Operation Epic Fury (112)

ယီမင်အနောက်ပိုင်းက ပင်လယ်နီဆိပ်ကမ်းမြို့တမြို့ဖြစ်တဲ့ Mokha နဲ့ အဲဒီနားက Perim ကျွန်းကို ဟူသီသူပုန်တွေက သိမ်းပိုက်လိုက်နိုင်သလို ယူအေအီးနောက်ခံပေးထားတဲ့ ကွန်မန်ဒါ Tariq Saleh ကို သစ္စာခံတဲ့ တပ်တွေဆီက အမေရိကန်လုပ် သံချပ်ကာယာဥ်တွေကို သိမ်းဆည်းရမိလိုက်ပါတယ်။ Perim ကျွန်းက Bab el-Mandeb Straitမှာ ရှိတဲ့အတွက် ကျဥ်းမြောင်းတဲ့ ရေလက်ကြားကို ထိန်းချုပ်ဖို့ လွယ်ကူသွားစေပါတယ်။ ကမ္ဘာ့ကုန်စည်နဲ့ ရေနံ ၁၂% ဟာ အဲဒီရေလက်ကြားက ဖြတ်သန်းရတဲ့အတွက် ကမ္ဘာ့ကုန်စည်စီးဆင်းမှုကို ထိန်းချုပ်ပြီး ရေနံဈေးတက်စေချင်တဲ့ အီရန်အတွက် အမြတ်ထွက်တာပါပဲ။

ယူအေအီးနောက်ခံပေးထားတဲ့ ယီမင်အစိုးရ တပ်တွေက ၎င်းယာဥ်တွေကို အသုံးပြုပြီး ဗျူဟာကျတဲ့ ပင်လယ်နီကမ်းရိုးတန်းတလျောက်နဲ့ သင်္ဘော လမ်းကြောင်းတွေကို ကင်းလှည့်ကာကွယ်ပေးနေကြတာ ဖြစ်ပါတယ်။ အဆိုပါဒေသကို ဟူသီတွေ အုပ်စီးမိတဲ့ နောက်မှာတော့ အစိုးရတပ်တွေက ဒေသကနေ ချက်ခြင်းဆုပ်ခွာခဲ့ကြသလို ပြည်သူတွေလည်း နေရပ်စွန့်ခွာထွက်ပြေးကြရပါတယ်။

နောက်သတင်းတခုမှာ ဟူသီတွေကို ရုရှားက ထလရသတင်းနဲ့ အခြားအထောက်အပံ့တွေ ပေးနေတာ ဖြစ်ပြီး အီရန်က မထောက်ပံ့နိုင်ရင်တောင် ရုရှားက အီရန်ရဲ့ ပရောက်ဆီတွေကို ဆက်လက်ထောက်ပံ့ သွားနိုင်တယ်လို့ ဆိုပါတယ်။ ရုရှားက ယီမင်ပြည်တွင်းစစ် စကတည်းက ဟူသီသူပုန်တွေကို ထောက်ခံလာခဲ့တာဖြစ်သလို ဟူသီတွေက ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို နှောက်ယှက်နေခဲ့တာပါ။ အမေရိကန်က ဟူသီပစ်မှတ်တွေကို ၂၀၂၄ ဇန်နဝါရီကစလို့ လေကြောင်းက တိုက်ခိုက်ခဲ့ပေမယ့် သမ္မတထရမ့်တက်လာပြီး မတ်လ ၂၀၂၅ကျမှ ဝေဟင်ရော ရေပြင်မှာပါ Operation Rough Rider နဲ့ အကြီးအကျယ် နှိမ်နှင်းခဲ့လို့ ဒီနှစ် ဇူလိုင်လောက်အထိ ငြိမ်သွားခဲ့ပါတယ်။

