အသစ်ထွက်ပေါ်လာတဲ့ BAE Systems ကနေ ထုတ်လုပ်တဲ့ High Power Microwave (HPM) system လက်နက်သစ်ကြီးဟာ အုပ်လိုက်ပျံလာတဲ့ drone swarm တွေကို အလင်းရဲ့အလျင်နဲ့ ဖျက်ချနိုင်တယ်လို့ စမ်းသပ်ထားပြီးဖြစ်ကြောင်း the Association of the US Army ညီလာခံမှာ ထုတ်ပြသွားပါတယ်။ အဲဒီ HPM နဲ့တွဲပြီး သုံးရမှာက Multi-Domain Artillery Cannon Systems (MDACS) ဆိုတဲ့ kinetic စနစ်ဖြစ်ပါတယ်။ အုပ်လိုက်ကြီးပျံလာတဲ့ ဒရုန်းတွေကို ဈေးကြီးတဲ့ လေကာစနစ်တွေနဲ့ ဖျက်ချတာထက် အခုလို ဈေးချိုချိုနဲ့ ထိထိရောက်ရောက် ဖျက်ချနိုင်တာက အားရစရာပါ။
အမေရိကန်ပိတ်ဆို့မှုတွေကြားထဲကနေ အီရန်က လေယာဥ်ဆီနဲ့ (propane တို့ butane တို့ပါဝင်တဲ့) liquified petroleum gas တင်ဆောင်ထားတဲ့ သင်္ဘောတွေဟာ စက်တင်ဘာထဲမှာ မြန်မာပြည်ကို ရောက်ရှိလာခဲ့ပါတယ်။ တရုပ်ကိုခိုးထုတ်တဲ့ မှောင်ခိုသင်္ဘောတွေလိုပဲ အမေရိကန်က OEO နဲ့ လုံးဝ တင်းကြပ်မှုမပြုခင် ခိုးထွက်လိုက်နိုင်ပုံရပါတယ်။ အမေရိကန်က မြန်မာပြည်အပေါ် ၂၀၂၃ကတည်းက အရပ်သားတွေပေါ် လေကြောင်းတိုက်ခိုက်မှုတွေပြုခဲ့တယ်ဆိုပြီး လေယာဥ်ဆီဆန်ရှင်လုပ်ခဲ့ပေမယ့် အီရန်က နည်းအမျိုးမျိုးနဲ့ ခိုးပို့နေခဲ့တာပါ။ ခု OEO စကတဲက အီရန်ဆီက ဘာမှထွက်မလာတော့ဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၀ရက်က အမေရိကန်တပ်တွေက ပိတ်ဆို့မှုကို ဖောက်ဖျက်ဖို့ ကြိုးစားလာတဲ့ ပနားမားအလံတင် အီရန်ကုန်သင်္ဘောကို ပစ်ခတ်ခဲ့ပြီး အောက်တိုဘာ ၁၃နဲ့ ၁၄မှာ အီရန်လက်ချက်နဲ့ ဟော်မုဇ်ကို ဖြတ်သွားတဲ့ စင်္ကာပူအလံတင် သင်္ဘော၂စီး ဘာမှန်းမသိတဲ့လက်နက်ထိပြီး တစီး မီးလောင်နစ်မြုပ်ခဲ့ပါတယ်။ IRGC ကတော့ ရေမြှုပ်မိုင်းထိသွားပြီး ပေါက်ကွဲတာလို့ ဆိုပါတယ်။ အီရန်က ခုမှထနှောက်ယှက်တာတော့ မဟုတ်ပါဘူး။ ဖြတ်သွားတဲ့ သင်္ဘောတွေကို လှမ်းလှမ်းပစ်နေခဲ့တာပါ။ ဒါပေမယ့် ပို့သူတွေက ဗျူဟာသစ်နဲ့ သင်္ဘောအငယ်တွေ အများကြီးသုံးပြီး ဟော်မုဇ်ကိုလွန်မှ တန်ကာကြီးတွေထဲ ပြောင်းထည့်ကြလို့ အဆုံးအရှုံး သိပ်မများသလို ထွက်လာတဲ့ပမာဏကို မထိခိုက်နေခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား MBS က ဆီးရီးယားသမ္မတကို အီရန်နောက်ခံထားတဲ့ ဟူသီအကြမ်းဖက် တွေကို တိုက်ခိုက်ရာမှာပါဝင်ကူညီဖို့အတွက် ဆီးရီးယားတပ်တွေ လွှတ်ပေးဖို့ တောင်းခံထားကြောင်း သတင်းထွက်နေပါတယ်။ ဟူသီတွေက အစ္စရေး၊ အမေရိကန်တို့နဲ့ အပစ်ရပ်ကို ဆက်ထိန်းထားပေမယ့် ဆော်ဒီနဲ့ ဆော်ဒီထောက်ပံ့ထားတဲ့ ယီမင်အစိုးရတပ်တွေကိုပဲ သည်းသည်းမဲမဲ တိုက်ခိုက်နေတာပါ။
