OEF/ Operation Economic Outcast (117)

ဒီနေ့မှာ အမေရိကန်က အီရန်အပေါ် စီးပွားရေးအရ နောက်တဆင့် ထပ်မံတင်းကြပ်လိုက်ပါတယ်။ အီရန်ရဲ့ ရေနံနဲ့ လေကြောင်းကလွဲရင် အဓိကဝင်ငွေအုပ်စုတွေဖြစ်တဲ့ ကား၊ ရထား၊ ကုန်ထုတ်လုပ်မှုနဲ့ စတီးလ်ကဏ္ဍတွေကို ပစ်မှတ်ထားတာဖြစ်လို့ အလျော့မပေးသေးပဲ စစ်သားတွေ ဝန်ထမ်းတွေ လစာပေးဖို့၊ အစားအသောက်ဘာညာဝယ်ဖို့ ငွေစက္ကူပဲ ရိုက်ထုတ်နေရင် ငွေဖောင်းပွမှုက ခုထက် အများကြီး ဆိုးလာပါလိမ့်မယ်။

ဆန်ရှင်ထပ်မံတင်းကြပ်လိုက်တဲ့ ဘဏ္ဍာရေးဌာနရဲ့ အဓိက ရည်ရွယ်ချက်က IRGC တွေ စစ်ဆက်မတိုက်နိုင်အောင်နဲ့ အကြမ်းဖက်အဖွဲ့တွေကို ငွေ/လက်နက်နဲ့ မထောက်ပံ့နိုင်အောင် ငွေရပေါက်ရလမ်းတွေ အကုန်လုံးကို လိုက်ပိတ်ရတာပါ။ ပြည်တွင်းကားဈေးကွက်ရဲ့ ၉၀%ကို ကိုင်ထားတဲ့ အီရန်ကားကုမ္ပဏီတွေဖြစ်တဲ့ Khodro နဲ့ SAIPA ၊ အစိုးရ ရထားကုမ္ပဏီနဲ့ ကုန်စည်သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းကြီးတွေ၊ စတီးလ်နဲ့ အကြီးစားစက်မှုလုပ်ငန်းတွေအပြင် နိုင်ငံခြားက ကူညီပေးနေတဲ့ကုမ္ပဏီတချို့ကိုပါ ဆန်ရှင်ထဲ ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။

သမ္မတထရမ့်ကလည်း မျှတတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးရင်ထိုး၊ မဟုတ်ရင် မင်းတို့ (ဘဝ)တွေ ဒီမှာပဲ အဆုံးသတ်လိုက်တော့၊ ဒါက မင်းတို့ရွေးချယ်ရမယ့်ကိစ္စ၊ အကြမ်းဖက်အီရန်ကို အပြီးတိုင်ချေမှုန်းခြင်းဟာ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး ဖန်တီးပေးတာပါပဲလို့ ပြောသွားပါပြီ။​ အီရန်ဘက်က ၇ရက် အပစ်ရပ်ပြောလိုက်၊ နျူမလုပ်ပါဘူးပြောလိုက်၊ ဟော်မုဇ်ကို ပြန်ဖွင့်ပါမယ် ပြောလိုက်၊ ပစ်ခတ်လိုက်နဲ့ အမျိုးမျိုး လှည့်ပတ်ဖို့ ကြိုးစားနေပါသေးတယ်။ အာရာ့ချီကလည်း နယူးယောက်မှာ ထွေ/ညီပြီးသွားလည်း မပြန်နေတော့ မာကိုက နှင်လွှတ်ရတဲ့အထိပါပဲ။

အာရာ့ချီက ဆန်ရှင်ဖယ်ပေးရင် အမေရိကန်ဗုံးကြဲထားတဲ့ နျူနေရာတွေကို ယူအန်က စစ်ဆေးသူတွေ ဝင်ခွင့်ပေးမယ်လို့ ပြောပြန်ပါပြီ။​ ကလေးတွေလို သူတို့လိမ်တိုင်း ကျန်လူတွေက ယုံသွားမယ်လို့ ထင်နေပုံရပါတယ်။