ဆော်ဒီက မိုကာနဲ့ အနီးတဝိုက်က ဟူသီတွေရဲ့ ယာဥ်၊ လက်နက်တွေကို လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၀-၁၀၀ကျော် အထိ ပစ်ခတ်ခဲ့ကြသလို ဆော်ဒီနောက်ခံထားတဲ့ ယီမင်အစိုးရတပ်တွေက Mokha-Dhubab လမ်းတလျောက်က ဟူသီတွေနဲ့ ယာဥ်တွေကို တိုက်ခိုက် ခဲ့ကြပြီး ဟူသီတွေ ထိန်းချုပ်ထားတဲ့ လေဆိပ်ကိုလည်း ပစ်ခတ်ခဲ့ကြခြင်းဖြင့် အဆိုပါနေရာတွေကို ဟူသီသူပုန်တွေလက်က အစိုးရတပ်တွေ ပြန်သိမ်းနိုင်အောင် ကူညီပေးနေပါတယ်။

ဒီတပတ်ထဲမှာ ဆော်ဒီကို ဟူသီတွေတင်မကပဲ အီရတ်ထဲက အီရန်သစ္စာခံတဲ့ စစ်သွေးကြွတွေကပါ ဆော်ဒီရဲ့ ၇၄၅မိုင်ရှည်ပြီး အရေးပါတဲ့ East-West ရေနံပိုက်လိုင်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ပျက်စီး၊ ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့ပြီး သတိထားတဲ့အနေနဲ့ ပိုက်လိုင်းကို ပိတ်ထားခဲ့ရပါတယ်။ အဲဒီပိုက်လိုင်းက ဆော်ဒီအရှေ့ပိုင်း ရေနံတွင်းတွေကနေ ပင်လယ်နီဘက်က ယန်ဘူးဆိပ်ကမ်းကို တနေ့ ရေနံစည် ၄-၅သန်း ပို့ပေးနေတာ ဖြစ်ပါတယ်။ ဟော်မုဇ်ကို ရှောင်ချင်လို့ ပင်လယ်နီဘက်ကနေ ပို့ခါမှ ပင်လယ်နီဘက်ကို ဟူသီတွေထိန်းချုပ်လိုက်တော့ ဆော်ဒီအတွက် အခက်အခဲကြီး ဖြစ်လာမှာပါ။ အီရတ်က ဘယ်အဖွဲ့ကမှ သူတို့လုပ်တာပါလို့ ဝန်မခံသလို ဆော်ဒီကလည်း ချက်ခြင်း လက်တုန့်ပြန်မှု မပြုခဲ့ပဲ အီရတ်အစိုးရကိုသာ ဘယ်သူတွေလက်ချက်ဆိုတာ စုံစမ်းဖော်ထုတ်ပေးဖို့နဲ့ အီရန်နောက်ခံ ထားတဲ့ စစ်သွေးကြွတွေကို အီရတ်နယ်မြေထဲမှာ မလှုပ်ရှားနိုင်စေဖို့ အချိန်ပေးထားပါတယ်။

ဆော်ဒီက တူရ်ကီ၊ ပါကစ္စတန်တို့နဲ့ Mecca Joint Defense Agreement ကို ဆော်ဒီရဲ့ မက္ကာမြို့မှာ ဒီနှစ်ဩဂုတ်လ ၇ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီစာချုပ်က နေတိုးရဲ့ Article 5 လို သဘောမျိုးနဲ့ တနိုင်ငံကိုထိရင် ကျန်နိုင်ငံတွေက သူတို့ကိုပါတိုက်တယ်လို့ခံယူကြဖို့ ဖြစ်ပါတယ်။ စာချုပ်အရ ဆော်ဒီက ငွေကြေးပိုင်းကို တာဝန်ယူကာ အိမ်ရှင်အဖြစ် ပြုလုပ်ပေးမှာဖြစ်ပြီး တူရ်ကီက နည်းပညာ မြင့်တဲ့ ကာကွယ်ရေးပစ္စည်းတွေ၊ ဒရုန်းတွေနဲ့ စက်မှုကုန်ထုတ်လုပ်တဲ့ အပိုင်းကို တာဝန်ယူမှာ ဖြစ်ပါတယ်။ ပါကစ္စတန်ကတော့ ရှေ့တန်တပ်အင်အားနဲ့ ကူညီပါဝင်မှာဖြစ်ပြီး နျူပိုင်တဲ့ နိုင်ငံအနေနဲ့ ကာကွယ်ရေးကို အားဖြည့်မှာ ဖြစ်ပါတယ်။ ထောက်လှမ်းရေးဒေတာတွေ ဖလှယ်တာ၊ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေပြုတာနဲ့ စစ်ပစ္စည်းတွေကို ဒေသတွင်းမှာ ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြပေမယ့် ပူးတွဲစစ်ဘတ်ဂျက်မရှိသလို ပူးတွဲ အမိန့်ပေးတဲ့ ဖွဲ့စည်းပုံ CoC လည်း မရှိနေပါဘူး။

