အောက်တိုဘာ ၁၂ရက် ၂၀၂၆

ဒီနေ့နံနက်စောစောမှာ ပြည်တွင်းလုံခြုံရေးဌာနက စုံစမ်းရေးအေးဂျင့်တွေဟာ မြို့တော်ဒီစီမှာရှိတဲ့ ဆိုမာလီဒုက္ခသည် တဖြစ်လဲ ဒီမိုကရက်အမတ် အီလ်ဟန်အိုမာရဲ့အိမ်ကို ရှာဖွေဝရမ်းနဲ့ သွားရောက်ရှာဖွေမှု ပြုခဲ့ပါတယ်။ အီလ်ဟန်ဟာ လူဝင်မှုနဲ့ အခွန်ကိစ္စတွေအတွက် သူ့မောင်ကို လက်ထပ်ခဲ့တဲ့ သတင်းတွေ ထွက်နှင့်ပြီးဖြစ်သလို ရီပါဘလစ်ကန်အမတ် နန်စီမေ့စ်က အီလ်ဟန်အိုမာကို အဲဒီကိစ္စတွေအတွက် ဇန်နဝါရီကတည်းက ဆင့်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အီလ်ဟန်အမေရိကန်ကို လာရောက်မယ့်အချိန်မှာ ၁၈နှစ်ကျော်လို့ ၁၉နှစ်ထဲ ရောက်နေပြီ ဖြစ်ပေမယ့် မိဘနဲ့အတူ အသက်မပြည့်သေးသူအနေနဲ့ လာရောက်နိုင်ဖို့အတွက် တကယ်မွေးတဲ့ ၁၉၈၁ကို ၁၉၈၂အဖြစ် ပြင်ဆင်ခဲ့ကြောင်း ၂၀၁၉တုန်းက တာဝန်သိပြည်သူတဦးက သတင်းပေးခဲ့ပါတယ်။ အဲဒီလိုသတင်းပေးပြီးနောက်မှာ မင်နီဆိုးတားလွှတ်တော်စာကြည့်တိုက်ရဲ့ ဝက်ဘ်ဆိုက်က သူမမွေးသက္ကရာဇ်ကို ၁၉၈၁ ကနေ ၁၉၈၂အဖြစ် ပြောင်းပစ်လိုက်ပါတယ်။ အမေရိကန်ကို လာတဲ့အချိန်က သူမအသက် ၁၈ကျော်နေပြီဆိုရင် မိဘကတဆင့် နိုင်ငံသားဖြစ်ခွင့် လျောက်ထားဖို့ အကျုံးမဝင်တော့ပဲ ဖြစ်သွားမှာပါ။

အဲဒီလိမ်လည်မှုက ၁၀နှစ်အတွင်း အမှုလုပ်စွဲချက်တင်ရမယ့်ကန့်သတ်ချက် ရှိတာကြောင့် အခုအချိန်မှ စွဲဖို့နောက်ကျသွားပြီဆိုပေမယ့် ပြင်ဆင်ထားတဲ့မွေးသက္ကရာဇ်အတုကို နိုင်ငံကူးလက်မှတ် အသစ်လဲတာ၊ ဘဏ်ချေးငွေလျောက်တာ စသည်ပြုလုပ်ခဲ့ရင် အဲဒီအချိန်ကစပြီး နောက် ၁၀နှစ်လို့ ကန့်သတ်ချက်က ပြောင်းသွားပါတယ်။ ဒါကြောင့် ရှာဖွေသူတွေက အဲဒီအတွက် အထောက်အထားတွေ ရှာကြဟန်တူတယ်လို့ ခန့်မှန်းနေကြတာပါ။

အီလ်ဟန်အိုမာရဲ့ ဖခင်ဟာလည်း လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေးဖိနှိပ်မှုနဲ့ ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်မှုနဲ့ နာမည်ကျော်တဲ့ ဆိုမာလီသမ္မတ Mohamed Siad Barre လက်အောက်က စစ်တပ်မှာ ဗိုလ်မှူးကြီး လုပ်ခဲ့သူဖြစ်ပါတယ်။

သတင်းတချို့က ခုလိုအိမ်ဝင်စီးမှုဟာ လူဝင်မှုစာရွက်စာတမ်းတွေနဲ့ ပတ်သက်တယ်လို့ ဆိုကြပေမယ့် အက်ဖ်ဘီအိုင်အရာရှိဟောင်းတဦးကတော့ အဲလိုမထင်ပါဘူး။ လဝကကိစ္စဆိုရင် DHS မှာ အထောက်အထားတွေ ရှိနှင့်ပြီးဖြစ်ဖို့များတဲ့အတွက် ခုကိစ္စက ရာဇဝတ်မှုတွေလည်း ပါနိုင်မယ်လို့ ဆိုပါတယ်။