ယီမင်အစိုးရတပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးက ဟူသီစစ်သွေးကြွေတွေကို Operation Dawn of Yemen နဲ့ လေယာဥ်၊ ဒရုန်း၊ ဒုံးကျည်နဲ့ မြေပြင်တိုက်ခိုက်မှုပေါင်း ၁၇၃၂ခု ပြုလုပ်ခဲ့ရာမှာ ဟူသီ ၉၀၀ကျော်ကို ရှင်းပစ်လိုက်နိုင်သလို သူတို့ရဲ့ ရာနဲ့ချီတဲ့ ယာဥ် ယန္တရားတွေကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အီရန်က ဟူသီနဲ့ ဆော်ဒီကြား ပဋိပက္ခကို ကြားဝင်ဖြန်ဖြေပေးဖို့ ဆန္ဒရှိကြောင်း ပြသခဲ့ပေမယ့် ယီမင်အစိုးရတပ်တွေက လက်မခံပါဘူး။ အီရန်က ဟူသီတွေဆီကို လူလိုက်ပါခြင်းမရှိတဲ့ ရေငုပ်သင်္ဘောငယ်တွေနဲ့ လက်နက်တွေ ပို့ပေးနေကြောင်း တွေ့ရှိထားပေမယ့် အီရန်ကတော့ သူတို့ ဟူသီကို နောက်ခံပေးနေတာ မဟုတ်ရပါဘူးလို့ လိမ်နေဆဲပါ။
ဟူသီတွေက အီရန်ထောက်ပံ့ထားတဲ့ တော်ပိဒိုဒရုန်းလို့လည်းခေါ်တဲ့ uncrewed underwater vessels (UUVs) တွေကို အသုံးပြုပြီး ပင်လယ်နီမှာ သွားလာနေတဲ့ စစ်နဲ့ အရပ်ဖက်သင်္ဘောတွေကို နှောက်ယှက်တိုက်ခိုက်နေခဲ့တာပါ။ IRGC က မြေပြင်မှာလည်း ဒုံးတွေ ဒရုန်းတွေ လိုချင်တဲ့နေရာ သွားစေတဲ့နည်းကို ဟူသီတွေကို လေ့ကျင့်ပေးနေတာဖြစ်ပါတယ်။
ယီမင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် UAE က အီရန်နောက်ခံထားတဲ့ဟူသီတွေကို တိုက်ခိုက်နေတဲ့ ယီမင်အစိုးရတပ်တွေဆီကို ထောက်ပံ့ကြေး ပြန်ပို့ပေးဖို့ သဘောတူလိုက်ပါပြီ။ အပြန်အလှန်အားဖြင့် ဆော်ဒီကလည်း ဟူသီကိုတိုက်ခိုက်မယ့် တပ်တွေကို လေကြောင်းကာဗာ ပေးမှာ ဖြစ်ပါတယ်။
အီဂျစ်ကလည်း အီရန်တပည့်ဟူသီတွေကို တိုက်ခိုက်နေတဲ့ ဆော်ဒီဘက်က တိုက်ခိုက်ပေးဖို့အတွက် အီဂျစ်စစ်တပ်ကို စေလွှတ်ဖို့ လွှတ်တော်ကို အားချင်းအတည်ပြုချက်ထုတ်ပေးရန် တိုက်တွန်းထားပါတယ်။ မဲက မနက်ဖြန်မှခွဲမှာလို့ ဆိုပါတယ်။
