စက်တင်ဘာ ၂၅ရက် ၂၀၂၆

အိမ်ဖြူမှာ သမ္မတထရမ့်က တရုပ်သမ္မတရှီကို တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာ မရင်းတပ်ဖွဲ့တွေ ဖျော်ဖြေခဲ့တဲ့သီချင်းက Les Miserables ပြဇတ်ထဲက “Do You Hear the People Sing?” “လူထုရဲ့ တေးသံကို ကြားလား” ဆိုတဲ့ ဖိနှိပ်တဲ့အစိုးရကို အုံကြွကြတဲ့ ပြည်သူတွေအကြောင်း တေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲဒီသီချင်းက ၂၀၁၉တုန်းက ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေလုပ်တုန်းက သုံးခဲ့ကြလို့ တရုပ်ပြည်မှာ ပိတ်ပင်ထားတာပါ။

မြွေနှစ်မှာမွေးတဲ့ ရှီကို လက်ဆောင်ပေးတဲ့ လင်းယုန်ငှက်ပန်းပုမှာလည်း ငှက်က သစ်ကိုင်းပေါ်ကနေ ထပျံနေသလို လုပ်ထားတာမှာ သစ်ကိုင်းက မြွေနဲ့ အနည်းငယ်တူပြီး လင်းယုန်က မြွေကို သုတ်တဲ့ပုံ ပေါက်နေတာကိုလည်း ထောက်ပြကြပါတယ်။ ညစာစားပွဲနဲ့ လက်ဆောင်ကို အသေးစိတ်စီစဥ်တာက သမ္မတကတော်ဖြစ်ပြီး သူကလည်း သမ္မတကြီးလိုပဲ troll လုပ်ပြီး ကလိတဲ့နေရာမှာ ထူးချွန်သူ ဖြစ်ပါတယ်။

ထရမ့်မုန်းတီးရေးဝါဒီများကတော့ လေဆိပ်ကို သွားကြိုတာကိုပဲ အညံ့ခံသလိုလို ရိုကျိုးပြနေသလိုလို ရေးကြပါတယ်။ ဘယ်သူ့ကိုမှ​ နဲနဲလေးတောင် သေးသေးတင်မခံတဲ့ သမ္မတကြီးက ကိုယ်ပျောက် ဗုံးကြဲလေယာဥ်ကြီးတွေနဲ့ သူတပ်တွေအစွမ်းကို မျက်ဝါးထင်ထင် ပြချင်လို့ဆိုတာကိုတော့ မမြင်ချင်ယောင်ဆောင်ကြတာလား၊ နားမလည်/ ဉာဏ်မမီကြတာလားတော့ မသိပါဘူး။ အဲဒီလေယာဥ်ကြီး သမ္မတနှစ်ဦးခေါင်းပေါ်ရောက်တဲ့အချိန်က နိုင်ငံတော်သီချင်းအပြီး ကွက်တိပါပဲ၊ စက္ကန့်ပိုင်းတောင် မလွဲပါဘူး။ ရှီက အစောပိုင်းမှာ မျက်လုံးက အပေါ်ကို ကြည့်ကြည့်နေပေမယ့် တကယ်တမ်းခေါင်းပေါ်ရောက်တဲ့အချိန်မှာ ပူတင်လိုမဖြစ်အောင် သတိကြီးကြီး ထားပုံရပါတယ်။

လင်းယုန်လက်ဆောင်နဲ့ ပြည်သူအုံကြွတဲ့သီချင်းနဲ့ ဖျော်ဖြေတာကိုလည်း ထရမ့်မုန်းဝါဒီတွေ မဖော်ပြကြပါဘူး။ ဒီလို လူ့အခွင့်အရေးမလေးစားတဲ့ အာဏာရှင်ကို ဘာလို့ဖိတ်ရသလဲဆိုတာနဲ့ ပတ်သက်ပြီး မာကိုကို သတင်းထောက်တွေကမေးတော့ မာကိုက တရုပ်က ကမ္ဘာမှာ စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံးနဲ့ စစ်ရေးအရပါ အင်အားကြီးနိုင်ငံဖြစ်တော့ မတူညီတာတွေ ရှိနေပေမယ့် ဆက်ဆံရေး မကောင်းတာနဲ့စာရင် ဆက်ဆံရေးရှိနေတာက အားလုံးအတွက် အကျိုးမယုတ်မှာ ဖြစ်ကြောင်း ပြန်ဖြေသွားပါတယ်။