ရှာဖွေမှုဟာ ၄နာရီကျော်လောက်ကြာပြီး ပန်းရောင် X လို့ ရေးမှတ်ထားတဲ့ အဖြူရောင်ပုံး တခု အပါအဝင် ပုံးတွေကို အစိုးရကားတွေထဲ သယ်သွားခဲ့ကြတာပါ။ ရကပက ၃ပတ်ပဲလိုတာအပြင် သူ့မဲဆန္ဒနယ်က ဆိုမာလီတွေများတဲ့အတွက် ခုလိုရှာဖွေခံရတာက ခုရကအပေါ် သက်ရောက်မှု သိပ်ရှိနိုင်မှာ မဟုတ်ပဲ ၂၀၂၈မှာတော့ ဝင်အရွေးခံဖို့သတ်မှတ်ချက်မမှီတာမျိုး ရှိကောင်း ရှိနိုင်မယ်လို့ သုံးသပ်ကြပါတယ်။

အီလ်ဟန်ကတော့ ခုကိစ္စအပေါ် သူမနှုတ်ဆိတ်နေမှာမဟုတ်ဘူးလို့ တုန့်ပြန်လိုက်ပြီး အစိုးရက တရားရေးစနစ်ကို အသုံးချပြီး တဖက်ပါတီကို နှိပ်ကွပ်နေတာလို့ စွပ်စွဲသွားပါတယ်။ အီလ်ဟန်မှာ ရာဇဝတ်မှုတွေ အထင်အရှားရှိနေတဲ့အတွက် ရှာဖွေခံရတာ မဆန်းသလို ဟိုမန်ကလည်း သူမအမှုအကြောင်းနဲ့ တခုခုဖြစ်လိမ့်မယ်လို့ ရက်သတ္တပတ်တွေအလိုထဲက ပြောထားခဲ့တာပါ။ အပြစ်မရှိတဲ့ထရမ့်အိမ်ကို မီလာနီယာရဲ့ အတွင်းခံဘီရိုတွေပါမကျန် ရှာခဲ့ကြတုန်းက ဝမ်းသာခဲ့ကြသူတွေ အခုမှ သူခိုးကလူဟစ်ပြီး အစိုးရက သူတို့ကိုနှိပ်ကွပ်ဖို့ တရားရေးကို လက်နက်အနေနဲ့ သုံးတယ်လို့ တပြန်စွပ်စွဲပါတယ်။

လက်ရှိအမတ်တဦးအိမ်ကို စီးနင်းရတဲ့ ကိစ္စဟာ များစွာသောအဟန့်အတားတွေကို ကျော်လွှားပြီးမှ လုပ်ရတဲ့ကိစ္စဖြစ်ပြီး ဒီစီက တရားသူကြီးတွေက ဒီမိုကရက်ဘက်က လိုက်ကြသူတွေ များတဲ့အတွက် အခုလို ဒီစီတရားသူကြီးက ရှာဖွေဝရမ်းအတွက် လက်မှတ်ထိုးပေးလိုက်တယ်ဆိုတာ ပေးကိုပေးရမယ့်အကြောင်း ရှိနေလို့ ဖြစ်နိုင်ပါတယ်။ နယ်ခြားရေးရာအကြီးအကဲ တောမ်ဟိုမန်က ခုလိုရှာဖွေတာဟာ ဖက်ဒရယ် စုံစမ်းစစ်ဆေးမှုတခုရဲ့ အစိတ်အပိုင်းပါလို့ ထုတ်ပြန်သွားပြီး အသေးစိတ်ကို ရှေ့နေချုပ်နဲ့ ပြည်တွင်းလုံခြုံရေးဝကတို့ကို ညွှန်သွားပါတယ်။

သူအမတ်ဖြစ်လာတဲ့ မင်နီဆိုးတားက ဆိုမာလီလိမ်လည်မှုတွေကို တိုင်းပြည်/ပြည်သူဆုံးရှုံးတဲ့ဘက်က ကာကွယ်မှု မပြုပဲ လိမ်လည်သူတွေကိုမှ အထိမခံနိုင်ဖြစ်နေတာက အီလ်ဟန်ရဲ့ ပတ်သက်နေနိုင်မှုကို သံသယဝင်စရာ ဖြစ်နေပါတယ်။ သူမပူးပေါင်းကမကထပြုခဲ့တဲ့ ၂၀၂၀ MEALS Act က ကဗကာလမှာ USDA ရဲ့ ကင်းလွတ်ခွင့်တွေကို အများကြီးကျယ်ပြန့်အောင် ပြုလုပ်ခဲ့ခြင်းဖြင့် အစားအစာပေးတဲ့ အစီအစဥ်တွေမှာ လူတွေအများကြီး ဝင်လိမ်နိုင်အောင် ဥပဒေတွေကို ဟ ပေးခဲ့တာဖြစ်ပါတယ်။

