သမ္မတထရမ့်က ကုလအထွေထွေညီလာခံကို တက်ရောက်လာတဲ့ အရှေ့အလယ်ပိုင်း ၁၂နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားပြီး အီရန်အဖွဲ့ကတော့ စတိဗ်နဲ့ ဂျာရက်ဒ်တို့ပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အရင်က သမ္မတထရမ့်က GCC ၆နိုင်ငံနဲ့ပဲ တွေ့ဆုံဖို့ စီစဥ်ထားပေမယ့် အစ္စရေး၊ အီရန်ကလွဲလို့ ကျန်အရှေ့အလယ်ပိုင်းနိုင်ငံအားလုံးနဲ့ တွေ့ဆုံခဲ့တာပါ။ ဆွေးနွေးပွဲအပြီးမှာ သမ္မတထရမ့်က အီရန်ကိစ္စကို မစ်တမ်းထက် မစောရင်တောင် အဲဒီလောက်ကျရင် စစ်ကို အဆုံးသတ်ဖို့ သဘောတူညီချက် ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။
အီရန်ဘက်က လာတဲ့ အရင် သတင်းမှာတော့ အမေရိကန်နဲ့ ပင်လယ်ကွေ့ဒေသက မိတ်ဆွေတွေ ပေါင်းပြီး အီရန်အပေါ် ထိုးစစ်တွေ ပြန်ဆင်နွဲကြဖို့ရှိတဲ့သတင်း ရထားတယ်လို့ အစိုးရမီဒီယာကို ကိုးကားပြီး ဖော်ပြကြပါတယ်။ အဲဒါကြောင့်များ ၁၂နိုင်ငံစလုံးနဲ့ တွေ့လိုက်သလားလို့ ထင်စရာ ဖြစ်နေပါတယ်။ သမ္မတထရမ့်ရဲ့ နောက်ဆုံးခြိမ်းခြောက်မှုမှာ အီရန်ကို ရွေးစရာ ၃ခု ပေးထားပါတယ်။ ဝါရှင်တန်နဲ့ သဘောတူညီချက် ရအောင်လုပ်ဖို့ (သို့) အဖက်ဖက်က ပိတ်ဆို့မှုတွေကြားမှာ စီးပွားရေး ပြိုလဲတာခံဖို့ (သို့) စစ်ရေးနဲ့ ဖျက်ဆီးခံပြီး ခေါင်းဆောင်ပိုင်း ရှင်းလင်းပစ်တာကို ခံဖို့တို့ ဖြစ်ပါတယ်။
ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းလာပြောကြတဲ့ ခေါင်းဆောင်တွေထဲမှာ အီရန်သမ္မတ ပါသလို အစ္စရေးဝကခလည်း ပါပါတယ်။ အဲဒီခေါင်းဆောင် ၂ဦးလုံး စကားပြောစဥ်မှာ တက်ရောက်သူ အတော်များများ ထထွက်သွားခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာက သောင်းနဲ့ချီတဲ့ အပြစ်မယ့် ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်တဲ့နိုင်ငံခေါင်းဆောင် စကားပြောတာကို မကြိုက်သူထက် ကိုယ့်ပြည်သူ/နိုင်ငံလုံခြုံရေးအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချပေးတဲ့၊ ကိုယ့်ပြည်သူ ကိုယ်ပြန်မသတ်တဲ့၊ လူမျိုးဘာသာမရွေး လွတ်လွတ်လပ်လပ် နေထိုင်လို့ရတဲ့၊ ကမ္ဘာကို အကြမ်းဖက်တွေ တင်ပို့နေတာ မဟုတ်တဲ့နိုင်ငံရဲ့ခေါင်းဆောင် စကားပြောတာကို မကြိုက်သူက ပိုများနေတာပါ။ ဒါက မီဒီယာမှိုင်းကြောင့် ဖြစ်နိုင်သလို အဂတိအစွဲကြောင့်လည်း ဖြစ်နိုင်တာပါပဲ။ ပြင်ပလူတွေက အဆိုးအကောင်း မခွဲခြားနိုင်ကြပေမယ့် ပြည်ပရောက် အီရန်ပြည်သူတွေကတော့ အီရန်ကိုယ်စားလှယ်အဖွဲ့ကို ဆန္ဒပြကြပါတယ်။