နောက်တချက်ကလည်း ခမ်းနားတယ်ဆိုတာ သူ့အတွက်လို ဖြစ်နေပေမယ့် တကယ်တမ်းက ကိုယ့်အဆင့်ကို ပြတာပါ။ သမ္မတထရမ့် တရုပ်ပြည်ကို ၂ကြိမ်သွားခဲ့ပြီး ၂ကြိမ်လုံးမှာ သူမတူအောင် ခမ်းခမ်းနားနား ကြိုဆိုခံခဲ့ရတာပါ။ မေလခရီးစဥ်မှာ အရင်တရုပ်နန်းတွင်း ယခု စီစီပီထိပ်ပိုင်းခေါင်းဆောင်တွေပဲ သီးသန့်အပန်းဖြေလို့ရတဲ့ ကျုံးနန်ဟိုင်က လျို့ဝှက်ဥယျာဥ်ကို ခေါ်သွားခဲ့တာနဲ့ယှဥ်ရင် အခုထရမ့် ရှီကိုဧည့်ခံတာက ဘာမှပိုထူးခြားမနေပါဘူး။

သမ္မတထရမ့် တရုပ်ပြည်သွားတုန်းက အမေရိကန်ရဲ့ ပါဝါဖြစ်တဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်သူ လုပ်ငန်းရှင် ဒိတ်ဒိတ်ကြဲတွေ အများကြီးခေါ်သွားခဲ့သလို မနေ့က ဒင်နာမှာပါ ပါဝင်ခဲ့ကြပေမယ့် ရှီကတော့ အဲဒီလို မလုပ်နိုင်ပါဘူး။ သူတို့ဆီက သူဌေးတွေက အစိုးရမျက်နှာကြည့်နေရတာပါ။ ဂျက်မားလည်း အသံတိတ်၊ ကိုယ်ပျောက်သွားသလို မကြာသေးမီက China Renaissance Holdings ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်က ဘီလျံနာ CEO Bao Fan ပျောက်ဆုံးနေပါတယ်။ အစိုးရက ခေါ်စစ်နေပုံပါပဲ။

ထရမ့်မုန်းသူတွေ နားမလည်တာက သမ္မတထရမ့်က ပူတင်နဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ထားခဲ့လို့ နာမည်ကြီးအမှုထဲက မရင်းတပ်သားဟောင်းကို ဘာအပေးအယူမှမလိုပဲ ပြန်လွတ်ပေးခဲ့ပါတယ်။ ဘိုင်ဒန်လက်ထက်တုန်းက မူးယစ်ဆေးသုံးလို့ အဖမ်းခံရတဲ့ WNBA ကစားသမ Brittney Griner ကို ရုရှားလက်နက်မှောင်ခို Viktor Bout နဲ့ လဲခဲ့ရတာပါ။ အလားတူပဲ ကင်မ်ဂျုံအွန်နဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ထားခဲ့တော့ ထရမ့်လက်ထက်မှာ ကင်မ်က ဂျိုမကြွသလို အရင်သက်တမ်းတုန်းက သူတို့ဖမ်းထားတဲ့ အမေရိကန်တွေကို တပြားမှ ပေးစရာမလိုပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရှီရောက်လာမယ့်နေ့မှာပဲ မာကိုက တရုပ်အများစု လုပ်လေ့ရှိတဲ့ အမေရိကန်ကို ကလေးလာမွေးပြီး နိုင်ငံသားဖြစ်အောင် လုပ်စားသူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဗီဇာကန့်သတ်တဲ့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ ရှီရဲ့ သမီးအပါအဝင် ထိပ်တန်းကလူတွေရဲ့ သားသမီးတွေက အမေရိကန်မှာ ပညာသင်တာတွေ၊ တရုပ်ပြည်မှာ အမေရိကန်နိုင်ငံသား လာယူထားတဲ့ ကလေး ၁သန်းခွဲလောက် ရှိတော့ အဲဒီကြေငြာချက်က တရုပ်အထက်တန်းလွှာနဲ့ ဗျူရိုကရက် အသိုင်းအဝိုင်းကို ရိုက်ခတ်သွားမှာ အသေအချာပါပဲ။