ဘဏ္ဍာရေးဝက စကော့ဘက်ဆန့်က အီရတ်ကဘဏ်တခုနဲ့ ကျူးဘားက ဘဏ်တခုကို အီရန်ဆီကို ဒေါ်လာတွေ စီးဆင်းပေးနေမှုကြောင့် ဒေါ်လာစနစ်ကနေ ကန်ထုတ်လိုက်ပါပြီ။ IRGC က OEO နဲ့ ငွေကြေးအကြပ်ရိုက်နေတဲ့အတွက် သူတို့ပေးကမ်းထားတဲ့ proxy တွေဆီကနေ ပြန်တောင်းနေရတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေသလို မိန်းမနဲ့ ကလေးတွေကို လိင်ကုန်ကူးလုပ်တာ၊ ဒုက္ခသည်တွေကို ခေါင်းပုံဖြတ်တွေတာကနေ ရတဲ့အမြတ်တွေနဲ့ သူတို့ရဲ့ တော်လှန်ရေးကြီးကို ကျားကန်ထားရတယ်လို့ Jerusalem Center for Security and Foreign Affairs က သုတေသီ Ella Rosenberg က ဆိုပါတယ်။
Ella ရဲ့ အစီရင်ခံစာမှာ အီရန်က လူကုန်ကူးကွန်ယက်တွေဟာ နိုင်ငံတွင်းက မိန်းမနဲ့ ကလေးမတွေကို စုစည်းပြီး နယ်စပ်တွေဖြတ်ကျော်ကာ အီရတ်တို့ ယူအေအီးတို့အပါအဝင် ပြည်ပကို ပို့ပြီး လူကုန်ကူး (ရောင်းစား) ကြကြောင်း၊ အရာရှိတွေက လာဘ်ငွေအပြင် လိင်ကုန်ကူးတဲ့ပေါ်မှာ fees ကောက်ကြကြောင်း ဖော်ပြထားပါတယ်။ ရန်သူကိုသတ်ဖို့ဆို သားကိုယ်ပေါ်မှာတောင် ဒိုင်းနမိုက်ချိတ်ပေးဖို့ ဝန်မလေးသူတွေဆိုတော့ ခုကိစ္စဟာလည်း မဖြစ်နိုင်ဘူးလို့ မဆိုနိုင်ပါဘူး။ ငွေဖောင်းပွမှုက လိုက်မမီအောင် မြင့်နေတဲ့အပြင် ငွေဝင်ပေါက်အားလုံးလိုလို ပိတ်နေလေတော့ အားနည်းသူတွေ ချနင်းခံရတာပါပဲ။ ဒီကိစ္စကနေ အကျိုးအမြတ်ထွက်နေသူတွေကတော့ စစ်ကြာလေ ကောင်းလေများ ဖြစ်နေမလားပါ။
၁၉၇၈တုန်းက ရှားဘုရင်ကို ဖြုတ်ချခဲ့တဲ့ အစ္စလာမ္မစ်တော်လှန်ရေးဟာ ပြင်သစ်မှာ စတင်စီစဥ်ခဲ့တာဖြစ်လို့ အစ္စလာမ်ဝါဲဒကို ယုယထားခဲ့တဲ့ အနှစ် ၅၀နီးပါးအကြာ လက်ဝဲစွန်းတွေနဲ့ မိုင်းဂရန့်တွေ အားကောင်းလာတဲ့အချိန်မှာ ပြင်သစ်ကြီး ဝဋ်လည်နေပြီလားလို့ အီရန်က သုံးသပ်သူတဦးက ရေးသားထားပါတယ်။ ပြင်သစ်က ခိုမေနီကြီးကို တော်လှန်ရေးမက်ဆေ့တွေရေးဖို့ Neauphle-le-Château မှာ နေစရာပေးထားပြီး သူ့ရဲ့ထောက်ခံသူတွေနဲ့ တွေ့ဖို့ အီရန်ကိုပြန်ဖို့ စီစဥ်ဖို့ တွေကို လုပ်နိုင်အောင် ပံ့ပိုးပေးခဲ့တာပါ။
တူရ်ကီနဲ့ ရင်းနှီးတဲ့ မွတ်နိုင်ငံတခုဖြစ်တဲ့ အဇာဘိုင်ဂျန်ဝန်ကြီးအဖွဲ့က ကျောင်းဝတ်စုံတွေကို တရားဝင် သတ်မှတ်ချက်အတိုင်းပဲဝတ်ဖို့နဲ့ အဲဒီသတ်မှတ်ချက်နဲ့မကိုက်တာတွေကို ခွင့်မပြုဘူးလို့ သတ်မှတ်လိုက်ပါတယ်။ ခေါင်းမြှီးခြုံတာကို အတိအလင်း ထည့်မပြောပေမယ့် ခြုံလာရင် ပေးမဝင်တဲ့အတွက် ဆန္ဒပြမှုအချို့ ဖြစ်ပွားခဲ့ပါတယ်။ တူရ်ကီခေါင်းဆောင်ပိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ကြပေမယ့် နှစ်နိုင်ငံဆက်ဆံရေး ဆိုးသွားမှာစိုးတဲ့အတွက် တရားဝင်ရှုတ်ချတာမျိုးမလုပ်ပဲ ထိန်းထိန်းသိမ်းသိမ်း တုန့်ပြန်ခဲ့ပါတယ်။