Operation Epic Fury (116)

ယူကေက RAF Fairford အမေရိကန်လေတပ်အခြေစိုက်စခန်းနဲ့ ၂မိုင်ခန့်အကွာမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တွေ့ရှိသူ ကျား၅ဦးကို ယူကေအစိုးရက ထိန်းသိမ်းခဲ့တဲ့အတွက် သမ္မတထရမ့်က ချီးမွမ်းခဲ့ပြီး နောက်တရက်မှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သမ္မတထရမ့်က အဲဒီထဲက တချို့ကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်နေလို့ စောင့်ကြည့်နေခဲ့တာ အချိန်တခုရှိပြီလို့ ဆိုပါတယ်။ အဖြစ်နိုင်ဆုံးကတော့ အီရန်နဲ့ ပတ်သက်နေနိုင်တာပါပဲ၊ အီရန်ကလည်း အဆိုပါစခန်းကို အန္တရာယ်ပြုဖို့ ခြိမ်းခြောက်ထားဖူးတယ်လေ။ သူတို့ကို ဖမ်းမိချိန်မှာ အနားမှာရှိတဲ့ မသင်္ကာဖွယ် ဗင်ကား၃စီးကလည်း ဓါတုပစ္စည်းတွေနဲ့ ပြည့်နေမယ်လို့ ယူဆရပါတယ်။ ရိတ်ပစ်တွေ အကြမ်းဖက်တွေကို ဝေဖန်/ ထောက်ပြရင်သာ အမုန်းစကားနဲ့ အာမခံမရမှာ၊ အဲဒီလူတွေဆိုရင်တော့ အာမခံက မဖမ်းခင်က ပေးပြီးသားလို့ ပြောရမလိုပါပဲ။ ယူကေတာဝန်ရှိသူတွေကတော့ အဲဒီလူတွေကို လွှတ်လိုက်ပေမယ့် စစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

အီရန်ဘက်က သဘောတူညီချက် ရချင်လို့ အဆိုပြုချက်တွေ အမျိုးမျိုး လုပ်နေပေမယ့် အမေရိကန်က ပယ်ချနေဆဲပါ။ ပြည်တွင်း တရားရုံးတခုက ဆိုလေမာနီကို သတ်ခဲ့တဲ့အတွက် ၄၈ဘီလီယံ ပေးလျော်ဖို့ အမိန့်ချတယ်ဆိုတော့ လက်တွေ့နဲ့ အတော်ကို ကင်းကွာနေပုံရပါတယ်။ သမ္မတထရမ့်က မစ်တမ်းပြီးမှပဲ စစ်ပြန်စမယ်လို့ ပြောထားပါတယ်။ အီရန်က မစ်တမ်းမှာ သမ္မတထရမ့်ကို ထောက်ခံတဲ့ ရီပါဘလစ်ကန်တွေ အခြေမလှစေဖို့ ရေနံဈေးမတက်တက်အောင် မတည်မငြိမ်ဖြစ်အောင် သူတို့ရဲ့ ပရောက်ဆီတွေ၊ ပဉ္စမံတပ်သားတွေ အကူအညီနဲ့ ကြိုးစားနေတာဖြစ်လို့ မစ်တမ်းပြီးသွားရင် အီရန်မှာ လုပ်စရာဘာမှ မရှိတော့သလို ဖြစ်သွားနိုင်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က အီရန်ဟာ လာမယ့် ၂ပတ်အတွင်းမှာ ကုန်သွယ်စရာ ရောင်းစရာ ဘာမှမရှိတော့တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းသွားပါတယ်။ တရုပ်ကို ပို့ထားတဲ့ ရေနံတွေထဲက  စည် ၁၅သန်းလောက်ပဲ တရုပ်ကိုရောက်ဖို့ကျန်တော့တာပါ။ အဲဒါပြီးရင် ဘာမှ ထပ်ထွက်လာစရာ မရှိတော့ပါဘူး။ အီရန်ငွေကြေးတန်ဖိုးကလည်း တဒေါ်လာကို ရီယယ် ၂သန်းခွဲအထိ စံချိန်တင် ကျဆင်းနေလို့ လာမယ့် ၂ပတ်အတွင်း စီးပွားရေးပြိုလဲတော့မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ စစ်စတုန်းက ၁.၃သန်းပါ။ ငွေလဲနှုန်း ၁သန်းလောက်ထိ ဖြစ်သွားခဲ့လို့ နှစ်စပိုင်းမှာ လူထုဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပါ။ အစိုးရငွေလဲနှုန်းကတော့ ၄သောင်း၂ထောင်ဆိုတော့ လက်တွေ့နဲ့ အဆပေါင်းများစွာ ကွာနေပါတယ်။

