ဒီနေ့မှာ ဒီစီရဲ့ အနောက်မြောက်ဖက် မိုင် ၆၀ ပဲဝေးတဲ့ သမ္မတအပန်းဖြေရာ ကမ့်ဒေးဗစ်မှာ အရပ်ဖက်လေယာဥ်တစီးက တားမြစ်ဧရိယာထဲကို ဝင်ရောက်လာတဲ့အတွက် NORAD F-16 တိုက်လေယာဥ်က ဝင်ရောက်တားမြစ်ခဲ့ရပါတယ်။ သမ္မတထရမ့်က ကမ့်ဒေးဗစ်မှာ ရှိနေချိန်ဖြစ်လို့ အားလုံး ပြာရာခတ်သွားကြမှာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အလယ်ပိုင်း လောက်အထိ ဂျက်လေယာဥ်သံ ဆူညံသွားခဲ့ပါတယ်။
ဒီညနေမှာတော့ နိုင်ငံခြားရေးဌာနက အရှေ့အလယ်ပိုင်းက အမေရိကန်တွေကို သတိကြီးကြီးထားနေကြဖို့နဲ့ ခရီးသွားရာမှာ ဖြစ်လာနိုင်တဲ့ အနှောက်အယှက်တွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ လုံခြုံရေးသတိပေးချက်အသစ် ထုတ်ပြန်လိုက်ပြီးတဲ့နောက် သမ္မတထရမ့်က ကမ့်ဒေးဗစ်ကနေ အိမ်ဖြူကို ချက်ခြင်း ပြန်သွားခဲ့ပါတယ်။ ဆော်ဒီမြို့တော်ရီယာ့ဒ်ကို ဟူသီတွေက ပထမဆုံးအကြိမ်အဖြစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့သတင်းကို ဆော်ဒီက အတည်ပြုလိုက်ပါတယ်။
သမ္မတထရမ့်က စက်တင်ဘာ ၂၃မှာ တရုပ်သမ္မတရှီရဲ့ လေယာဥ်ဆိုက်ရောက်မယ့် Joint Base Andrews မှာ ကိုယ်တိုင်သွားရောက်ကြိုဆိုမယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတတွေက ဧည့်သည်တွေကို အိမ်ဖြူမှာပဲ ကြိုဆိုလေ့ရှိတော့ အခုကိစ္စဟာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်နေပါတယ်။ မေလတုန်းက တရုပ်ပြည်သွားတုန်းကလည်း ဒုသမ္မတကပဲ လေဆိပ်ကို လာကြိုခဲ့တာပါ။ ဖြစ်နိုင်တာက ပြီးခဲ့တဲ့ရက်က အိန္ဒိယမှာလုပ်တဲ့ BRICS ထိပ်သီးဆွေးနွေးပွဲမှာ ရှီနေမကောင်းဖြစ်ခဲ့လို့ ဝါရှင်တန်ကို လာမယ်ဆိုရင် အတော်ကို ကြိုးစားလာရမှာဖြစ်တဲ့အတွက် အားပေးတဲ့သဘော ဖြစ်မယ်ထင်ပါတယ်။ ကြိုဆိုပွဲအခမ်းအနားကိုတော့ အိမ်ဖြူမှာပဲ ပြုလုပ်မှာပါ။ အမေရိကန်ဓါတ်ငွေ့ရည်ပေါ်မှာ ၂၀၂၅ ဖေဖေါ်ဝါရီက ချထားတဲ့ တရုပ်ကုန်သွယ်ခွန် ၁၅% ကို ပယ်ဖျက်ပေးဖို့ အပါအဝင် ကိစ္စတွေကို ဆွေးနွေးကြဖို့ စီစဥ်ထားပါတယ်။
မနေ့က သမ္မတထရမ့်က ဂရင်းလန်နဲ့ ပတ်သက်ပြီးတော့ ထရုသ်ဆိုရှယ်မှာ ပို့စ်တင်ပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။ အချုပ်ကတော့ ဂရင်းလန်ရဲ့ လုံခြုံရေးနဲ့ အထွေထွေလိုအပ်ချက်မှန်သမျှဟာ အမေရိကန်ရဲ့ အမြဲတမ်းထိန်းချုပ်မှုအောက်မှာ ရှိနေမှာဖြစ်ပြီး အဲဒီအတွက် အမေရိကန်က တပြားမှ အိတ်စိုက်ရမှာ မဟုတ်ကြောင်း၊ ဂရင်းလန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ လုံခြုံရေးအတွက် အမေရိကန်က လိုအပ်တာမှန်သမျှ လုပ်ဆောင်ခွင့်ရှိကြောင်း၊ ရုရှား၊ တရုပ်စတဲ့ အခြားဘယ်နိုင်ငံမှ ဂရင်းလန်မှာ စစ်စခန်းဆောက်တာ၊ အထိမခံတဲ့အပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံတာ စတာတွေကို အမေရိကန်ရဲ့ စာနဲ့ရေးထားတဲ့ သဘောတူညီချက်မပါပဲ လုပ်လို့ မရတော့ကြောင်း၊
အမေရိကန်သမ္မတ အဆက်ဆက်က ဂရင်းလန်ရဲ့ ဗျုဟာကျတဲ့ အရေးပါမှုကို သိရှိခဲ့ကြပေမယ့် ဘာမှ မလုပ်နိုင်ခဲ့ကြတာကို သူလုပ်နိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူမိကြောင်း၊ ဒီသဘောတူညီချက်ဟာလည်း ကမ္ဘာတည်သ၍ ရှိနေမယ့် သဘောတူညီချက်ဖြစ်ကြောင်း၊ ဂရင်းလန်က သင့်တော်တဲ့နေရာမှာ အမေရိကန်တပ်အင်အား အများအပြားချထားသွားဖို့ အမြန်ဆုံး စီစဥ်မှာဖြစ်ကြောင်း၊ ဂရင်းလန် ဖွံဖြိုးရေးနဲ့ တည်ဆောက်ရေးအတွက် ဂရင်းလန်ပြည်သူတွေနဲ့ အတူလက်တွဲ အလုပ်လုပ်သွားမှာ ဖြစ်ကြောင်း၊ ဒီအဖြေက အမေရိကန်၊ ဒိန်းမတ်၊ ဂရင်းလန်နဲ့ မဟာမိတ်အားလုံးအတွက် အကျိုးရှိစေမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ သမ္မတထရမ့်ရဲ့ အောင်မြင်မှုကို မနာလိုမရှုစိမ့်သူများကတော့ ဒီသဘောတူညီချက်ဟာ ၁၉၅၁ သဘောတူညီချက်နဲ့ ထူးမခြားနားပါ၊ ထရမ့်က သူ့နာမည်တပ်လိုက်တာပါလို့ ငြင်းကြပါတယ်။ အရင်နဲ့မတူတဲ့ အချက်တွေက
- ခုတခါမှာ ဂရင်းလန်ကိုယ်တိုင်က လက်မှတ်ထိုးသူဖြစ်ပါတယ်။
- ဒီသဘောတူညီချက်က သက်တမ်းကုန်ဆုံးမှုမရှိပါ။
- ခုတခါက အမေရိကန်စစ်စခန်းတွေကို လိုသလိုတိုးချဲ့ခွင့် ချက်ခြင်းပေးထားသလို အမြဲတမ်း ပေးထားမှာလည်း ဖြစ်ပါတယ်။
- အရင်တခါက နေတိုးမဟုတ်တဲ့ နိုင်ငံတွေကို ဂရင်းလန်မှာ လှုပ်ရှားခွင့် မပိတ်ပင်ထားပါဘူး။ ခုတခါက ရုရှား၊ တရုပ်နဲ့ အခြားနေတိုးမဟုတ်သူတွေကို စစ်စခန်းဖွင့်လှစ်တာ၊ တပ်အင်အားထားတာ၊ အခြေခံအဆောက်အဦနဲ့ ဓါတ်သတ္တုတူးဖော်တာတွေလို အရေးပါတဲ့ ကိစ္စတွေလုပ်ဖို့ အမေရိကန်ရဲ့ တရားဝင်ရေးသားထားခဲ့ ခွင့်ပြုချက်လိုအပ်ပါတယ်။
- ဒီတခါက အမေရိကန်အခွန်ထမ်းတွေ အိတ်ထဲက တပြားမှ မကုန်ပါဘူး။ အရင်တခါက စစ်အေးတိုက်ပွဲမှာ ဆိုဗီယက်ဗုံးကြဲလေယာဥ်တွေနဲ့ ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်ဖို့ဖြစ်ပြီး ခုတခါက အာတိတ်အားပြိုင်ပွဲနဲ့ ရင်းမြစ်တွေလုံခြုံမှုအတွက်ဖြစ်ပြီး တရုပ် ရုရှားတို့ ဩဇာ ဖြန့်ကျက်လာမှုကို ဟန့်တားဖို့ဖြစ်ပါတယ်။
