လေယာဥ်ဆီ မှောင်ခိုခြင်း အနုပညာ

ဒီဇင်ဘာ ၂၀၂၅တုန်းက အမေရိကန်က ဆန်ရှင်လုပ်ထားတဲ့ ဂီနီအလံတင် ရေနံတင်သင်္ဘော Reef ဟာ မြန်မာရေပြင်ကို လေယာဥ်ဆီ ၁၁၃,၀၀၀ စည်သယ်ဆောင်လာခဲ့ပါတယ်။ အရောင်းအဝယ် စာရွက်စာတမ်းတွေကလည်း အတုတွေပါပဲ။ မြန်မာပြည်အခြေစိုက် စွမ်းအင်ပွဲစား Dynamic Wave က ထိုင်းရဲ့ Tawan-Oil Trading နံမည်ယူပြီး တောင်အာဖရိကက အလားတူပမာဏရှိတဲ့ ဒီဇယ်ဝယ်သလိုလိုနဲ့ မှာယူခဲ့တာပါ။ အဲဒီ ၁၅.၈သန်းဖိုးသဘောတူညီချက်က ပုံမှားရိုက်တာပါ။ တောင်အာဖရိကနဲ့ မြန်မာကြားမှာ ၂၀၂၅အတွင်း ဘာအရောင်းအဝယ်မှ မရှိခဲ့ပါဘူးလို့ UN နဲ့ Vortexa လို့ခေါ်တဲ့ shipping and energy data provider ရဲ့ ဒေတာတွေကို ကိုးကားပြီး ရိုက်တာက ဖော်ပြထားပါတယ်။

အီရန်အပေါ်ဆန်ရှင်ရော မြန်မာအပေါ် လေယာဥ်ဆီအရောင်းတားမြစ်ထားတဲ့ဆန်ရှင်ပါ နှစ်ထပ်ကွမ်း ချိုးဖောက်တာ ဖြစ်နေပါတယ်။ မြန်မာပြည်ကို Reef ရောက်သွားတာကိုတော့ SynMax Intelligence က ဂြိုလ်တုပုံရိပ်တွေနဲ့ သုံးသပ်ချက်တွေက တွေ့ရှိခဲ့တာပါ။ သင်္ဘောလမ်းကြောင်းကို နောက်ယောင်ခံကြည့်တော့ အီရန်ရဲ့ Bandar Abbas ကနေ စလာတာကို တွေ့ရပါတယ်။

အဲဒီကိစ္စမှာ မြန်မာပြည်ရဲ့ စစ်အစိုးရလည်း ပတ်သက်နေတယ်လို့လည်း ဆိုထားပါတယ်။ မြန်မာပြည်က foreign exchange regulator က Dynamic Wave ရဲ့ ဖောက်သည်ကို သွင်းကုန်အတွက် စာရွက်စာတမ်းတွေမှာ ဒီဇယ်လို့ပဲ ဖော်ပြမယ်လို့ ပြောခဲ့ကြောင်း အေဂျင်စီရဲ့ နိုဝင်ဘာ ၃၀ကစာကို ရိုက်တာက မြင်ခဲ့တဲ့အတိုင်း ပြန်ဖောက်သည်ချထားပါတယ်။ အဲဒီစာကို Justice for Myanmar က ရိုက်တာကို ပေးခဲ့တာပါ။

Dynamic Wave ရဲ့ လေယာဥ်ဆီဝယ်ယူတဲ့ဖောက်သည်က မြန်မာစစ်အစိုးရက တစိတ်တပိုင်းပိုင်တဲ့ National Energy Prime Aviation Services Company ဖြစ်ပြီး အဲဒီဆီဖိုးကို Tawan ကို Siam Commercial Bank ကတဆင့် ပေးရမှာဖြစ်ပါတယ်။ SCB က ထိုင်းမှာသက်တမ်းအရင့်ဆုံးဘဏ်ဖြစ်ပြီး မြန်မာစစ်အစိုးရရဲ့ ဝယ်ယူရေးကိစ္စတော်တော်များများကို အဆင်ပြေအောင် လုပ်ဆောင်ပေးနေတာပါ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ရိုက်တာရဲ့ မေးခွန်းတွေကို မြန်မာဘက်ကရော အီရန်ဘက်ကပါ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

အောက်တိုဘာ ၂၀၂၄ကနေ ဒီဇင်ဘာ ၂၀၂၅အတွင်း မြန်မာပြည်ကို ပို့တဲ့ လေယာဥ်ဆီတွေကို Reef နဲ့သယ်တာများပါတယ်။ အဲဒီအအခုတော့ ဆန်ရှင်ရှောင်ရာမှာ သုံးနေကျနည်းအဖြစ် Reef ကို Maris and Noble လို့ နာမည်ပြောင်းထားပြီလို့ ဇန်နဝါရီမှာထွက်တဲ့ ရိုက်တာရီပို့မှာ ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ ဆန်ရှင်ကိုရှောင်ဖို့ အဆင့်ဆင့်သွားရတာ ပိုမိုခက်ခဲကြန့်ကြာပေမယ့် လေယာဥ်ဆီကတော့ အဲဒီတုန်းကအထိ စီးဆင်းနေခဲ့တာဖြစ်ပါတယ်။