ဟော်မုဇ်မှာ စစ်မစခင်က တနေ့ကို စည်သန်း၂၀လောက် ဖြတ်သန်းနေတာကနေ ခုဆို တနေ့ ၁၅-၂၂သန်း ဖြတ်သန်းနေပါတယ်။ အမေရိကန်ရဲ့ ရေနံတင်ပို့မှုက စည်တဘီလီယံကျော်နေတဲ့အချိန်မှာ အီရန်က သုညဖြစ်နေပြီလို့လည်း ဘက်ဆန့်က ပြောသွားပါတယ်။

အီရန်သမ္မတကတော့ ငါတို့မှာ ထွက်သမျှရေနံ တရုပ်ကို ပို့လိုက်ရတာ၊ ပိုက်ဆံတွေကျတော့ သူတို့က တင်းတင်းကြပ်ကြပ် ထိန်းထားတာ၊ ငါတို့က တပြားမှ ထုတ်လို့မရနေဘူးလို့ ငြီးညူသွားပါတယ်။ သမ္မတထရမ့်ရဲ့ ပထမသက်တမ်းကတည်းက တရုပ်က အီရန်ရေနံကို မှောင်ခိုဝယ်ယူနေတာဖြစ်ပြီး ပိုက်ဆံကိုတော့ အီရန်ကို တိုက်ရိုက်မပေးပဲ escrow account တွေထဲမှာ ထားထားတာပါ။ တရုပ်ဆီမှာ အီရန်ရေနံရောင်းရငွေ ၂၀-၅၀ဘီလီယံလောက်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တကမ္ဘာလုံးမှာဆိုရင် ဘီလီယံ ၁၀၀ကျော်လောက် ပိတ်မိနေတာ ဖြစ်ပါတယ်။

အမေရိကန်က အီရန်လေကြောင်းနဲ့ ပတ်သက်သမျှတွေကို ဆန်ရှင်စလုပ်မယ့် စက်တင်ဘာ ၂၃ရက် နောက်ပိုင်းမှာ တီဟီရန်က ပျံသန်းလာတဲ့ Mahan လေကြောင်းခရီးစဥ်တခုဟာ တရုပ်ပြည်ဂွမ်ကျိုကို ဆိုက်ရောက်လာပါတယ်။ တရုပ်နိုင်ငံခြားရေးက တဖက်သတ်တရားမဝင်ဆန်ရှင်တွေကို သူတို့ဆန့်ကျင်တယ်လို့ ပြောထားပြီး အီရန်လေယာဥ်တွေက ဘေကျင်း၊ ရှန်ဟဲ၊ ဂွမ်ကျိုနဲ့ ရှန်ဇန်တွေကို ပျံသန်းမယ့်စာရင်းထဲမှာ ထည့်ထားဆဲဖြစ်ပါတယ်။ ဆန်ရှင်အရာရှိဟောင်း Miad Maleki က တရုပ်ဆီဖြည့်ကုမ္ပဏီတွေနဲ့ လေဆိပ်မြေပြင်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို ဖော်ထုတ်အရေးယူဖို့ ဝါရှင်တန်က တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။