မနေ့ကဖြစ်သွားတဲ့ ဖလိုင်းဒူဘိုင်းလေယာဥ် အကြမ်းဖက်တဲ့ကိစ္စမှာ အီရန်ပါဝင်ပတ်သက်နေတယ် ဆိုတာ တွေ့ရှိရရင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရမယ်လို့ အိမ်ဖြူမှာ သတင်းထောက်တွေကို ပြောသွားပါတယ်။ နေတန်ယာဟုကတော့ အီရန်ပါဝင်ပတ်သက်နေတယ်လို့ ပြောနိုင်ဖို့ အရမ်းစောနေသေးတယ်လို့ ဆိုပါတယ်။ လေယာဥ်ကို ထိုးချဖို့ ကြိုးစားခဲ့တဲ့ အိုမန်နိုင်ငံသား ပူးတွဲလေယာဥ်မှူးက အမျိုးသမီးတွေနဲ့ လက်ဆွဲနှုတ်ဆက်တာမျိုးကိုတောင် ရှောင်ကြဥ်တဲ့ ဘာသာရေးအစွန်းရောက်သူအဖြစ် သတင်းတွေမှာ ဖော်ပြကြပါတယ်။

အီရန်က မစ်တမ်းမတိုင်ခင် နောက်ဆုံးလက်နက်အနေနဲ့ အမေရိကန်ပညာရှင်တွေ၊ ကျောင်းသားတွေ၊ မီဒီယာတွေနဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေထံကို (အထူးသဖြင့် ထရမ့်မုန်း၊ ဂျူးမုန်းအုပ်စုတွေ) ၂၆မျက်နှာရှိတဲ့ စာအရှည်ကြီး ရေးပို့လိုက်ပါသတဲ့။ အစိုးရဆီကို ရေးတာမဟုတ်ပါဘူး။ အဲဒီထဲမှာ

– ဒက်သ်တူအမေရိကဆိုတာက ပြည်သူကို ပြောတာမဟုတ်ကြောင်း၊ အိမ်ဖြူကလူတစုကိုပဲ ရည်ညွှန်းတာဖြစ်ကြောင်း၊

– သူတို့က အရပ်သားတွေကို သတ်တာမဟုတ်လို့ သူတို့ကို အကြမ်းဖက်လို့ တံဆိပ်ကပ်တာကို ပယ်ချကြောင်း၊

– အမေရိကန်က အလျင်အမြန် ပျက်စီးယိုယွင်းနေတဲ့ နိုင်ငံဖြစ်ကြောင်း၊

– အမေရိကန်တွေအနေနဲ့ ဂျူးဆန့်ကျင်ရေးလုပ်ကြဖို့၊ ထရမ့်ပါတီကို မဲမထည့်ကြဖို့၊ ဒါမှ အမေရိကန်နဲ့ အစ္စရေးဝေးမှာ၊ စစ်နဲ့ဝေးမှာဖြစ်ကြောင်း၊

အချုပ်ပြောရရင်တော့ အမေရိကန်တွေ လက်ရှိထရမ့်အစိုးရနဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒကို ဆန့်ကျင်ကြ၊ ဒီမိုကရက်ကို မဲထည့်ကြဆိုတာပါပဲ။ ဒီမိုကရက်နဲ့လည်း လေသံတူနေပြီး နောက်ဆုံးကောက်ရိုးတမျှင် အဖြစ် ရေးလိုက်ပုံ ရပါတယ်။

သူတို့ရေးထားတာတွေက သူတို့ရဲ့အပစ်ရပ်အဆိုပြုချက်တွေလိုပဲ အမှန်နဲ့လွဲပြီး အဆီအငေါ် အတော် မတည့်နေတာဆိုတော့ ဟာသပါပဲ။ ၁၉၇၉ မူလာတွေ အာဏာလုပြီးကတည်းက အီရန်နဲ့ သူမွေးထားတဲ့ တပည့်တွေက အမေရိကန်တွေကို သတ်ဖို့ အစဥ်တစိုက် ကြိုးစားလာတာပါ။ ကိုယ့်ပြည်သူအသက်ကို တန်ဖိုးမထားတဲ့အစိုးရက သူများပြည်သူအသက်ကို တန်ဖိုးထားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

အမေရိကန်က ကျဆင်းနေလား တိုးတက်နေလားဆိုရင် သမ္မတထရမ့်လက်ထက်မှာ အမေရိကန်က ဆင်းရဲမွဲတေမှုနှုန်း အနိမ့်ဆုံးစံချိန်နဲ့ အိမ်ထောင်စုပျှမ်းမျှ​ဝင်ငွေ အမြင့်ဆုံးစံချိန် တင်ထားပါပြီ။​