ရှီက လာမယ့်၅နှစ်အတွင်းမှာ အမေရိကန်လူငယ်တသိန်းကို တရုပ်ပြည်ကို လာရောက်ပြီး ပညာသင်ဖို့/ အလဲအလှယ်လေ့လာရေးလုပ်ဖို့ ဖိတ်ကြားသွားပါတယ်။ မာကိုက တရုပ်ပြည်ကနေ ကျောင်းသားဗီဇာနဲ့လာပြီး ဒီမှာ ဂျုးမုန်းရေး၊ ဟာမာ့စ်လို အကြမ်းဖက်တွေကို ထောက်ခံရေးကို တက်တက်ကြွကြွ လှုပ်ရှားနေကြတဲ့ ကျောင်းသား/သူတွေကို ဗီဇာရုပ်လိုက်ပါတယ်။ တရုပ်ပြည်မှာ လွတ်လပ်မှုလည်းမရှိ၊ လူ့အခွင့်အရေးလည်း မလေးစား၊ အင်တာနက်တောင် ကောင်းကောင်း မသုံးရတဲ့အပြင် ကိုယ့်အချက်အလက်တွေအကုန် အခိုးခံရမှာက အရင်ဆုံးဖြစ်လာနိုင်တဲ့ အကျိုးဆက်ပါပဲ။

နောက်စိတ်ဝင်စားစရာသတင်းက အစ္စရေးဝကခ ယူအန်မှာ စကားပြောတဲ့သတင်းပါ။ အစ္စရေးဝကခ မိန့်ခွန်းခြွေချိန်မှာ ကမ္ဘာပေါ်က မွတ်အများစုနိုင်ငံ ၅၀ကျော် ထဲက အစ္စရေးနဲ့ Abraham Accords ထိုးထားတဲ့ ယူအေအီးနဲ့ ဘာရိန်းတို့ကလွဲလို့ ကျန်မွတ်အများစုနိုင်ငံတွေနဲ့ လက်ဝဲယိမ်း/ တရုပ်တပည့်တွေ ထထွက်သွားကြပါတယ်။ ထထွက်ကြတဲ့ နိုင်ငံအများစုက လူ့အခွင့်အရေး ပြဿနာရှိနေတဲ့ နိုင်ငံတွေ ဖြစ်ကြပြီး သူတို့က တရုပ်တို့ အီရန်တို့လို ကိုယ့်ပြည်သူကိုယ်သတ်ပြီး လူ့အခွင့်အရေးချိုးဖောက်နေကြတဲ့ နိုင်ငံတွေ ပြောချိန်မှာတော့ ထထွက်တာ မတွေ့ရပါဘူး။