အဲဒီအချိန်ကတည်းက အီရန်က ဆော်ဒီကို လှမ်းဆော်နေပြီဖြစ်လို့ အီရန်ရဲ့ ရန်ကင်းအောင် အီရန်လေးစားတဲ့ တူရ်ကီနဲ့ ပါကစ္စတန်တို့နဲ့ ကဗျာကသီ စာချုပ်ထချုပ်တာ ဖြစ်မှာပါ။ ဒါပေမယ့် အခုလို ယီမင်မှာ ခြေကုပ်ယူထားတဲ့ ဟူသီတွေက ဆော်ဒီကို တိုးမြှင့်တိုက်ခိုက်လာတဲ့အခါမှာတော့ တူရ်ကီရော ပါကစ္စတန်ကပါ နှာစေးနေကြပြီး ယီမင်ထဲကို ဝင်တိုက်ဖို့/ တပ်လွှတ်ဖို့ ငြင်းဆိုကြပါတယ်။ ပါကစ္စတန်က မက္ကာစာချုပ်ဟာ ကာကွယ်ရေးသက်သက်ဖြစ်လို့ နိုင်ငံခြားမြေပေါ်မှာ စစ်တိုက်တာထက် ဆော်ဒီကို ကာကွယ်ပေးဖို့ပဲ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ ပိုက်ဆံရှိပေမယ့် ကိုယ်တိုင်မတိုက်ချင်တဲ့ ဆော်ဒီရဲ့ ဒုက္ခကလည်း မသေးလှပါဘူး။

ဆော်ဒီက တူရ်ကီတို့ ကာတာတို့လိုမျိုး မွတ်ဘရာသာဟုဒ်ကို ထောက်ခံတဲ့နိုင်ငံမဟုတ်သလို ကာတာလို ထရီလီယံနဲ့ချီသုံးပြီး အမေရိကန်ရဲ့ အဆင့်မြင့်ပညာရေးလောကမှာ ဂျူးဆန့်ကျင်ရေး၊ မွတ်/ အကြမ်းဖက် ထောက်ခံရေးတွေ လုပ်နေတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ပြုလုပ်ဖို့ တွန့်နေသေးသလို အီရန်က ရန်ရှာမှာစိုးလို့ အမေရိကန်လေယာဥ်တွေ သူ့လေပိုင်နက်နဲ့ သူ့နိုင်ငံထဲက လေတပ်အခြေစိုက်စခန်းကို ဒီနှစ်မေလတုန်းကက အသုံးပြုခွင့်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ အဲဒါကြောင့် သမ္မတထရမ့်က ဟော်မုဇ်မှာ အမေရိကန်ရေတပ်က ရေနံတင်သင်္ဘောတွေကို လိုက်ပါ စောင့်ရှောက်ပေးမယ့် Project Freedom ကို ရပ်ဆိုင်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆော်ဒီနဲ့ ကူဝိတ်က အဆိုပါ ကန့်သတ်ချက်တွေကို ပယ်ဖျက်လိုက်ပေမယ့် ဆော်ဒီက သူ့လေပိုင်နက်ကို ထိုးစစ်အတွက် မသုံးရဘူးလို့တော့ ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။ အီရန်နဲ့ စစ်ဖြစ်ရမှာစိုးလို့ အမေရိကန်နဲ့ အပြည့်အဝပူးပေါင်းဖို့ ငြင်းဆိုခဲ့တာကပဲ အခုလိုအခြေအနေကို ပို့ပေးခဲ့တာပါ။