ဝါရှင်တန်က Mahan Air ကို IRGC အတွက် လက်နက်တွေ သယ်ပို့ပေးလို့ ၂၀၁၁တုန်းက ဆန်ရှင်ချထားဖူးပါတယ်။ ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က အီရန်လေယာဥ်တွေ ဆင်းသက်လာခဲ့ရင် ဆီဖြည့်ပေးတာ၊ ဆိုက်ဖို့ ဂိတ်ပေးတာအပါအဝင် ဆိုက်ကပ်ဝန်ဆောင်မှုပေးတာ၊ လက်မှတ်ရောင်းပေးတာ၊ စတာတွေ မလုပ်ပေးရဘူးဆိုတဲ့ စည်းမျဥ်းတွေကို အတိအလင်း ချပြထားပြီး ဖြစ်ပါတယ်။ မလိုက်နာခဲ့ရင် ဒေါ်လာစနစ်ကနေ ဆွဲထုတ်ခံရမှာပါ။

အီရန်ရဲ့ အိမ်နီးချင်းတွေဖြစ်တဲ့ တူရ်ကီက Mahan Air ကို မလာဖို့ တားမြစ်ထားလိုက်ပြီး တူရ်ကီလေကြောင်း၊ Pegasus နဲ့ Ajet တို့က အီရန်ဆီ ပျံသန်းမှုတွေကို ၂၀၂၇ မတ်လအထိ ရပ်နားထားမယ်လို့ ကြေငြာထားပါတယ်။ အီရတ်က လေဆိပ် ၄ခုမှာ အီရန်လေယာဥ်တွေ မဆင်းဖို့ တားမြစ်လို့က်သလို အိုမန်က Mahan Air ခရီးစဥ်တွေကို တားမြစ်ထားပါတယ်။ ယူအေအီးကတော့ အီရန်ရဲ့ လေကြောင်းခရီးစဥ်အားလုံးကို နောက်ထပ်ကြေညာချက်မထုတ်မချင်း ရပ်နားထားမှာပါ။

အီရန်အစိုးရရုပ်သံကတော့ ရုရှား-ယူကရိန်းစစ်၊ ဆော်ဒီ-ဟူသီတိုက်ခိုက်မှုတွေအပြင် အိမ်နီးချင်း အဇာဘိုင်ဂျန်နဲ့လည်း တင်းမာမှုရှိနေတဲ့အတွက် အီရန်အတွက် ဒေသတွင်းပျံသန်းမှုနယ်မြေ ကျဥ်းမြောင်းလာနေကြောင်း၊ အခုအမေရိကန်ရဲ့ လေကြောင်းပိတ်ဆို့မှုပါ ထပ်ပေါင်းရင် တနေ့ကို အရှေ့အနောက် ပျံသန်းမှု ၂၅၀၀လောက်အထိ ထိခိုက်နေကြောင်း၊ အဲဒါကို မကိုင်တွယ်ဘူး၊ မတုန့်ပြန်ဘူးဆိုရင် နောင်မှာ ကုန်းလမ်းခရီးတွေပါ ပိတ်ပင်ခံရမှာဖြစ်ကြောင်း ခန့်မှန်းသွားပါတယ်။

ယူအေအီးက အီရန်ရဲ့ ဟော်မုဇ်မှာတိုက်ခိုက်တဲ့ ဗျူဟာကို တွက်ချက်ပြီး တန်ပြန်ဗျူဟာခင်းကာ ရေနံတွေ ဆက်လက်ပို့နေပါတယ်။ အီရန်ရဲ့ ဗျူဟာက တစီးကို စည် ၂သန်းထိ တင်နိုင်တဲ့ Very Large Crude Carrier ကြီးတွေကို ပစ်မှတ်ထားတာပါ။ သင်္ဘောတန်ဖိုးရော ကုန်စည်ဖိုးပါဆို တစီးကို သန်း ၃၀၀ကျော် အသာလေးရှိတဲ့အတွက် အာမခံလည်း ဈေးကြီးသလို ပစ်ခတ်ခံရရင် ဆုံးရှုံးမှုလည်း ကြီးပါတယ်။