အလားတူပဲ ဟောလီဝုဒ်က ဆယ်လီတွေကလည်း ဝီဂါတွေ၊ ဖ-လုံဂုန်းတွေ တိဘက်တွေကို အကြီးအကျယ် နှိပ်ကွပ်နေတဲ့ ရှီ/တရုပ်ကို ဆန္ဒမပြကြပဲ ဘီဘီကိုမှ ရွေးပြီး ဆန္ဒပြကြပါတယ်။ နယူးယောက်မြို့ဝန်ကလည်း ဘီဘီကို ဖမ်းမယ်ဆီးမယ် တကဲကဲပါ။ အပြစ်ကတော့ ဂျီနိုဆိုက်ကြောင့်ပါတဲ့။ တရုပ်ပြည်ရှင်းကျန်က ဝီဂါတွေလည်း မွတ်တွေပါပဲ၊ သူတို့လည်း တရုပ်ပြည်မှာ ဂျီနိုဆိုက်အလုပ်ခံရတယ်လို့ နိုင်ငံတကာက စွပ်စွဲကြတာပါပဲ။ ဒါပေမယ့် မန်ဒါလီရော ဆယ်လီတွေရော အာရုံကျပုံ မရကြပါဘူး။

လောလောလတ်လတ် ဟူသီနဲ့ ဆော်ဒီ ချကြတဲ့ပွဲမှာ ဆော်ဒီက အမေရိကန် ကတဆင့် အစ္စရေးဆီက အကူအညီတောင်းထားပေမယ့် အစ္စရေးဝကခ မိန့်ခွန်းစပြောတော့ ထထွက်သွားခဲ့ပါတယ်။ အစ္စရေးနဲ့ အဆင်ပြေတဲ့ ယူအေအီးကို အီရန်က တိုက်ခိုက်လာတော့ အစ္စရေးက Iron Dome နဲ့ ကာကွယ်ပေးထားပါတယ်။ အစ္စရေးကိုယ်စားလှယ်တွေက ထထွက်သွားတဲ့နိုင်ငံတွေကို roll call ခေါ်ပြီး သေချာစာရင်းလုပ်ထားပါတယ်။ သူတို့ပြောတာ နားမထောင်ချင်ပဲ အကူအညီကျမှ လိုချင်တာ အဓိပ္ပါယ်မရှိဘူးလေ။

လူဦးရေအားဖြင့် ကမ္ဘာမှာ မွတ် ၂ဘီလီယံရှိတဲ့အချိန်မှာ ဂျူးအားလုံးပေါင်းမှ ၁၆သန်းတောင် မပြည့်တတ်ပါဘူး။ နိုင်ငံအားဖြင့်ဆိုလည်း မွတ်အများစုနိုင်ငံ ၅၃နိုင်ငံအထိ ရှိပြီး ဂျူးက ၁နိုင်ငံပဲ ရှိတာပါ။  အကျယ်အဝန်းအားဖြင့် ကမ္ဘာပေါ်က မွတ်အများစုနိုင်ငံအားလုံးပေါင်းရင် စတုရန်းမိုင် ၁၂.၃သန်းအထိ ရှိနိုင်ပြီး အရှေ့အလယ်ပိုင်းသက်သက်ဆိုရင် စတုရန်းမိုင် ၂.၇၆သန်း ရှိပါတယ်။ ဂျူးနိုင်ငံက ဂိုလန်ကုန်းမြင့်ပါ ထည့်ပေါင်းမှ ၈၆၃၀ စတုရန်းမိုင်ပဲ ရှိတော့ အရှေ့အလယ်ပိုင်းမှာတင် အဆ ၃၀၀ကျော် ကွာနေပါပြီ။ အရှေ့အလယ်ပိုင်းမှာ ဒီမိုကရေစီရှိတာ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ ကိုးကွယ်ခွင့်ရှိတာဆိုလည်း အစ္စရေးတနိုင်ငံတည်းပါပဲ။