နောက်ဆုံးရသတင်းမှာ ဆော်ဒီက အမေရိကန်တွေ တိုက်ရိုက်ဝင်မပါသည့်တိုင်အောင် ဟူသီတွေအပေါ် စစ်ဆင်မှုအကြီးစားတခု ပြလုပ်သွားနိုင်တယ်လို့ အချက်ပြနေကြောင်း အမေရိကန်အရာရှိတဦးက ပြောသွားတယ်လို့ ဆိုပါတယ်။

ဟူသီတွေက Anthropic က Claude AI ကို အသုံးပြုပြီး ဒုံးကျည်နည်းပညာအပါအဝင် လက်နက် ပရိုဂရမ် ၃မျိုးရဲ့ ဒီဇိုင်း၊ ထုတ်လုပ်မှုနဲ့ စမ်းသပ်မှုတွေ တည်ဆောက်နေခဲ့တဲ့အတွက် Anthropic က အဆိုပါအကောင့်တွေကို ဖျက်ပစ်လိုက်ပြီး အစိုးရကို အသိပေးထားတယ်လို့ ဆိုပါတယ်။ အီရန်နဲ့ ဆက်စပ်မှုရှိနေတဲ့ အကောင့်တခုကလည်း Claude AI ကိုသုံးကြီး အရှေ့အလယ်ပိုင်းက အမေရိကန် ရေတပ်နဲ့ ပြည်ပရောက် အစ္စရေးနဲ့ ဂျူးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားခဲ့တယ်လို့ Anthropic က ဆိုပါတယ်။

အဲဒီလူတွေက အများမြင်ရတဲ့ စစ်ဘက် ဓါတ်ပုံတွေနဲ့ အဲဒီပေါ်ကစာတွေ၊​ သင်္ဘောနဲ့ လေယာဥ် transponder ဒေတာတွေ၊ ရေတပ်လှုပ်ရှားမှု အသေးစိတ် စတာတွေကို ပါ့ဘလစ်ဝက်ဘ်ဆိုက်တွေ ကနေ ခြေရာခံနေကြတာပါ။ အဲဒီဒေတာတွေနဲ့ ဂြိုလ်တုကပုံရိပ်တွေကို Claude အကူအညီသုံးကာ ပိုင်သွန်နဲ့ရေးပြီး သင်္ဘောတွေရဲ့ ဆက်သွယ်ရေး စနစ်က အားနည်းချက်တွေ၊ ရေကြောင်းဂြိုလ်တု တာမီနယ်တွေ၊ ထိန်းချုပ်စနစ်တွေကို အလိုအလျောက် ရှာဖို့ လုပ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဒေတာတွေသုံးပြီး အမေရိကန်ရေတပ်ကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်တယ်ဆိုတာမျိုး မရှိသလို မာကိုရူဘီယိုကလည်း သူတို့သိရှိကြောင်းနဲ့ စောင့်ကြည့်နေကြောင်း ပြောထားပါတယ်။

