မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တဦးပြောတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းအကြောင်း

မွတ်ဆလင် ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ Imam Mohamad Tawhidi က အီရန်မှာမွေး/ကြီးသူဆိုတော့ အီရန်မှာ တနိုင်ငံလုံး သောက်ြာနေ့တိုင်း ဗလီတိုင်းကနေရော တီဗီကနေပါ ဒက်သ်တူအစ္စရေးလို့ အမြဲမပြတ်အော်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလို ဂျူးမုန်းတီးရေးဝါဒနဲ့ ကြီးပြင်းလာခဲ့တာ ဩစတေးလျကိုရောက်ပြီး တနေ့တော့ မဲလ်ဘုန်းကနေ ရှပါတန်သွားတဲ့လမ်းမှာ ကားပျက်ပါလေရော။ အဲဒီလမ်းက ၂နာရီလောက် အနည်းလေးမောင်းရတဲ့လမ်း၊ ရောက်နေတာက ဘာနဲ့မှမနီးတဲ့နေရာ။ အဲဒါနဲ့ ကားကြုံလိုက်ဖို့ ဖြတ်သွားတဲ့ကားတွေကိုတားတာ ရာနဲချီတဲ့ကားတွေထဲ တစီးမှ ရပ်မပေးကြပါဘူး။ ညကလည်းမှောင်တော့မယ် အိမ်ကလည်းဝေးဆိုတော့ အိမ်ကို လှမ်းမခေါ်တော့ပဲ ကားပေါ်မှာပဲ ဖြစ်သလိုအိပ်ဖို့၊ မိုးလင်းမှ အနီးဆုံးမြို့ကို လမ်းလျောက်ဖို့ စဥ်းစားထားတာပါ။

အဲဒီမှာ ကားတစီးက လာရပ်ပါတယ်၊ ကားမောင်းသူရဲ့ ဝတ်စားသွင်ပြင်အရ ရှေးရိုးဂျူးမှန်းသိသာတာနဲ့ ခပ်မာမာပဲ ငြင်းလိုက်ပါတယ်။ အဲဒီလူက ထွက်မသွားပါဘူး။ မင်းအဆင်ပြေလားလို့ မေးပါတယ်။ တော်ဟီဒီက လက်နဲ့သွားဖို့ပြ ပါးစပ်ကလည်း သွား သွားဆိုလည်း မသွားပဲ ပေကပ်နေရာကနေ ပြောလွန်းတော့ ကားမောင်းထွက်သွားခဲ့ပါတယ်။ တော်တော်လှမ်းလှမ်းရောက်မှ တဖြည်းဖြည်း နောက်ပြန်ဆုတ်လာပြီး သူ့ကားနဲ့ခပ်လှမ်းလှမ်းမှာ ရပ်ထားပြီး ကားထဲမှာပဲ နေနေပါတယ်။

အဲဒီလူက ဇွဲကောင်းလွန်းတဲ့လူဖြစ်တာတကြောင်း၊ သူကလည်း ကားထဲမှာထိုင်ရင်း ပိန်းပိတ်အောင် မှောင်တဲ့နေရာမှာ ဖုန်းအားကုန်သွားရင် ဒုက္ခရောက်မှာကို သဘောပေါက်လာတာတကြောင်းနဲ့ အဲဒီဂျူးကို ကားမီးနဲ့ အချက်ပြ၊ မီးရောင်ထဲမှာ လက်ယပ်လှမ်းခေါ်လိုက်ပါတယ်။ ဟိုလူက ကားဆုတ်လာပြီး အနားရောက်မှ ငါ့ကား ဘာဖြစ်မှန်းမသိဘူးလို့ ပြောပြလိုက်ပါတယ်။ ဟိုလူက ဟုတ်ပြီ၊ မင်းကို အနီးဆုံး မြို့မှာ ချပေးမယ်လို့ ပြောခဲ့လို့ ပစ္စည်းတွေယူပြီး အနောက်မှာဝင်ထိုင် လိုက်ခဲ့ပေမယ့် စကားတခွန်းမှ ထပ်မပြောခဲ့ကြပါဘူး။ သူ့ကို အနီးဆုံးမြို့လေးက မိုတယ်တခုမှာ ချပေးခဲ့ပြီး ဆက်ထွက်သွားခဲ့ပါတယ်။