ဂရင်းလန်မှာ ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုသိုက်ကြီး ရှိနေတဲ့အတွက် အဲဒါကို အမေရိကန်နဲ့ မဟာမိတ်တွေကပဲ ထုတ်လုပ်ခွင့်ရနိုင်မယ့်သဘောဖြစ်ပြီး ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေက ဒေသမှာ လိုအပ်တဲ့ လမ်း၊ ရထားလမ်း၊ လျှပ်စစ်၊ ဆိပ်ကမ်း စတာတွေကို ဆောက်လုပ်ပေးပြီး ထုတ်လုပ်မှုက ရတဲ့ အခွန်တွေက အမေရိကန်တပ်တွေရဲ့ ကုန်ကျစားရိတ်တွေကို ကာမိစေမယ့်သဘောရှိပါတယ်။ ဒိန်းမတ်ဝကခရဲ့လေသံက မလျော့သေးပေမယ့် ဂရင်းလန်ကိုယ်တိုင်က သဘောတူထားပြီးနေပါပြီ။
ဂရင်းလန်မှာ တပ်အင်အား အများကြီးချထားသွားမှာနဲ့ ဆက်စပ်နေနိုင်တာက ပင်တဂွန်က ဥရောပကနေ အမေရိကန်တပ်အင်အား ၂သောင်းခွဲကနေ ၄သောင်းအထိ ရုပ်သိမ်းဖို့ စဥ်းစားသုံးသပ်နေတယ်ဆိုတာပါ။ လက်ရှိ ဥရောပမှာ အမေရိကန်တပ်သား ၈သောင်းလောက် ရှိတာပါ။ အဓိကရုပ်သိမ်းမယ့်နိုင်ငံတွေက ဂျာမဏီ၊ အီတလီနဲ့ စပိန်ပါ။ အီရန်စစ် အစပိုင်းလောက်မှာ ဂျာမဏီနဲ့ သံတမန်ရေးပွတ်တိုက်မှုတွေ ဖြစ်ခဲ့တုန်းက ဂျာမဏီက တပ်သား ၅၀၀၀ ပြန်ရုပ်ခဲ့ပါသေးတယ်။ NDAA အရ ဥရောပမှာ ၇၆,၀၀၀ အောက်ကို မရောက်ဖို့ တားမြစ်ထားလို့ တပ်အင်အား အများကြီးရုပ်ရင် ကွန်ဂရက်စ်ရဲ့ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။
သမ္မတထရမ့်က လက်ဝဲစွန်းတွေရဲ့ အေအိုင်နဲ့ ဒေတာစင်တာတွေကို မဟုတ်မမှန်သတင်းတွေဖြန့်ပြီး လူထုက ကြောက်အောင် လုပ်နေကြတာတွေဟာ ကလိုင်းမိတ် hoax ရုရှား hoax အင်မ်ပိချ်မန့် hoax တွေလိုပဲ hoax သာဖြစ်ကြောင်း ရှင်းလင်းသွားပြီး AI ကိုသုံးပြီး မဟုတ်တာ လုပ်မယ့်သူတွေကို လက်ရှိ Criminal and Civil Justice System ကနေ အလွယ်တကူ အရေးယူနိုင်ဖို့အတွက် AI Force ကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း၊ အဲဒါကို အုပ်ချုပ်မယ့် AI Czar ကို ရှာဖွေနေကြောင်း ပြောသွားပါတယ်။
တနေ့ကလည်း ကွန်ဂရက်စ်က ဒေတာစင်တာတွေရှိတဲ့မြို့တွေမှာ လျှပ်စစ်ဈေးမတက်ဖို့ တားမြစ်တဲ့ ဥပဒေကို အတည်ပြုလိုက်ပါတယ်။ သမ္မတထရမ့်ကလည်း အစကတည်းက ဒေတာစင်တာတွေ ကိုယ့်စွမ်းအင်လိုအပ်ချက်အတွက် ကိုယ်စီမံဖို့ ပြောထားပြီးသားပါ။ တကယ်တော့ ဒေတာစင်တာတွေက ဒေသခံတွေအတွက် အများကြီးအကျိုးပြုနိုင်ပါတယ်။ တချို့နေရာတွေမှာ ဒေတာစင်တာတွေကရတဲ့ အခွန်က များလို့ မြို့နေသူတွေအတွက် အခွန်လျော့ပေးတာတွေ ရှိသလို ကျောင်းတွေအတွက်လည်း ပိုက်ဆံပိုရကြလို့ ပညာရေးအတွက် ပိုသုံးနိုင်ကြပါတယ်။