အဲဒီ Anthropic ရဲ့ Claude AI ကို အီရန်နဲ့ အပေါင်းပါတွေ သုံးနေတဲ့သတင်းနဲ့ အချိန်ကိုက် ထွက်လာတာက Anthropic နဲ့ Open AI တို့မှာလုပ်ခဲ့တယ်ဆိုတဲ့ Jacob Coxon က whistleblower လုပ်ပြီး အေအိုင်ကုမ္ပဏီတွေရဲ့ တာဝန်မဲ့ ပြိုင်ဆိုင်နေတာတွေကြောင့် အထိန်းအကွပ်မဲ့ ဖြစ်လာပြီး လူသားတွေအတွက် အန္တရာယ်ကြီး ဖြစ်လာနိုင်တယ်လို့ ဆိုတဲ့သတင်းပါ။ အဲဒီလို ပြောတဲ့အပေါ် အီလွန်က အဓိပ္ပါယ်မရှိဘူးလို့ တုန့်ပြန်သလို အခြားနည်းပညာဂုရုတွေကလည်း ငြင်းဆိုကြပါတယ်။ တခြားကိစ္စတွေမှာ whistleblower တွေပြောတာကို ကုမ္ပဏီတွေက ငြင်းဆန်ကြပေမယ့် ဒီတခါမှာ Anthropic က မငြင်းဆန်ပဲ သံယောင်လိုက်နေတာကို ထောက်ပြကြပါတယ်။ နိုင်ငံရေးအရဆိုရင် အရေးပါတဲ့ ကြားဖြတ်ရကပကာလဖြစ်လို့ ဒီမိုကရက်တွေ လုပ်နေကျအတိုင်း ကလိုင်းမိတ်ချိန့်လို လှိမ့်လုံးခြောက်လုံးတွေလည်း ဖြစ်နိုင်တာပါပဲ။

အဲဒီလိုပဲ ဒေတာစင်တာတွေကို ဆန့်ကျင်တဲ့ပို့စ်တွေ လှိုင်းထလိုက်ပါသေးတယ်။ အေအိုင်နဲ့ ဒေတာစင်တာတွေ လုပ်တာချင်းတူတူ ကမ္ဘာနဲ့ လူသားထုကို ဒုက္ခပေးနိုင်တာက အမေရိကန်လား တရုပ်လား လူမှန်ရင် သိကြတာပါပဲ။ ဒါပေမယ့် အန္တရာယ်နည်းတဲ့ဖက်ကိုပဲ ရွေးခြောက် ရွေးပြီးအပြစ်မြင်နေတာက ကဗကြောင့် လူသန်းချီသေခဲ့တာကို မျက်စိမှိတ်နေတာနဲ့ တူတူပါပဲ။

အမေရိကန်က အီရန်တွေ နျူလက်နက်ထုတ်ဖို့ လှုပ်ရှားနေတဲ့ Pickaxe တောင်လို နေရာမျိုးကို တိုက်ခိုက်ဖို့အတွက် Next-Generation Penetrator (NGP) လို့ သိကြတဲ့ GBU 76/B မျိုးဆက်သစ် ဘန်ကာဘတ်စ်တာဗုံးမျိုး ထုတ်ဖို့ လုပ်နေပါပြီ။ အရင်မျိုးဆက်ဖြစ်တဲ့ GBU-57 Massive Ordinance Penetrator (MOP) က ပေါင် ၃သောင်းလေးပြီး အခုထုတ်မယ့် NGP က ပေါင် ၂သောင်း ၂ထောင်ပဲ ရှိမှာဖြစ်တဲ့အတွက် B-21 Raider လို ကိုယ်ပျောက်လေယာဥ်အပါအဝင် သူ့ကို သယ်နိုင်တဲ့ လေယာဥ် အမျိုးအစားတွေ များလာမှာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း ပစ်မှတ်ကို အထူးတိကျစွာ ချိန်ရွယ် ပစ်ခတ်နိုင်မယ့် GPS-denied navigation, မြေအောက်ထဲ လိုတဲ့နေရာရောက်ပြီးမှ ပေါက်ကွဲစေမယ့် အဆင့်မြင့် void-counting fuses, ကျောက်ထုနဲ့ သံကူကွန်ကရစ်ထုတွေကို ပိုမိုထိရောက်စွာ ထိုးခွဲဖောက်ထွင်းနိုင်မယ့် ထိပ်ဖူးပုံစံနဲ့ သုံးတဲ့သတ္တုအမျိုးအစားတွေကို အသုံးပြုထားတာပါ။