တော်ဟီဒီက မနက်ကျမှ သူ့ကားရှိရာကို ပြန်လာတဲ့အခါ လမ်းခရီးက မနီးလှ မလွယ်လှတာကို သဘောပေါက်သွားတာကြောင့် အဲဒီကျမှ ထိုလူကို ကျေးဇူတင်နေမိပြီး ရိုင်းပြခဲ့မိတာကို နောင်တရနေခဲ့တာပါ။ ဟိုလူက သူ့ဆီက ဘာတခုမှ ပြန်ရဖို့မမျှော်လင့်ပဲ ကူညီပေးနိုင်ဖို့သာ ကြိုးစားခဲ့တာပါ။ သူ့အိမ်ကိုတော့ ဂျူးကကူညီလို့ ဟိုတယ်မှာနွေးနွေးထွေးထွေးအိပ်ရတယ်လို့ ပြန်မပြောပြခဲ့ပါဘူး။

အဲဒီအဖြစ်က သူကို ဂျူးတွေကို အသားလွတ်မုန်းတီးနေရတဲ့အကြောင်း ကို ပြန်စဥ်းစားမိစေခဲ့ပြီး ဂျူးမုန်းတီးမှုကို ရပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်း ဂျူးအသိုင်းအဝိုင်းတွေနဲ့ ကူးလူးဆက်ဆံမိတဲ့ အခါမှာတော့ ချစ်ကိုသွားတော့တာပါပဲ။ သူတို့က လူတွေကို လူတွေလိုပဲ ဆက်ဆံတယ်လေ။ ထိုလူရဲ့ ကြီးမြတ်တဲ့နှလုံးသားက သူ့ကို ပိုကောင်းတဲ့လူတယောက်အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး သူသွားနေကျ မဲလ်ဘုန်း-ရှပါတန်လမ်းမှာလူတွေ ကားပျက်လို့ ဒုက္ခရောက်နေတိုင်း အမြဲ မပျက်မကွက်ရပ်ပေးပြီး အတတ်နိုင်ဆုံး ကူညီပေးခဲ့ကြောင်း ပြောသွားပါတယ်။

တော်ဟီဒီက အီရန်မှာ မက္ကာလည်းမရှိ၊ မဒီနာလည်းမရှိပဲနဲ့ ဘာလို့မွတ်တွေရဲ့ ချန်ပီယံကြီးအဖြစ် ပုံဖမ်းနေတာလဲဆိုတော့ သူတို့မှာ ဝိသေသ အထူးမရှိတဲ့အတွက် အဲဒီ identity အတွက် လုပ်နေတာပါလို့ သူ့အမြင်ကို ချပြသွားပါတယ်။ ပါးရှားခေတ်က ယဥ်ကျေးမှုအထင်အရှား စီးပွားရေးထိပ်တန်း ရှိခဲ့တာဖြစ်တော့ အဲဒီတုန်းက အီရန်က ဆရာကြီးပါ။ မူလာတွေတက်ပြီးနောက် ရှီယားတွေကြီးစိုးတဲ့ မွတ်လောကမှာ ဆရာကြီးဖြစ်ချင်တော့ အခုလိုအကြမ်းဖက်တွေကို မြှောက်ပေးမှ ဖြစ်မယ်လို့ တွေးမိပုံရပါတယ်။ ဂျူးတွေက နိုင်ငံလည်းသေး၊ လူဦးရေလည်းနဲတော့ လျော့တွက်ခဲ့ပုံပါပဲ။