အီရန်စစ်တပ်က ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အက္ကရာမီနီယာက အီရန်ထဲကို ဝင်လာတဲ့ အမေရိကန်တပ်သားတွေကို ဖမ်းမိရင်/ သတ်နိုင်ရင် တိုမန် ၅ဘီလီယံ (ဒေါ်လာ ၂သောင်း)ပေးမယ်၊ မိန်းမက သတ်တာဆိုရင် အဲဒီ ၂ဆပေးမယ်လို့ ကြေငြာသွားပါတယ်။ အမေရိကန်က ဝင်လာလိမ့်မယ်လို့ တွက်ထားတာလား၊ ဝင်လာခဲ့လို့ သတ်နိုင်ရင်တောင် ဘာမှ တင်ပို့လို့မရလို့ ဘယ်ကမှ ဝင်ငွေမရှိနေတာ ဘယ်ကပိုက်ဆံနဲ့ ပေးကြမှာလဲ။ တယောက်ထဲ လွတ်လွတ်ကျွတ်ကျွတ် ရောက်နေတဲ့ အရိုးတွေအများကြီးကျိုးထားတဲ့ ဗိုလ်မှူးကြီးကိုတောင် ဖမ်းနိုင်ခဲ့လို့လား။

တရုပ်ပြည်မှာ အီရန်၊ ယခင်က ဗင်နီဇွဲလား စတဲ့ ဆန်ရှင်ထိနိုင်ငံတွေက ရေနံတွေကို မှောင်ခိုသင်္ဘောတွေနဲ့ သယ်ယူလာပြီး tea pot refinery ဆိုတဲ့ ရေနံချက်စက်ရုံလေးတွေမှာ ချက်လုပ်ကာ ပြည်တွင်းပြည်ပကို တင်ပို့ရောင်းချကြပါတယ်။ အခု အီရန်ဆီက ရေနံထပ်ရစရာလည်း မရှိ၊ ဗင်နီဇွဲလားရေနံကိုလည်း အမေရိကန်က စီမံနေပြီဆိုတော့ တရုပ်ပြည်က ရေနံတင်ပို့မှုတွေကို နောက်ထပ်ကြေညာချက်မထုတ်မချင်း တင်ပို့ရောင်းချခြင်းမပြုဖို့ စာထုတ်တားမြစ်လိုက်ပါတယ်။

ဩဂုတ်လတုန်းက CENTCOM က Task Force Falcon Strike ဆိုတဲ့ ဒေသတွင်းနိုင်ငံတွေ ပေါင်းပြီး လူမပါတဲ့ ဒရုန်းမျိုးစုံနဲ့ ပူးတွဲစစ်ဆင်ရေးတခုလုပ်ဖို့ စတင်ခဲ့ပါတယ်။ အဲဒီမှာ ပါဝင်တဲ့ ဒရုန်းတွေအားလုံးက တလမ်းသွား တိုက်ခိုက်ရေးဒရုန်းတွေဖြစ်ကြပြီး လေထဲ၊ မြေပြင်၊ ရေအောက် ၃နေရာစလုံးမှာ တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုကို အဲဒီမတိုင်ခင် ၉လကတည်းက ပြုလုပ်နေတာဖြစ်ပြီး အမေရိကန်တိုက်သင်္ဘော USS Santa Barbara ကနေ ဒရုန်းတွေ စမ်းသပ် ပစ်လွှတ်ခဲ့တာပါ။ ဒေသတွင်းနိုင်ငံတွေ ပါဝင်နိုင်ဖို့ US Special Operations Command Central (SOCCENT) ကနေ ဦးစီးပြီး ဖလော်ရီဒါပြည်နယ် တမ်ပါမြို့က MacDill လေတပ်စခန်းမှာ ရုံးချုပ် ထားရှိမှာ ဖြစ်ပါတယ်။

အမေရိကန်က တပ်အင်အား ၉၀၀၀ ပါဝင်တဲ့ သီအိုဒိုရုစဗဲ့ တိုက်ရေယာဥ်အုပ်စုကို အီရန်စစ်အတွက် ပို့လွှတ်ထားတဲ့အတွက် ဆန်ဒီယေးဂိုးကနေ အရှေ့အလယ်ပိုင်းကို လာရောက်နေပြီဖြစ်ပါတယ်။ နိုဝင်ဘာလနှောင်းပိုင်းမှာ အရှေ့အလယ်ပိုင်းကို ရောက်လာမှာဖြစ်လို့ မစ်တမ်းပြီးမှ အီရန်ကို ဆက်တိုက်မယ်ဆိုတာနဲ့ အချိန်ကိုက်လောက် ဖြစ်ပါလိမ့်မယ်။