ဒီမိုကရက်အစိုးရတွေက ခိုးဝင်တွေအားပေးပြီး အစိုးရရဲ့ အထောက်အပံ့အစီအစဥ်တွေပေါ်မှာ လူတွေကို မှီခိုစေချင်တာ စေတနာကောင်းလွန်းလို့ လူသားချင်းစာနာလွန်းလို့ မဟုတ်ပါဘူး။ သူတို့အကျိုးအတွက် လုပ်တာပါ။ လိမ်လို့ရအောင် ဥပဒေကို ဟပေးထားတော့ ရာဇဝတ်မှုတွေကို ဖိတ်ခေါ်သလိုဖြစ်နေတာကလည်း ဒီမိုကရက်နဲ့ ရာဇဝတ်သားတွေ ကျွန်းကိုင်းမှီ​ ကိုင်းကျွန်းမှီ ဖြစ်နေရတဲ့ အကြောင်းရင်းတခုပါပဲ။

အခုလိုရာဇဝတ်မှုတွေကို ပြုလုပ်နေသူအများစုက အင်မိဂရန့်အုပ်စုတွေ ဖြစ်နေကြတာကလည်း ထရမ့်အစိုးရက လူဝင်မှုကို တင်းကြပ်စေရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ အဲဒါကို လူမျိုးရေး ခွဲခြားသလို ပြောကြတာက အတော့ကို လွဲတာပါပဲ။ ပြီးခဲ့တဲ့အပတ်က အမျိုးသားသိပ္ပံနဲ့ နည်းပညာ ဂုဏ်ပြုဆု ရကြသူ ၆ဦးမှာ ၅ဦးက နိုင်ငံခြားမှာမွေးတဲ့ အင်မိဂရန့်တွေဖြစ်လို့ နိုင်ငံခြားကလာတိုင်း လက်ခံ၊ ပေးကျွေးထားရမယ်ဆိုတဲ့ လော့ဂျစ်ကလည်း မဟုတ်နေပါဘူး။ အင်မိဂရန့်ချင်းတူတူ တိုင်းပြည်အကျိုးပြုရင် ချီးမြှောက်မယ်၊ ခိုး/လိမ်/လု/သတ်ဆိုရင် အရေးယူ/ ပြန်ပို့မှာပါပဲ။

အီလ်ဟန်အိုမာတို့ ဒီမိုကရက်တွေက အမေရိကတိုက်ကို တွေ့ရှိခဲ့တဲ့ ကိုလမ်ဘတ်စ်ကို သမိုင်းကနေ ဖယ်ထုတ်ပြီး ဌာနေလူတွေရဲ့နေ့လို့ ပြောင်းခေါ်ကြပါတယ်။ သူတို့က ဒီမြေဟာ လူဖြူတွေက ဒေသခံလူနီတွေဆီက ခိုးထားတဲ့မြေ၊ အဲဒါကြောင့် ဒီမှာ ဆွေစဥ်မျိုးဆက် နေနေကြသူတွေကလည်း တရားမဝင်ပါဘူးတဲ့။ အီလီးဂဲဆိုတာကို ပြန်ချေချင်တဲ့ ကလေးကွက်တွေပါ။ အဲလိုပြောခဲ့တဲ့ အီလ်ဟန်ရဲ့အိမ်ကို ကိုလမ်ဘတ်စ်နေ့မှာပဲ ရှာဖွေခံလိုက်ရတာ ဆိုတော့ မှတ်ရလွယ်သွားမှာပါ။

တကယ်တော့ ဌာနေတွေဆိုတာလည်း တချို့က သူ့နေရာလေးနဲ့သူ နေကြတာရှိသလို တချို့က ရွှေ့ပြောင်းသွားလာနေကြသူတွေပါ။ မြေနေရာအကုန်လုံးကို ပိုင်တာမဟုတ်သလို လူများစု ရောက်လာကြတဲ့ အကြောင်းရင်းဖြစ်တဲ့ တိုးတက်တဲ့ အခွင့်အလမ်းပေါတဲ့တိုင်းပြည်မို့လို့ ဆိုတာကလည်း မူလမြေမှာ ပါနေတာမဟုတ်ပါဘူး။ Settler လို့ခေါ်တဲ့ ဥရောပကနေ ပထမဆုံး အခြေလာချကြတဲ့ သူတွေကစပြီး သူတို့လာခဲ့တဲ့တိုင်းပြည်တွေက စနစ်တွေရဲ့ မကောင်းတဲ့အပိုင်းတွေ ပါမလာအောင် သေချာရေးဆွဲပြင်ဆင်ပြီး ပြည်သူနဲ့ အစိုးရ အပြန်အလှန်ထိန်းညှိနိုင်ဖို့ ပြည်သူရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို အပြည့်အဝ ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန် အခုလို ထိပ်တန်းနိုင်ငံဖြစ်လာတာ မြေတခုတည်းကြောင့်မဟုတ်တာကို သိသာစေချင်လို့ပါ။  

Leave a Reply