ဟိုးတုန်းက အစ္စလာမ်ပြန့်ပွားအောင်လုပ်တာက အင်အားနဲ့တိုက်ခိုက်ကြတာပါ။ မွတ်တဦးက “အဲဒီလို တခြားနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်တိုင်း အဲဒီကလူတွေကို သတ်ပစ်ရတယ်လို့ လူတွေက ထင်ကြတယ်၊ မဟုတ်ပါဘူး၊ သိမ်းပြီးရင် ရွေးစရာ ၂ခုပေးပါတယ်၊ တခုက အစ္စလာမ်အဖြစ်  ဘာသာပြောင်းဖို့ပါ၊ မပြောင်းချင်ဘူးဆိုရင် အခွန်ကောက်ပါတယ်။ အဲဒီ၂ခုလုံးကို လက်မခံတော့မှ ရှင်းပစ်ရတာပါ”လို့ သူတို့ဘာသာမှာ ပါတဲ့အတိုင်း ရှင်းပြသွားပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ် အစ္စလာမ္မစ်တော်လှန်ရေး မတိုင်ခင်အထိက အစ္စရေးနဲ့ အီရန်အပါအဝင် တခြားမွတ်နိုင်ငံတွေအားလုံး ပြေပြေလည်လည်ပဲလို့ တော်ဟီဒီက ဆိုပါတယ်။

တကယ်တော့ ၁၉၁၄လောက်တုန်းက အရှေ့အလယ်ပိုင်းရဲ့မြေပုံက ခုနဲ့ တခြားစီပါ။ အီဂျစ်နဲ့ ပါးရှား(အီရန်)လောက်ပဲ အရင်အတိုင်းနီးနီးဖြစ်ပြီး အများစုက အော်တိုမန်အင်ပါယာ၊ ဗြိတိသျှနဲ့ ရုရှားဩဇာလွှမ်းခဲ့ကြတာပါ။ ခုနိုင်ငံတွေက ၁၉၂၀-၃၀-၄၀ လောက်ကျမှ ပေါ်လာကြတာပါ။ အီရန်မှာ ပြင်သစ်နဲ့ အနောက်ကမ္ဘာက မြှောက်ပေးထားတဲ့ မူလာတွေတက်လာပြီးနောက်ပိုင်းမှာ ဟာမာ့စ်တွေ ဟဇ်ဘိုလာတွေ ဟူသီကိုမွေးမြူထောက်ပံ့ကာ The British Mandate for Palestine နဲ့ ဂျော်ဒန်မြစ် အနောက်ဖက်မှာ နေရာချထားခံရပြီး ဂျော်ဒန်နိုင်ငံသား ဖြစ်နေတဲ့ ပါလက်စ်တိုင်းတွေကို မြှောက်ပေးပြီး အစ္စရေးကို ဒုက္ခပေးဖို့ ပလန်ချပါတယ်။

တော်ဟီဒီက အီရန်ဟာ identity အတွက် အဲဒီလိုလုပ်နေတာက အကြမ်းဖက်လုံးလုံးဖြစ်သွားခဲ့တဲ့ အကြောင်းရင်းဖြစ်လို့ အဲဒီအစ္စလာမ္မစ်အစိုးရနဲ့ ဘာသဘောတူညီချက်မှလုပ်ဖို့ စိတ်မချရ၊ မယုံကြည်ရကြောင်း ပြောသွားပါတယ်။

အစ္စရေး ပါလက်စတိုင်းကိစ္စနဲ့ပတ်သက်လို့ တော်ဟီဒီက ဒီနေရာဟာ Abraham’s faiths တွေဖြစ်ကြတဲ့ Judaism, Christianity နဲ့ Islam တို့ဟာ တဦးနဲ့တဦး တဘာသာနဲ့တဘာသာ ဘာမှ အငြင်းပွား ရန်ထောင်နေစရာ အကြောင်းမရှိဘူးလို့ ယုံကြည်ပါတယ်။ မက္ကာမှာရှိတဲ့ Kaaba ဟာလည်း Abraham  နဲ့ သူ့သား Ishmael တို့နဲ့ ဆက်စပ်နေတဲ့ သမိုင်းကြောင်းရှိခဲ့တာပါ။ သူတို့ဆုတောင်း/ရှိခိုးရင် ဂျေရုစလင်ကို ဦးတိုက်ရတယ်ဆိုတာကလည်း ဒီဘာသာ ၃ခုလုံးက Abraham မှာအခြေခံလို့ ဖြစ်ကြောင်း၊  အဲဒီ ၃ခုထဲမှာမှ မိုးဆက်က အရင်ဆုံးပေါ်တာ၊ အဲဒီနောက်မှ ယေရှု၊ အစ္စလာမ်က နောက်ဆုံးမှ ပေါ်လာခဲ့တာဖြစ်လို့ ဂျေရုဆလင်ဟာ ဂျူးတွေနဲ့ ပိုဆိုင်ကြောင်း၊ တမန်တော်က ပါလက်စ်တိုင်းကို သွားခဲ့တယ်ဆိုတဲ့ မှတ်တမ်းလည်း မရှိကြောင်း၊ ဂျေရုဆလင်နဲ့ မွတ်စလင်နဲ့ ဘာမှ မပတ်သက်ကြောင်း၊ သူတို့ ဘာသာက occupied land မှာ ဝတ်ပြုခွင့်မရှိတဲ့အတွက် အဲဒီမှာ ဗလီသွားဆောက်တာဟာ သူတို့ဘာသာရဲ့ မူရင်းယုံကြည်ချက်တွေနဲ့ ကွဲလွဲနေကြောင်း၊