အမေရိကန်နဲ့ အစ္စရေးတပ်တွေက ဧပြီတုန်းက အီရန်ရဲ့ ခရိုင် ၄ခုက တံတားနဲ့ ရထားလမ်းအတိုတချို့ကို ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ တီဟီရန်ကို လေးဖက်လေးတန်က ဝင်တဲ့လမ်းကြောင်းတွေကို ရှင်းပစ်တဲ့ သဘောပါ။ အီရန်တွေက ရက်ပိုင်းအတွင်း ပြန်ဖာတာကို တွေ့ရပါတယ်။ အသင့်လုပ်ပြီးသား ကွန်ကရစ်တုံးတွေနဲ့ ဖာတာပါ။ အစိုးရမီဒီယာက ၄၈နာရီအတွင်း ဖာပြီးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၄လအကြာမှာ တခုက ဆောက်လုပ်ဆဲပါ၊ ပြန်ပြင်လို့မရတဲ့ အခြေအနေဖြစ်လို့ တံတားအသစ်တစင်း ပြန်ဆောက်ဖို့လိုတယ်လို့ လမ်းတံတားတာဝန်ရှိသူက ဆိုပါတယ်။

Karaj နားက B-1 တံတားကြီးကကျတော့ တိုင်တွေပဲကျန်ပါတော့တယ်။ ၁၉၈၀ခုနှစ်တွေမှာ အီရတ်နဲ့ စစ်ဖြစ်တုန်းက အဲလိုတံတားကြီးတခု အဖျက်ခံရတာ ၁၀နှစ်ကြာ ပြန်ဆောက်ရပါတယ်။ ဇူလိုင်မှာကျတော့ ဟော်မုဇ်နားက Bandar Khamir ပတ်ပတ်လည်က တံတား ၄စင်းကို ဒုံးနဲ့ ခွင်းလိုက်တော့ အရှေ့နဲ့ အနောက်ကို ဆက်ထားတဲ့ ကမ်းခြေတလျောက်က လမ်းမကြီး ပြတ်သွားတာ ဘာနဲ့မှ အစားပြန်ထိုးလို့ မရအောင်ပါပဲ။ ခရုဇ်ဒုံးတစင်းကလည်း အီရန်နဲ့ ရုရှားကို ဆက်ပေးထားတဲ့ ဂိုလ်စတန်က Aq Tekeh Khan တံတားကို ဖျက်ပစ်လိုက်ပါတယ်။

အီရန်ရဲ့ ဒုံးကျည်စက်ရုံတွေ၊ ဒုံးသိုလှောင်တဲ့ လှိုဏ်ခေါင်းတွေ၊ စစ်တပ်နဲ့ IRGC စခန်းတွေ၊ အဲဒါတွေက စတီးလ်တွေ၊ ဓါတ်ဆီနဲ့ ဂျုံတွေသယ်တဲ့ ရထားလမ်း၊ အဝေးပြေးကားလမ်းတလျောက်မှာပဲ ရှိနေကြတာကို တွေ့ရပါတယ်။ အဲဒီရထားလမ်းတလျောက်မှာ ရထားဖြတ်တံတားပေါင်း ၆၇၀နဲ့ ရထားလှိုဏ်ခေါင်း ၃၈၀ရှိပြီး ကားလမ်းမကြီး ၂၅ခုတလျောက်မှာတော့ တံတားပေါင်း ၈၀၀နဲ့ လှိုဏ်ခေါင်း ၉၀ရှိပါတယ်။ အရှေ့တောင်ဖက်ကတော့ အဖြိုဖျက်ခံရရင် အစားထိုးစရာ ဘာလမ်းမှမရှိနေဘူးလို့ လန်ဒန်အခြေစိုက် အီရန်အင်တာနေရှင်နယ်က ဆိုပါတယ်။ အီရန်မှာ အကြီးစားဓါတ်အားပေးစက်ရုံ ၉၀ခန့် ရှိတော့ အဲဒါတွေကလည်း ပစ်မှတ် ဖြစ်လာနိုင်ပါတယ်။

Leave a comment