ဒါပေမယ့် ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း ယူအန်မှာ စွပ်စွဲပြစ်တင်ခံရဆုံး နိုင်ငံဟာလည်း အစ္စရေး ဖြစ်နေပါတယ်။ ကိုယ့်ပြည်သူကို သောင်းနဲ့ချီ လောလောလတ်လတ် သတ်ထားတဲ့ အီရန်က ကုလမှာ စွပ်စွဲပြစ်တင်ခံရတာ မြောက်ကိုရီးယားလိုပဲ ၁၀ကြိမ်စီရှိပြီး အစ္စရေးက ၁၇၃ကြိမ်၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့အပြင် နိုင်ငံငယ်တွေအပေါ် ဗိုလ်ကျလွန်းတဲ့ တရုပ်က ဘာစွပ်စွဲပြစ်တင်မှုမှ မခံရပါဘူး။ ယှဥ်ပြောရရင် ဗီတိုရထားတဲ့ နိုင်ငံချင်းတူတူ ရုရှားက ၂၉ကြိမ်နဲ့ အမေရိကန်က ၁၁ကြိမ် ရှိပါတယ်။ အာရပ်နိုင်ငံတွေထဲမှာ စွပ်စွဲပြစ်တင်ခံရတာ ဆီးရီးယားတနိုင်ငံပဲ ၁၂ကြိမ် ခံရတာပါ။ အာဖဂန်က တကြိမ်ဖြစ်ပါတယ်။

အစ္စရေးကို တိုက်ခိုက်ဖို့ အီရန်မွေးထားတဲ့အဖွဲ့တင် အနည်းဆုံး ၆ဖွဲ့ရှိပါတယ်။ အဖက်ဖက်ကနေ ဝိုင်းညှပ်ပြီး လစ်ရင်လစ်သလို ဝင်ချကြတာပါ။ တနှစ်ကို ရာဂဏန်းကြီးကြီးနေ သောင်းချီတဲ့ တိုက်ခိုက်မှုတွေအထိ နှစ်တိုင်းကြုံနေရတာပါ။ အောက်မှာဂဏန်းညှပ်ခံနေရတာ လူမမြင်ပေမယ့် အော်တော့မှ အော်တယ်ဖြစ်ကြတဲ့အတိုင်းပါပဲ။ ဂျူးမုန်းတဲ့ရောဂါကို အဓိက အင်တိုက်အားတိုက် ဖြန့်နေတာက ကာတာနိုင်ငံပါ။ အမေရိကန်နဲ့ ဥရောပက တက္ကသိုလ်တွေကို ထရီလီယံလောက်ကို သုံးပြီး လှုံ့ဆော်နေတာပါ။ အဲဒါနဲ့ပဲ လူငယ်အတော်များများ ဂျူးမုန်းသူတွေ ဖြစ်လာကြတာပါ။

သူတို့စွပ်စွဲတဲ့ ဂျီနိုဆိုက်ဆိုတာက မြန်မာပြည်က ရိုတွေကို လုပ်တယ်လို့လည်း စွပ်စွဲကြတာပါပဲ။ ယှဥ်စဥ်းစားနိုင်ဖို့ပါ။ ဘီဘီပြောသွားတဲ့ထဲမှာ ငါတို့က အစားအစာလည်းပေးတယ်၊ ဆေးဝါးလည်းပေးတယ်၊ ကလေးတွေ ကကဆထိုးဖို့လည်း အကုန်လုပ်ပေးတယ်၊ အစားအစာဆို ပို့ပေးနေတာ တယောက်ကို တတန်လောက်ရှိပြီ၊ အဲဒါကို ဂျီနိုဆိုက်လို့ ခေါ်မလားလို့ မေးခွန်းထုတ်သွားပါတယ်။

အီရန်သာ နျူလက်နက်ပိုင်လာခဲ့ရင် ဒုက္ခရောက်နိုင်တာ အစ္စရေးတင်မက အာရပ်ကမ္ဘာရော တကမ္ဘာလုံးရောပါပဲ။ ဒါကြောင့် အာရပ်ကမ္ဘာကလည်း အီရန်နျူလက်နက်ပိုင်မှာ ကြောက်ကြပါတယ်။ အီရန်ကလည်း ရသမျှပိုက်ဆံ ပြည်သူချောင်ချိဖို့ အဆင်ပြေဖို့ထက် လူမိုက်တပည့်တွေ မွေးရာမှာ သုံးနေတာဆိုတော့ သူမွေးထားတဲ့ တပည့်တွေက အရှေ့အလယ်ပိုင်းမှာ မတည်ငြိမ်မှုတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။