ဥပမာ Meta က လူဝီစီယားနားမှာ လုပ်နေတဲ့ ဒေတာစင်တာမှာ ၅၀ဘီလီယံကျော် မြှုပ်နှံထားပြီး ဒေတာစင်တာတွေ ဆောက်တဲ့အချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်ရကြတယ်၊ ဆောက်လုပ်ရေး ပြီးသွားရင်လည်း လူ ၁၀၀၀လောက်က မီးသမား၊ စက်ပြင်၊ ပူ/အေးပေးစက်ထိန်းသိမ်းသူ၊ လုံခြုံရေး၊ ချက်ပြုတ်၊ သန့်ရှင်း စသဖြင့် အလုပ်ဆက်ရကြဦးမယ်။ ဒေသခံကွန်မြူနတီကောလိပ်ကို ၅သန်း လှူတယ်၊ ဒါက သမိုင်းမှာ အကြီးဆုံးအလှူပါ။
Meta ဒေတာစင်တာရှိတဲ့ Richland Parish က အထက်တန်း အောင်လာတဲ့သူတွေက ဒေတာစင်တာနဲ့ဆိုင်တဲ့ certificate / courses တွေတက်ရင် စကောလာရှစ် အပြည့်ရကြမယ်၊ America’s Workforce Academy အပါအဝင် လုပ်သားလေ့ကျင့်ရေးစခန်းတွေကို ဒေသခံကောလိပ်/ တက္ကသိုလ်တွေနဲ့တွဲပြီး ထူထောင်ပေးထားပါတယ်။ လုပ်သားလိုအပ်လာရင်လည်း ဒေသခံတွေကို ဦးစားပေးခေါ်ယူမှာဖြစ်ပြီး ဒေသခံကုမ္ပဏီတွေနဲ့ ၁.၆ဘီလီယံဖိုး စာချုပ်ထားပါတယ်။
လမ်းတွေ၊ ရေပေးစနစ်၊ ရေဆိုးစနစ်တွေကို ပိုကောင်းအောင်လုပ်ဖို့ ၁ဘီလီယံ မြှုပ်နှံထားသလို ပန်းခြံတွေ၊ ကစားကွင်းတွေ၊ ကွန်မြူနတီစင်တာတွေအတွက်လည်း ထပ်လှူထားပါသေးတယ်။ ဒီပရောဂျက်က ရတဲ့ ရောင်းခွန်နဲ့ ဆရာ/မတွေကို ဘိုးနပ်စ်တနှစ်ကို ၅သောင်းအထိ ပေးနိုင်လာပါပြီ။ ဒါက အရင်နှစ်ကထက် ၄၀၀% ပိုများလို့ ဆရာကောင်းတွေကို ဆွဲဆောင်နိုင်မှာပါ။
အေအိုင်ကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့သုံးရင် အန္တရာယ် ရှိနိုင်တာဖြစ်လို့ လုံးဝလွှတ်မထားသင့်တာ
မှန်ပေမယ့် လူသားထုကြီး ပျက်သုဥ်းသွားနိုင်တယ်ဆိုတာက မဟုတ်သလို တိုးတက်နေတဲ့အရှိန်အဟုန် ထိခိုက်အောင် တားတဲ့အထိလည်း မဖြစ်သင့်ပါဘူး။ အေအိုင်ကြောင့် ဖြစ်လာနိုင်မယ်ထင်ခဲ့တာတွေ ပတ်သက်တဲ့ ခန့်မှန်းချက်တွေမှာလည်း မှားနေခဲ့တာတွေ အများကြီးပါ။
ဥပမာ Nvidia က ဂျန်ဆန်ဟွမ်းက အေအိုင်ပေါ်လာတော့ ၅နှစ်အတွင်းမှာ radiologist အလုပ်တွေ အများကြီးကို အေအိုင်က အစားထိုးသွားမယ်လို့ မှန်းခဲ့ပါတယ်။ တကယ်တမ်းကျတော့ အဲဒီအလုပ်တွေက ပိုကျယ်ပြန့်လာပြီး အေအိုင်က ပိုကောင်းအောင် ကူညီပေးတဲ့နည်းပညာ ဖြစ်လာပါပြီ။ ၆လ တနှစ်လောက်ဆိုရင် ကုဒ်ရေးတာတွေရဲ့ ၉၀% ကို အေအိုင်ကပဲ လုပ်တော့မယ်လို့ ခန့်မှန်းခဲ့တာကလည်း မှားနေသလို entry level job တွေနဲ့ ကော်လာဖြူအလုပ်တွေရဲ့ ၅၀%ကို အေအိုင်တွေက သိမ်းယူသွားတော့မယ် ဆိုတာကလည်း ဖြစ်မလာပါဘူး။ AI ကြောင့် ကုန်ထုတ်လုပ်မှုတွေ၊ သုတေသနတွေ တိုးတက်လာလို့ GDP တက်မှာကတော့ အသေအချာပါပဲ။