အီရန်ရဲ့ ပင်လယ်ဝင်/ထွက်လမ်းတွေကို အမေရိကန်တပ်တွေက ပိတ်ဆို့ထားတဲ့အတွက် ကက်စပီယံပင်လယ်ဖက် ထွက်ပေါက်နဲ့ တရုပ်ကို ရထားလမ်းကပို့တာတွေ၊ အိမ်နီးချင်းတွေကို ကုန်းလမ်းက ပို့တာတွေ လုပ်ဖို့ ပိုကြိုးစားလာပေမယ့် သိပ်အလုပ်မဖြစ်နေပါဘူး။ တူရ်ကီနယ်စပ်မှာ ကုန်ကား ၃၇၀၀ ပိတ်မိနေတာ ရက်၂၀ရှိနေပြီဖြစ်ပြီး ပါကစ္စတန်နယ်စပ်မှာ ကုန်ကား ၇၀၀လောက် စောင့်ဆိုင်းနေရတဲ့ထဲက ၄၀လောက်ပဲ ဝင်ရပါသေးတယ်။
ရေလမ်းပိတ်၊ ကုန်းလမ်းက အကန့်အသတ်အလွန်များနေချိန်မှာ အမေရိကန်က တကမ္ဘာလုံးက အီရန်လေကြောင်းခရီးစဥ်တွေကို ဒီနေ့ကစပြီး ပိတ်ပင်လိုက်ပါပြီ။ အဲဒါက Operation Economic Outcast ရဲ့ အစိတ်အပိုင်းဖြစ်လို့ ဝေဟင်ပိုင်နက်ကနေ ပိတ်မှာမဟုတ်ပဲ သူတို့ကို လက်ခံမယ့် လေဆိပ်တွေ၊ ဆီရောင်းပေးတဲ့ ကုမ္ပဏီတွေ၊ လက်မှတ်ရောင်းပေးတဲ့ ပလက်ဖောင်တွေ အကုန်လုံးကို ဒေါ်လာစနစ်ကနေ ပယ်ထုတ်အရေးယူမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ငပွတွေအပေါ် ဒီမိုကရက်တွေ အရေးယူပုံက လူဆိုးတွေ အယားတောင် ပြေသေးသလို ဖြစ်ပေမယ့် သမ္မတထရမ့် အစိုးရကတော့ ချက်ကောင်းကို မိမိရရ ကိုင်တာဖြစ်ပါတယ်။
အီရန်လေကြောင်းလိုင်းတွေကို ပိတ်ဆို့မှု စတင်ခဲ့ချိန်မှာ အီရန်လေကြောင်းက ဥရောပ၊ တူရ်ကီနဲ့ ယူအေအီးတို့ကို ပျံသန်းနေတဲ့ လမ်းကြောင်းတွေကို ရပ်တံ့/ဖျက်သိမ်းလိုက်ပြီး တရုပ်နဲ့ အခြားနေရာတချို့ကို ပျံသန်းတဲ့လမ်းကြောင်းအနည်းငယ်သာ ကျန်တော့တယ်လို့ သိရပါတယ်။ လေကြောင်းဆန်ရှင်ဒီနေ့စပြီဆိုတော့ ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က ယူအန်ကိုလာတဲ့ အီရန်အဖွဲ့ ဘယ်လိုများ အိမ်ပြန်ကြမလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။
ဟူသီတွေကို သမ္မတထရမ့်က တိုက်ခိုက်ဖို့ အမိန့်ပေးထားပြီး လေယာဥ်တွေလည်း ဗုံးတွေနဲ့ အကုန် တပ်ဆင်ပြီး ထွက်ခါနီးကျမှ အစီအစဥ်ကို ဖျက်ခိုင်းလိုက်ပါတယ်။ ဒါက သမ္မတထရမ့် လုပ်လေ့ရှိတဲ့ စတိုင်တခုပါပဲ။ ဟူသီခေါင်းဆောင်ကတော့ အမေရိကန်နဲ့ မတိုက်ဖူးလို့ ပြောထားပေမယ့် ဆော်ဒီကိုတော့ တောင်းဆိုချက်တွေလုပ်တဲ့အဆင့်ကနေ အလုပ်နဲ့သက်သေပြမယ့်အဆင့် ရောက်သွားပြီ၊ ပိတ်ဆို့မှုကို ပိတ်ဆို့မှုနဲ့၊ စစ်အဟုန်မြှင့်တာကို စစ်အဟုန်မြှင့်တာနဲ့ တုန့်ပြန်ဖို့ ဖော်မြူလာအသစ် ထုတ်လိုက်ပြီ၊ ငါတို့မှာ ရွေးချယ်စရာများတယ်၊ ဘုရားသခင်ခွင့်ပြုရင် ပိုအထိနာစေတဲ့ ပုံစံတွေနဲ့ လာမယ်၊ ငါတို့အသက်တွေ ပေးရပါစေ ငါတို့ရဲ့ အခွင့်အရေးတွေကနေ နောက်မဆုတ်ဘူးလို့ ဆိုပါတယ်။
ဟူသီခေါင်းဆောင် Mahdi al-Mashat ပြောတဲ့ ပိတ်ဆို့မှုဆိုတာ ဆော်ဒီက ယီမင်လေဆိပ်နဲ့ သင်္ဘောဆိပ်တွေကို ပိတ်ဆို့တာကို ပြောတာပါ။ သူတို့က ဆုံးရှုံးမှုတွေအတွက် ဆော်ဒီဆီက လျော်ကြေးလည်း တောင်းထားပါတယ်။ ၎င်းက ပင်လယ်နီနဲ့ Bab el-Mandeb ရေလက်ကြားမှာ ဆော်ဒီသင်္ဘောတွေကလွဲလို့ ကျန်သင်္ဘောတွေအားလုံး လုံလုံခြုံခြုံ သွားလာနိုင်တယ်လို့လည်း ပြောသွားပါတယ်။
အီရန်က မက္ကာလိုမြို့တွေကို တိုက်ခိုက်တဲ့အပေါ် ရှုတ်ချစရာလို့ မြင်ပေမယ့် ဆော်ဒီက လာသမျှဒရုန်းတွေကို ဖျက်ချနေတာက ဘယ်သူ့မှာတာဝန်ရှိသလဲဆိုတာ ပြောဖို့ မလုံလောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဆော်ဒီကတော့ ဒရုန်းတွေက တောင်ဖက်ကလာတာဆိုတော့ ဟူသီတွေပစ်တာလို့ စွပ်စွဲပေမယ့် ဟူသီတွေက ဝန်မခံပါဘူး။
အခုလို ဟူသီတွေတိုက်ခိုက်မှု တိုးမြှင့်လာချိန်မှာ ဆော်ဒီနဲ့ မက္ကာစာချုပ် ချုပ်ထားတဲ့ တူရ်ကီက ဆော်ဒီကို စစ်ရေးအကူအညီပေးဖို့ အဆင်သင့်ပဲလို့ နိုင်ငံခြားရေးဝန်ကြီးကပြောသွားပါတယ်။ ပါကစ္စတန်ကလည်း အလားတူသဘောထားရှိတယ်ဆိုပေမယ့် နှစ်နိုင်ငံစလုံးက စစ်ထဲ ဝင်ပါလာကြတာ မတွေ့ရသေးပါဘူး။ ယူကေကတော့ ဝေဟင်ဆီဖြည့်လေယာဥ်ကို ဆိုက်ပရပ်စ်စစ်စခန်းကနေ ပို့ပေးမယ်လို့ ကတိပြုထားပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား MBS က သမ္မတထရမ့်နဲ့ တွေ့ဆုံအပြီးမှာ ဟူသီတိုက်ခိုက်မှုကြောင့် ပိတ်ထားတဲ့ the East-West ရေနံပိုက်လိုင်းကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ အမေရိကန်က ရေနံရောင်းတဲ့နိုင်ငံဖြစ်ပေမယ့် ရေနံဈေး ဒီဇယ်ဈေးကျဖို့က အမေရိကန်ရော ကမ္ဘာသူ/သားတွေရဲ့ စားဝတ်နေရေးအတွက် အရေးပါတာကြောင့် သမ္မတထရမ့်က ရေနံဈေးကျဖို့ အားထုတ်ခဲ့တာ သူစတက်ကတည်းကပါ။ ဒီဇယ်ဈေးတက်ရင် လယ်ယာထွက်ကုန်တွေ ပို့ဆောင်ရေးစားရိတ်တွေ တက်ကုန်တာဖြစ်လို့ ရုရှားက ဒီဇယ်ချက်စက်ရုံတွေကို မတိုက်ဖို့ ဇယ်လင်းစကီးကို ပြောထားပါတယ်။