အီရန်နဲ့ ပတ်သက်ပြီး ဘီဘီက အီရန်ပြည်သူတွေ လွတ်မြောက်လာဖို့ နီးပြီလို့ ယုံကြည်ကြောင်းနဲ့ ပြည်တွင်းမှာ မျက်စိပိတ် နားပိတ် အင်တာနက်အဖြတ်ခံထားရတဲ့ အီရန်ပြည်သူတွေအတွက် စတားလင့်ခ်တွေ ယူသွားပေးဖို့ အီရန်ကိုယ်စားလှယ်အဖွဲ့ကိုရော သဘာပတိအဖွဲ့ကိုပါ ပန်ကြားသွားပါတယ်။ တိုင်းပြည်ကို လွတ်လပ်စေချင်ကြတဲ့ ပြည်ပရောက်အီရန်ပြည်သူတွေနဲ့ ပြည်တွင်းက လွတ်မြောက်ချင်ကြတဲ့ ပြည်တွင်းကလူတွေကတော့ အစ္စရေးကို မုန်းတီးကြတာ မတွေ့ရပါဘူး။ ရှားဘုရင်လက်ထက်တုန်းက အစ္စရေးနဲ့ ပါးရှားတို့ အလွမ်းသင့်ခဲ့ကြပါတယ်။  

မြန်မာပြည်က ဉာဏ်ကြီးရှင်များကတော့ အစ္စရေးကို မုန်းရတဲ့အကြောင်းက ပြည်သူကို ထောက်လှမ်းတဲ့ ပစ္စည်းတွေ စစ်အုပ်စုကို ရောင်းပေးလို့ဆိုလား ပြောကြပါတယ်။ စစ်အစိုးရကို လက်နက်အဓိကရောင်းပေးနေတာက ရုရှားနဲ့ တရုပ်ပါ။ အိန္ဒိယလည်း ပါသလို အီရန်က လေယာဥ်ဆီရောင်းပေးတာအပြင် တခြားလျို့ဝှက်ဆက်ဆံရေးတွေလည်း ရှိပါတယ်။ အပေးအယူတွေကို ကြားခံပေးတာက စင်္ကာပူ ထိုင်းတွေဆိုတော့ အစ္စရေးကိုမှ ရွေးမုန်းနေတာ သိပ်ယုတ္တိတန်မနေပါဘူး။ ပြီးတော့ လွတ်လပ်တဲ့နိုင်ငံတွေမှာ တော်ရုံလက်နက်ဝယ်ဖို့ဆို အစိုးရဆီ ဖြတ်နေစရာ မလိုတတ်ပါဘူး။

ပြောချင်တာက အမှန်တရားအပေါ်မှာ အမြင်မတူဘူးဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ အမြင်ဆိုတာ ပကတိမျက်စေ့တို့ ဉာဏ်မျက်စေ့တို့နဲ့မြင်တာထက် ထင်မြင်ချက်ကို ရည်ညွှန်းတာဖြစ်လို့ တရားကိုယ်ကောက်ရင် အထင်ပါပဲ။ အထင်ကို မှန်တယ်လို့ တရားသေပြောလို့ မရပါဘူး။ အမှန်တရားမှတ်ကျောက်တွေနဲ့ တိုက်စစ်ရပါတယ်။ ဘီဘီကတော့ သူပြောနေတုန်း ထထွက်သူတွေကို moral coward တွေလို့ ပြောပါတယ်။ မှန်တဲ့ဖက်မှာ မရပ်ရဲသူဆိုပါတော့။ အစ္စရေးလုပ်သမျှ မှန်နေတယ်လို့ ဆိုပြန်ရင်လည်း အစွန်းရောက်သလို အစ္စရေးဘာလုပ်လုပ် မုန်းမယ်ဆိုလည်း အစွန်းရောက်တာပါပဲ။ ဆင်ခြင်နိုင်ကြဖို့ပါ။

Leave a comment