
အီရန်က အမေရိကန်စစ်သင်္ဘောတွေကို ပစ်ခတ်ရာမှာ အသုံးပြုထားတဲ့ ဒုံးကျည်တွေက ကင်မရာနဲ့ အလင်းအာရုံခံ light sensor တွေကို အသုံးပြုထားတဲ့အတွက် ပစ်မှတ်ကို ပိုမိုတိကျစွာ ပစ်ခတ်နိုင်တယ်လို့ နယူးယောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA က အီရန်ရဲ့ အထူးခိုင်ခံ့အောင် ပြုပြင်ထားတဲ့ Pickaxe တောင် နျူစက်ရုံရှိရာဒေသမှာ လှုပ်ရှားမှူအသစ်တွေ ဖြစ်ပေါ်နေတာ တွေ့ရပေမယ့် ဘာတွေ လှုပ်ရှားနေတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ အဆိုပါလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သမ္မတထရမ့်က အီရန်ကို သတိပေးထားပါတယ်။
ယီမင်မှာ ဟူသီတွေက ဆော်ဒီအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့အပြင် ပင်လယ်နီ ထွက်ပေါက်ဖြစ်တဲ့ Bab al-Mandeb ရေလက်ကြားကို Taiz ခရိုင်က တောင်ကြောတွေကနေ ထိန်းချုပ်ဖို့ ခြိမ်းခြောက်လာပါတယ်။ အဲဒီအပေါ် နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ ယီမင်အစိုးရဖြစ်တဲ့ သမ္မတဦးဆောင်မှုကောင်စီရဲ့ ဥက္ကဋ္ဌ Rashad al-Alimi က ဟူသီတွေ သူတို့တိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်ကို မခံစားရတဲ့ခေတ်က ကုန်ဆုံးသွားပြီလို့ ကြွေးကြော်သွားပြီး ဟူသီတွေကို လက်နက်ချပါ၊ နိုင်ငံရေးလောကထဲကိုဝင်ပါ၊ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မဲရအောင်သာ ယှဥ်ပြိုင်ပါလို့ နောက်ဆုံးအနေနဲ့ တိုက်တွန်းသွားပါတယ်။
ယီမင်အစိုးရတပ်တွေက Marib တောင်ပိုင်းက ဟူသီတွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်သိမ်းယူလိုက်ပြီး ဟူသီတွေကို ဖမ်းဆီးထောင်ချထားတယ်လို့ သိရပါတယ်။
ဟူသီတွေရဲ့ အင်္ဂါနေ့က တိုက်ခိုက်မှုကြောင့် ဆော်ဒီရှိ မြို့ ၄မြို့က ရေနံစက်ရုံအချို့၊ ဓါတ်အားပေး စက်ရုံနဲ့ စစ်အခြေစိုက်စခန်းတခုမှာ အပျက်အစီးရှိခဲ့ပြီး လူ ၇၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့မှာ ဆော်ဒီအိမ်ရှေ့မင်းသားက ဟူသီတွေကို ဆုံးမပေးဖို့ သမ္မတထရမ့်ကို ၂ကြိမ်ဖုံးခေါ်ပြီး တိုက်တွန်းခဲ့ပေမယ့် အမေရိကန်တာဝန်ရှိသူတွေက လောလောဆယ် ဟူသီတွေကို တိုက်ရိုက် တိုက်ခိုက်ဖို့ အစီအစဥ်မရှိဘူးလို့ ဆိုပါတယ်။
အမေရိကန်က ကိုယ့်ရဲ့ အဓိကကျတဲ့ အမျိုးသား လုံခြုံရေးအကျိုးစီးပွားတွေဖြစ်တဲ့ ပင်လယ်နီဒေသရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာမှု စသည်ကို ကာကွယ်ဖို့ အာရုံစိုက်ထားတာဖြစ်ပြီး ကျန်တဲ့ ဒေသတွင်းလုံခြုံရေးစိန်ခေါ်မှုတွေကိုတော့ ဒေသတွင်း မိတ်ဆွေတွေကိုပဲ စီမံစေမယ်လို့ ထရမ့်အစိုးရအကြီးတန်းအရာရှိတဦးက Axios ကို ပြောသွားပါတယ်။ ဒါပေမယ့် ဆော်ဒီလိုအပ်တဲ့ ထလရသတင်းအချက်အလက်နဲ့ ပစ်မှတ်ဒေတာတွေကိုတော့ ပေးအပ်ကူညီသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ကူညီနိုင်ဖို့ အမေရီကန်စစ်ဘက်အကြံပေးတရာကျော်ဟာ ဆော်ဒီကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ဟူသီတွေ ဆော်ဒီကို တိုးမြှင့်တိုကခိုက်နေတဲ့အပေါ် သူနဲ့ လုံခြုံရေးစာချုပ် ချုပ်ပြီး ငှားထားတဲ့ ပါကစ္စတန်က အီရန်ကိုသတိပေးလိုက်ပါတယ်။ ပါကစ္စတန်ရဲ့ သတိပေးချက်က မိတ်ဆွေနယ်ကျဥ်းလာနေတဲ့ အီရန်အတွက်တော့ အလေးထားစရာ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။
အမေရိကန်ထောက်လှမ်းရေးဘက်က ထွက်လာတယ်ဆိုတဲ့ နောက်သတင်းတပုဒ်မှာတော့ ရာနဲ့ချီတဲ့ IRGC အရာရှိတွေဟာ ယီမင်မှာ ရောက်ရှိနေပြီး Bab-el-Mandeb ရေလက်ကြားကို ထိန်းချုပ် ပိတ်ဆို့နိုင်အောင် ဟူသီတွေနဲ့အတူ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
အစ္စရေးက လက်ဘနွန်က ဟဇ်ဘိုလာတွေရဲ့ မြေအောက်အခြေစိုက်စခန်းဖြစ်တဲ့ Ali Taher Ridge နဲ့ မြေအောက်လှိုဏ်ခေါင်းကွန်ယက်တွေကို ဖျက်ဆီးပစ်လိုက်တဲ့ အတွက် အီရန်က ဂျူးနှစ်သစ်ကူး ပိတ်ရက်တွေမှာ လက်တုန့်ပြန်လာနိုင်တာကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ အီရန်က လက်တုန့်ပြန်ခဲ့ရင် အစ္စရေးက ပိုကြီးတဲ့အင်အားနဲ့ပြန်တုန့်ပြန်မယ်လို့ သတိပေးထားပါတယ်။ 9/11 ရဲ့ ၂၅နှစ်မြောက် နှစ်ပတ်လည်ဖြစ်တဲ့ ဒီနှစ် ဒီလ ၁၁ရက်နေ့ဟာ ဂျူးနှစ်သစ်ကူးနဲ့ တရက်တည်း ကျနေတာပါ။
တကယ်တော့ လက်ဘနွန်က အစ္စလာမ်မာဘတ်နားလည်မှုစာချွန်လွှာရဲ့ ပထမဆုံးအပိုဒ်မှာ အီရန်ရဲ့ စောင့်ရှောက်ခြင်းကို ခံရတဲ့နိုင်ငံအဖြစ် ဖော်ပြထားတာပါ။ ဒါပေမယ့် လက်ဘနွန်တောင်ပိုင်းကို အစ္စရေးတွေက ထပ်ပြန်တလည်းလည်း တိုက်ခိုက်နေတာက အီရန်ကာကွယ်စောင့်ရှောက်ပေးမယ် ဆိုတဲ့အချက်က ဘယ်လောက်ထိရောက်သလဲဆိုတာကို ဖော်ပြနေတာပါပဲ။
အီရန်ပြည်တွင်းမှာတော့ ပါလီမန်စပီကာ မိုဟာမက်ဂါလီဘတ်ဖ်ရဲ့ မကြာသေးမီက ပြောခဲ့တဲ့ မိန့်ခွန်းတွေဟာ အမေရိကန်နဲ့ အစ္စရေးအပေါ် ရန်လိုတဲ့လေသံ ထွက်နေဆဲဖြစ်ပေမယ့် တိုင်းပြည်ရဲ့ ပြည်တွင်းအခြေအနေ အပေါ် စိုးရိမ်မကင်း ဖြစ်မှုက ပိုမိုသိသာလာနေတယ်လို့ ဆိုပါတယ်။
အီရန်ပြည်သူတွေက ဆီရှားပါးမှုအပြင် ရေပြတ်လပ်မှုတွေနဲ့ပါ ရင်ဆိုင်နေရတဲ့အတွက် ရေကာတာတွေက ရေထုတ်ပေးမှု ဖြတ်တောက်ခဲ့ရာက ထောင်နဲ့ချီတဲ့ ငါးတွေ သေကုန်ကြသလို ပါကစ္စတန်နယ်စပ်ကိုသွားတဲ့ ထရပ်ကားသမားတွေကလည်း ပါကစ္စတန်ဘက်ကို ဝင်လို့မရတဲ့အပြင် ရေနဲ့ အစားအစာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဒီနေ့မှာ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က တီဟီရန်ကို ပိုပြီးဖိအားပေးတဲ့အနေနဲ့ လာမယ့်အပတ်မှာ ဘဏ်ကြီးတခုကို ဆန်ရှင်လုပ်မယ်လို့ ပြောသွားပါတယ်။ ဘယ်ဘဏ်လဲဆိုတာကိုတော့ ပြောမသွားသေးပါဘူး။ အစက သောက်ြာနေ့မှာ စလုပ်ဖို့ မှန်းထားပေမယ့် 9/11 နှစ်ပတ်လည်နဲ့ တိုက်နေတဲ့အတွက် ရက်ရွှေ့လိုက်တာလို့ ဆိုပါတယ်။ ဘဏ်ကြီးရင် ကြီးသလောက် အကျိုးဆက်လည်း ကြီးမားနိုင်ပါတယ်။