ယူအေအီးအစိုးရက ဈေးသက်သာတဲ့ သင်္ဘောလေးတွေ အရံသင့်ထားရှိပြီး တစီးထိရင် နောက်တစီးနဲ့ မြန်မြန်အစားထိုးနိုင်ဖို့ ကူညီပေးပါတယ်။ အီရန်ရဲ့ ပစ်ခတ်ပုံက အရင် ရေဒီယိုနဲ့ သတိပေးပါတယ်၊ ဆက်သွားရင် ခြောက်ပစ်ပစ်ပါတယ်၊ သင်္ဘောဦးခန်းကို မပစ်ခင် သင်္ဘောသားတွေကို ရှောင်ဖို့ မိနစ် ၃၀-၄၀ အချိန်ပေးပါတယ်၊ ယူအေအီးအစိုးရက အပစ်ခံရတဲ့ သင်္ဘောတွေကို သွားဆွဲဖို့ ဆွဲသင်္ဘောတွေ အဆင်သင့်ထားထားပြီး အိုမန်က Sohar ဆိပ်ကမ်းကို ဆွဲသွားဖို့ စီစဥ်ထားပါတယ်။ အဲဒီမှာ ကုန်စည်တွေ လွှဲပြောင်းကြတာပါ။ အရေးကြုံတဲ့အခါ ခေါင်းဆောင်တယောက်ရဲ့ အရည်အချင်းက အင်မတန်စကားပြောပါတယ်။

ယီမင်အစိုးရတပ်တွေက ဟူသီစစ်သွေးကြွေတွေကို ပြီးခဲ့တဲ့ရက်က တိုက်ခိုက်မှု ၃၅၆ခု ပြုလုပ်ခဲ့ရာမှာ ဟူသီ ၄၇၆ဦး သေဆုံး (သို့) ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ ဟူသီအကြမ်းဖက်တွေက တခြားအီရန်ရဲ့ ပရောက်ဆီဖြစ်တဲ့ ဟာမာ့စ်တွေလိုပဲ အရပ်သားပြည်သူကို အကာအကွယ်ယူကြတယ်လို့ ဆိုပါတယ်။

အမေရိကန်တပ်တွေက ဟော်မုဇ်ရေလက်ကြားမှာ အီရန်ဒရုန်းတွေကို ဖျက်ချဖို့ အင်ဖရာရက်ဒ်လေဆာ ရောင်ခြည်တွေကို သုံးခဲ့တာက သမားရိုးကျလက်နက်တွေသုံးတာထက် အကုန်အကျ များစွာသက်သာစေပါတယ်။

အီရန်သမ္မတ ကုလထွေ/ညီမှာ စကားပြောတုန်းက ဇန်နဝါရီလတုန်းက သူတို့သတ်ခဲ့တဲ့ ဆန္ဒပြသူတွေဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လှုံ့ဆော်မှုကြောင့် လမ်းပေါ်ထွက်လာကြတာဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင် လက်နက်တွေ ထောက်ပံ့တာကို လက်ခံရယူခဲ့ကြသူတွေလို့ စွပ်စွဲသွားပါတယ်။ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေက အဲဒီစွပ်စွဲချက်ဟာ လုံးဝ မှားယွင်းကြောင်း၊ ဆန္ဒပြသူတွေဟာ ပြည်ပအစိုးရနဲ့ ဆက်စပ်သူတွေမဟုတ်ကြသလို လက်နက်ကိုင်ဆောင်မှုလည်း မရှိခဲ့ကြဘူးလို့ ဆိုပါတယ်။

အသတ်ခံရသူဦးရေကို ၄သောင်းကနေ ၇သောင်းလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြတာကိုလည်း အီရန်သမ္မတက ၃၀၀၀လောက်ပါပဲလို့ လိမ်ပါတယ်။ ဒါပေမယ့် ရိုက်နှက်ညှင်းပန်းပြီး သူတို့ခိုင်းသလို ထွက်ဆိုစေတာ၊ တရားရုံးမှာ ခုခံခွင့်မပြုတာ၊ နိုင်ငံခြားအစိုးရရဲ့ ပတ်သက်ကြောင်း စွပ်စွဲတာ၊ လက်နက်ကိုင်/ ဖျက်ဆီးတယ်လို့ စွပ်စွဲတာတွေက အာဏာရှင်တွေ သုံးနေကျ လှိမ့်လုံးတွေဖြစ်တော့ ဘယ်သူမှ ယုံကြည်မှာ မဟုတ်ကြပါဘူး။

Leave a comment