ရာဇဝင်ထဲက ပါလက်စ်တိုင်းဆိုတာက အခုဂျော်ဒန်ကလာတဲ့လူတွေကို ပြောတာမဟုတ်ပဲ အဲဒီဒေသက ဂျူးတွေ ခရစ်ယာန်တွေက ဆင်းသက်လာသူတွေကို ပြောတာဖြစ်ကြောင်း၊ အဲဒီလူတွေက အကြောင်းကြောင်းကြောင့် အစ္စလာမ်ဘာသာကို ကူးပြောင်းလာရင်တောင် ပါလက်စ်တိုင်းဒေသရဲ့ identity က ပြောင်းသွားမှာမဟုတ်ကြောင်း၊ အစ္စရေးက သူ့မြေပေါ်မှာ နိုင်ငံတည်ထားတာ ဘာမှ မမှားကြောင်း၊ သူ့တို့နဲ့ ယုံကြည်ချက်မတူသူကိုလည်း လက်ခံကြိုဆိုကြောင်း၊ သဘောကွဲလွဲရင်တောင် အတိုက်အခံအဖြစ် နေသွားလို့ရကြောင်း၊ အကြမ်းဖက်စရာမလိုကြောင်း၊ လုပ်ရပ်ကိုပဲကြည့်ရင် လက်ရှိပါလက်စ်တိုင်းတွေက အပြုသဘောထွက်တာ မရှိပဲ ဟာမာ့စ်တို့ ဟဇ်ဘိုလာတို့လို အကြမ်းဖက်တွေပဲ ထွက်တာဖြစ်ကြောင်းများ ရှင်းလင်းပြောကြားသွားပါတယ်။

အခု အနောက်ကမ္ဘာက ဆန္ဒပြမှုတွေအားလုံးလိုလိုရဲ့ ခေါင်းစည်းဖြစ်နေတဲ့ ဖရီးပါလက်စ်တိုင်းဆိုတဲ့ ဂါဇာကမ်းမြှောင်ကို ၂၀၀၅အထိ အစ္စရေးကအုပ်ချုပ်နေခဲ့တာပါ။ အဲဒီမှာနေနေတဲ့ ဂျူး ၈၀၀၀-၉၀၀၀လောက်ရော IDF ရောကို ဖယ်ပေးခဲ့တာ သမိုင်းအမှန်ပါ။ အဲဒီတုန်းက ဘယ်သူနဲ့မှ ဆွေးနွေးရမယ့်သူမရှိ၊ ယာဆာအာရာဖတ်ကိုလည်း မယုံတော့ လိပ်ခဲတည်းလည်းအခြေအနေဟာ အန္တရာယ်ရှိတယ်လို့ ယူဆပြီး  ဒီတိုင်းပဲ တဖက်သတ် ဆုတ်ခွာပေးခဲ့တာပါ။ ဆုတ်ခွာပေးတာက အဖြေမဟုတ်ဘူးဆိုတာ နောက်ပိုင်းဖြစ်ရပ်တွေက သက်သေပြနေတဲ့အချိန်မှာ ဖရီးပါလက်စ်တိုင်း ဆိုတာက အတော်လေးလွဲနေပါတယ်။

Michael Schwartz - The Michael Schwartz Firm | LinkedIn

Leave a Reply