ရိုက်တာရဲ့ ရီပို့ထွက်လာပြီး SCB က သူတို့က ငွေဖြူဖွတ်ဆန့်ကျင်တဲ့ဥပဒေတွေကို လိုက်နာကြောင်း၊ မြန်မာနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူတွေဟာလည်း တရားဝင်ဖြစ်ပြီး လက်နက်မှောင်ခိုမှုနဲ့ မပတ်သက်ကြောင်း ဖြေရှင်းသွားပါတယ်။ ဒါပေမယ့် သူတို့က Tawan တကယ်ဘာလုပ်နေတာ သိ/မသိ ရိုက်တာက မပြောတတ်ဘူးလို့ ဆိုပါတယ်။ ၂၀၂၄တုန်းကတော့ ထိုင်းဥပဒေပြုသူတွေက ဘဏ်တွေကို မြန်မာနဲ့ပတ်သက်ပြီး ဆန်ရှင်တွေနဲ့ ငွေဖြူဖွတ်ဆန့်ကျင်တဲ့ ဥပဒေတွေကို လိုက်နာဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

Tawan နဲ့ ဘယ်လိုဆက်ဆံရေးရှိတယ်ဆိုတာကို အကြိမ်ကြိမ်မေးခဲ့ပေမယ့် SCB က အကြောင်းပြန်မှု မရှိခဲ့သလို Tawan ရော ထိုင်းရဲ့ financial industry ကို ကြီးကြပ်နေတဲ့ Bank of Thailand ရောကလည်း ရိုက်တာရဲ့ မေးခွန်းတွေကို ဖြေကြားခြင်း မရှိကြပါဘူး။

ဒီဇင်ဘာတုန်းက အီရန်ဆီက လေယာဥ်ဆီရောက်လာတာဟာ ပထမဆုံးမဟုတ်ပါဘူး။ Dynamic Wave က ၂၀၂၅ မေလတုန်းကလည်း Tawan ကနေတဆင့် ၂၀၂,၀၀၀စည်ဝယ်ယူဖို့ ဒုတိယစာချုပ် ချုပ်ခဲ့ပါသေးတယ်။ အဲဒီစာချုပ်တွေကို စစ်အစိုးရရဲ့ ဆာဗာထဲကနေ ရလာတာလို့ ဆိုပါတယ်။ အဲဒီစာချုပ်အရ တလအတွင်း “ဒီဇယ်” ရန်ကုန်ကိုရောက်လာဖို့နဲ့ Dynamic Wave က Tawan ရဲ့ SCB အကောင့်ကို ၂၆သန်းပေးဖို့ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ တကယ်ပါလာတာက ဒီဇယ်မဟုတ်ပဲ လေယာဥ်ဆီဆိုတာကို ဘယ်လိုသိသလဲ ဆိုတော့ သိပ်သည်းမှုခြင်း မတူလို့ဖြစ်ပါတယ်။ သင်္ဘောပေါ် ပါလာတဲ့ဆီရဲ့ သိပ်သည်းမှုက ဒီဇယ်နဲ့မတူပဲ လေယာဥ်ဆီနဲ့ တူနေတာလို့ Washington State University က jet-fuel expert Joshua Heyne နဲ့ Platts ရဲ့ ဒေတာတွေက ပြနေပါတယ်။ နောက်တချက်က အဲဒီကန်ထရိုက်ထဲက ဒီဇယ်ဈေးက ကမ္ဘာ့ဒီဇယ်ဈေးထက် ၅၀% ပိုများနေတာဖြစ်ပါတယ်။

အဲဒီမေလ shipment က ဇွန်လ ၁၇မှာ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ လာတာက Bandar Abbas ကပါပဲ။ အဲဒီကနေ ဘင်္ဂလာဒက်ရှ်က ချစ်တကောင်းကို အသွားပြထားခဲ့တာပါ။ SynMax ရဲ့ ဂြိုလ်တုပုံတွေ လမ်းကြောင်းသုံးသပ်ချက်တွေအရ ဒီနှစ်ထဲမှာလည်း မြန်မာစစ်အစိုးရဟာ အီရန်ဆီက လေယာဥ်ဆီ ထပ်မံဝယ်ယူခဲ့ကြောင်း တွေ့ရှိရတယ်လို့ ရိုက်တာက ဒီလထဲမှာ ရီပို့ထွက်ထားပါတယ်။ အဲဒီလို လေယာဥ်ဆီ ဝယ်ယူမှုက မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေကြောင်း ရိုက်တာက သုံးသပ်ထားပါတယ်။

Leave a Reply