ဒီမိုကရက်တွေက အီရန်စစ်ကြောင့် ရေနံဈေးတက်လို့ ကုန်ဈေးနှုန်းတွေတက်တယ်လို့ မှိုင်းတိုက်ကြပေမယ့် ဘရန့်ရေနံဈေးတစည် ၁၀၀အထက် တက်ခဲ့တာ အိုဘမလက်ထက်မှာ ၇၂၄ရက်၊ ဘိုင်ဒန်လက်ထက်မှာ ၂၁၀ရက်၊ ထရမ့် ပထမသက်တမ်းမှာ တရက်မှမရှိ၊ ဒုတိယသက်တမ်းမှာ ၅၉ရက်ပဲ ရှိပါတယ်။ WTI ဆို ၁၈ရက်ပဲ ရှိတာပါ။ မီဒီညာတွေလိမ်တာ ချင့်ယုံကြဖို့ လိုပါတယ်။
ယီမင်မှာ တရုပ်လုပ် DF-15A တာတိုပစ် ပဲ့ထိန်းဒုံးကျည်အပိုင်းအစတွေ တွေ့ရတဲ့အတွက် ဆော်ဒီက တရုပ်လက်နက်တွေ သုံးနေတာ ပေါ်သွားသလို ဖြစ်နေပါတယ်။ ဟူသီတွေက DF-15 သုံးတဲ့ ရာဇဝင် မရှိပါဘူး။ ဆော်ဒီကတော့ သူတို့ဟာလို့ အတည်မပြုပါဘူး။ အဲဒီကိစ္စကြောင့်လားတော့မသိ၊ ဆော်ဒီက တရုပ်ဦးဆောင်ပြီး တရုပ်ပြည်သူ့(ဗဟို)ဘဏ်၊ ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့၊ ထိုင်းလန်း(ဗဟို)ဘဏ်၊ ယူအေအီးဗဟိုဘဏ်နဲ့ မကာအိုငွေကြေးအာဏာပိုင်အဖွဲ့တွေ ပါဝင်တဲ့ Project mBridge ကနေ နှုတ်ထွက်သွားပါတယ်။ အဲဒီအဖွဲ့က ဒေါ်လာစနစ်တို့ SWIFT တို့ကို ရှောင်ဖို့အတွက် ဘလော့ချိန်းပလက်ဖောင်ကိုသုံးပြီး ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဖို့ ဖွဲ့ထားတာဖြစ်ပါတယ်။
သမ္မတထရမ့်က ကွယ်လွန်သူလင်ဒ်ဇီဂရမ်ကို ဂုဏ်ပြုထားတဲ့ ရုရှား-အီရန်ဆန်ရှင်ဥပဒေကြမ်းကို လက်မှတ်ထိုးပြီး ဥပဒေအဖြစ် အသက်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီဥပဒေက ရုရှားရဲ့ စွမ်းအင်နဲ့ စစ်လက်နက်ပစ္စည်းကဏ္ဍတွေနဲ့ ဆန်ရှင်လုပ်ထားတဲ့ ရေနံကို မှောင်ခိုတင်ဆောင်တဲ့ သင်္ဘောတွေကို ပစ်မှတ်ထားသလို အီရန်ကို အထိနာစေမယ့် အခြားကိစ္စတွေလည်း ပါဝင်ပါတယ်။
ဒီနေ့မှာ IRGC တပ်တွေက အီရန်အရှေ့တောင်ပိုင်း ပါကစ္စတန်နယ်စပ်နားက Shahid Saijad စစ်ဌာနချုပ်နားမှာရှိတဲ့ လက်နက်ကိုင်အုပ်စုတခုကို သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအုပ်စုက ပြန်လည်ပစ်ခတ်ခဲ့တာမှာ အဆိုပါစစ်ဌာနချုပ်က ကွန်မန်ဒါ ဗိုလ်မှူးချုပ် Hossein Zarifi သေဆုံးသွားပြီး လက်နက်ကိုင်အုပ်စုက သေနတ်သမား ၅ဦးလည်း အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ IRGC က အကြီးတန်းအရာရှိတဦးကို ခြွေလိုက်နိုင်လို့ ပြည်သူတွေ အားတက်နေကြပုံရပါတယ်။