အီရန်က ဟော်မုဇ်ရေလက်ကြားသင်္ဘောသွားလာရေးနဲ့ ပတ်သက်ပြီး အိုမန်မှာ ဒေသတွင်း အစည်းအဝေးပြုလုပ်ဖို့ အဆိုပြုပေမယ့် ဘာရိန်းက အီရန်နဲ့ သံတမန်ဆက်ဆံရေး ပြန်မစမချင်း ဟော်မုဇ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး တာတွေ ပြုလုပ်မှာမဟုတ်ကြောင်း၊ သဘောတူညီချက် တစုံတရာက အဲဒီနိုင်ငံတကာ ရေလမ်းကြောင်းမှာ ခွဲခြားမှုမရှိ ပါမစ်မလိုပဲ အခမဲ့ သွားလာနိုင်ခွင့် ရှိရမယ့်အချက်ကို ကာကွယ်ပေးရမှာဖြစ်ကြောင်း၊ မကြာသေးမီက အီရန်က ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်ခိုက်ခဲ့တာကို လစ်လျူရှုပြီး ဒေသတွင်း တည်ငြိမ်ဖို့ စေ့စပ်ဖို့ ကြိုးစားတာဟာ အောင်မြင်မှာ မဟုတ်ကြောင်း ပြောသွားပါတယ်။ ဘာရိန်းက အီရန်နဲ့ သံအဆက်အသွယ် ဖြတ်ထားတာ ၂၀၁၆ကတည်းက ဖြစ်ပေမယ့် ယူအေအီးတို့ မော်ရိုကိုတို့လိုပဲ အစ္စရေးနဲ့ Abraham Accords ထိုးထားတာ ဖြစ်ပါတယ်။

လောလောဆယ် ဟော်မုဇ်မှာ အီရတ်၊ ကူဝိတ်၊ ဆော်ဒီ၊ ကာတာ၊ ယူအေအီးနဲ့ အိုမန်တို့ရဲ့ ရေနံတင်ပို့မှုဟာ တနေ့ကို စည်၁၀သန်းကျော်အထိ မြင့်တက်သွားခဲ့တာက ၂လအတွင်းမှာ ပထမဆုံး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် အီရန်ရဲ့ ရေနံတင်ပို့မှုက ဘဲဥမကွဲသေးဘူးလို့ ရေနံတင်သင်္ဘောတွေကို ခြေရာခံတဲ့အဖွဲ့တွေက ဖော်ပြကြပါတယ်။

အီရန်က ဂျော်ဒန်မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို ပစ်ခတ်ရာက အမေရိကန်စစ်သည် ၃ဦး ကျဆုံးခဲ့တဲ့ဖြစ်စဥ်မှာ အီရန်က တရုပ်ဆီက ရှင်းလင်းပြတ်သားတဲ့ ဂြိုလ်တုကပုံတွေကို အသုံးပြုပြီး ပစ်မှတ်ကို မလွဲအောင် တိုက်ခိုက်ခဲ့နိုင်တာလို့ အမေရိကန်အရာရှိတဦးက ဆိုပါတယ်။ တရုပ်က သူတို့ ပါဝင်ပတ်သက်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။ တရုပ်သမ္မတရှီက အမေရိကန်ကို ၂၄ရက်နေ့မှာ လာရောက်ဖို့ စီစဥ်ထားတာပါ။

ဒီနေ့မှာတော့ အမေရိကန်က တိုင်ဝမ်ကို လက်နက်ရောင်းချမှု အသစ်ပြုလုပ်မယ်ဆိုရင် ရှီက အိမ်ဖြူခရီးစဥ်ကို ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ တိုင်ဝမ်ကို တရုပ်က သူပိုင်တယ်လို့ ကြွေးကြော်ထားပေမယ့် သူအုပ်ချုပ်နေတာမဟုတ်တဲ့ သူ့ပြည်သူကရွေးထားတဲ့ သူ့အစိုးရက အုပ်ချုပ်နေတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်တာကြောင့် အမေရိကန်ဟာ စစ်ရေးအရ ခြိမ်းခြောက်ခံနေရတဲ့ တိုင်ဝမ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို ကူညီခွင့်ရှိပါတယ်။ အခုလို တောင်းဆိုတာဟာ သံတမန်ရေးအရမဟုတ်ပဲ အကြပ်ကိုင်တဲ့သဘော ဖြစ်နေတာပါ။

Leave a comment